သူ… ဆယ်တန်းဖြေသည့်နှစ်မှာပင် ဦးလေး၏ ဇနီး ဆုံးပါးသွားသည်။ ဦးလေးသည် ပို၍ စကားနည်းကာ ပို၍ဆေးတံသောက်လာသည်။ မင်းဝေလည်း ဆယ်တန်းအောင်၍ တက္ကသိုလ်ရောက်လာသည်။ ဒဿနိကဗေဒ ယူသည်။ တတိယနှစ်ဝက်အရောက်တွင် သူ့သဘောနှင့်သူ ကျောင်းထွက်ပစ်လိုက်၏။ ဦးလေးကိုတော့ “ကျောင်းမနေချင်တော့ဘူး” ဟု အကြောင်းပြသည်။
သို့ဖြင့်… ဘဝတွင်။
မော်တော်ဆိုင်ကယ်တစ်စီးနှင့် သူ့အလိုပါသော ကောင်မလေးများကို တစ်ယောက်ပြီးတစ်ယောက် နောက်က တင်စီးကာ မြို့အနှံ့လည်၏။ ဟိုတယ်မျိုးစုံမှာ အကောင်းစားအရက်မျိုးစုံကို သောက်မူး၏။ တစ်နေ့တည်း လေးပွဲဆက် ရုပ်ရှင်ကြည့်၏။ တစ်ခါတစ်ရံတော့ တစ်ပတ်လုံး အပြင်မထွက်ဘဲ အခန်းအောင်းကာ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ပြောင်းဖတ်နေသည်။ တစ်အုပ်မကုန်ခင် နောက်တစ်အုပ်ဖတ်၏။ (အပျော်ဖတ်စာအုပ်များ မဟုတ်ပါ) ဘယ်စာအုပ်ကမှ အဆုံးထိဖတ်ဖြစ်အောင် သူ့ကို မဆွဲဆောင်နိုင်။ သူ့ခုတင်ဘေးပတ်ပတ်လည် ကြမ်းပြင်ပေါ်တွင် လွှင့်ပစ်ထားသော စာအုပ်များနှင့် စီးကရက်တိုများ ပြန့်ကျဲပွရှုပ်နေသည်။
သူ တစ်ခုခုကို ရှာနေမှန်းတော့ သူ့ကိုယ်သူသိသည်။ သို့သော်… ဘာကို ရှာနေမှန်းတော့မသိ။ သေချာတာတစ်ခုတော့ရှိသည်။ သူရှာဖွေနေသော အရာသည် သူတွဲခဲ့သော ကောင်မလေးတွေဆီမှာလည်းမရှိ။ ရောင်စုံအရက်ထဲမှာလည်း မရှိ။ ရုပ်ရှင်ရုံထဲမှာလည်း မရှိ။ နောက်ဆုံး စာအုပ်များထဲတွင် ရှိမည်ဟု ထင်ရသော်လည်း မရှိ။ သို့ဖြင့် သူ ဘာမှမလုပ်ဘဲ နေပြန်သည်။ အရက်နှင့်စီးကရက် မသောက်တော့ဘဲ၊ ရုပ်ရှင်မကြည့်ဘဲ၊ ကောင်မလေးတွေနှင့်မတွဲဘဲ၊ နောက်ဆုံးစာပင်မဖတ်ဘဲ နေသည်။
သူ့ဦးလေးက “မင်း ဘာလုပ်ချင်သလ” ဟု မေးသည်။ “ကျွန်တော် ပျော်ရွှင်ချင်တာ ထင်တာပဲ” ဟု သူက မသေမချာ ဖြေ၏။ သူ့ဦးလေးက ဆေးတံကိုကိုက်ကာ အတော်ကြာအောင် ငြိမ်သက်နေပြီးမှ “ပျော်ရွှင်မှု… ဟုတ်လား” ဟု အခုမှ မိုးပေါ်က ကျလာသော စကားလုံးတစ်လုံးကို တွေ့လိုက်ရသလို အထိတ်တလန့် ရေရွတ်ရင်း “မင်းပြောမှ ငါသတိထားမိတယ်၊ ငါတော့ အဲဒါကို မရှာခဲ့ပါဘူးကွာ” ဟု ဆိုသည်။အတန်ကြာအောင် ဆိတ်ငြိမ်စွာ တွေးတောဟန် ပြုနေပြီးမှ…
“ငါ.. စာသင်တယ်၊ မိန်းမယူတယ်၊ တစ်ခါတလေ ရယ်မောတယ်၊ ကလေးတစ်ယောက် ရခဲ့တယ်၊ မျက်စိမှုန်လာတယ်၊ ထမင်းစားကောင်းတဲ့အခါ ကျေနပ်တယ်… အဲ.. ဒါပါပဲ၊ တကယ်တော့ ဘဝဆိုတာ ဒီလောက်ပါပဲကွာ” ဟု ပြောရင်း မီးသေနေသော ဆေးတံကို မီးညှိသည်။ တစ်ဖွာ နှစ်ဖွာ ရှိုက်လိုက်ပြီးမှ… လေသံခပ်တိုးတိုးဖြင့်…
“မင်း အခု အဲဒါကိုတွေ့ပြီလား”
ဦးလေးသည် ပျော်ရွှင်မှုဆိုသော စကားလုံးကို နှုတ်မှထွက်ရမှာ ဝန်လေးဟန်ရှိသည်။ ဦးလေးအကြောင်း သူ ကောင်းကောင်းသိသည်။ ဦးလေးသည် အသက်ခြောက်ဆယ်နား နီးနေပြီဖြစ်သည့်အတိုင်း လက်ဖက်ရည်ဆိုင်တွင် တစ်ခါမှ ထိုင်သောက်ဖူးသူ မဟုတ်ချေ။ မင်းဝေက…
“တခြားသူတွေအတွက် ပျော်စရာလို့ ဆိုကြတဲ့ ကိစ္စတွေ အားလုံးလိုကို ကျွန်တော် အကုန်လျှောက်လုပ်ကြည့်တယ်၊ ပျော်သလိုလိုရှိတယ်လို့တော့ ထင်စရာပဲ၊ ဒါပေမယ့် အဲဒါဟာလည်း ကျွန်တော်လိုချင်တာ မဟုတ်ဘူးဆိုတာ သိလာပြန်တယ်”
“ဆေးပညာ ရှုထောင့်က ပြောရရင် အကောင်းဆုံးကတော့ မင်းစိတ်ရောဂါကု ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ကြည့်သင့်တယ် ထင်တာပဲ”
ဦးလေးက အတည်ပြောခြင်းဖြစ်ဟန်တူသော်လည်း သူက ပြုံးနေခဲ့သည်။ ဤကိစ္စကိုပင် သူ့မိတ်ဆွေ ဘုန်းမြင့်နှင့် ဆွေးနွေးမိတော့…
“ပျော်စရာရှာတယ်ဆိုတာ လူပေါ့လူသွမ်းတွေ အလုပ်ပါဗျာ၊ ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်မရှိလှပါဘူး။ လေးနက်တဲ့ ခံစားမှုတစ်ခုလဲ မဟုတ်ပါဘူး၊ အနှစ်သာရလည်း ကင်းမဲ့ပါတယ်၊ ပျော်ရွှင်ခြင်းဆိုတာ အေးစက်တယ်။ ဒါပေမယ့် ခင်ဗျားကိုလောင်ကျွမ်းမယ်၊ ကျွန်တော်ကတော့ လူတွေဟာ ငြိမ်သက်တည်ကြည်မှုကိုသာ ရှာဖွေသင့်တယ်ထင်ပါတယ်…”
အဲဒီကိစ္စများမှာ သူကျောင်းကထွက်ပြီးစ ကာလများက ဖြစ်ခဲ့သည်။ သည်တုန်းက သူလည်း ယခုနေထိုင်သော လေးထပ်တိုက် ခေါင်မိုးပေါ်မှ အခန်းကလေးသို့ မရောက်သေး။ ဦးလေးတို့နှင့်အတူ ပါရမီက တစ်ထပ်တိုက်ကလေးမှာပင် နေထိုင်နေသေးသည်။ သူ့အစ်ကို (ဝမ်းကွဲ) အောင်ဖေညွန့်ကတော့ “မင်းစိတ်လေနေတယ် ထင်တယ်၊ အလုပ်တစ်ခု ဝင်လုပ်ကွာ” ဟု ပြောရင်း သူ အလုပ်လုပ်နေသော မြို့လယ် ရုံးကြီးတစ်ရုံးတွင် အလုပ်သွင်းပေးခဲ့၏။ အလုပ်ဝင်ပြီး တစ်နှစ်မပြည့်မီ အလုပ်ကို မငြီးငွေ့ဘဲ စာရေးဘဝကို ငြီးငွေ့လာကာ ခွင့်လည်းမတင် အလုပ်လည်းမဆင်းဘဲ နေလိုက်သဖြင့် သူ အလုပ်ပြုတ်သွားသည်။ ဤကိစ္စအတွက် သူ့အစ်ကိုက သူ့ကို စိတ်ခုကာ တစ်လခန့် မခေါ်မပြောဘဲ နေလေသည်။
သူ့ဦးလေးကတော့ ဆေးတံ တစ်အိုးပြီးတစ်အိုး ဖွာကာနေသည်။ သို့မဟုတ် ဆေးပညာစာအုပ်အထူကြီးတစ်အုပ်ကို တစ်နေ့လုံး မပျင်းမရိ ထိုင်ဖတ်နေသည်။
စိတ်ပြေသွားသောအခါ သူ့အစ်ကိုက အလှမ်းဝေးသော သူတို့အမျိုးထဲမှ ဘွဲ့ရမိန်းကလေးတစ်ဦးနှင့် သူ့ကို ပေးစားရန် ကြံစည်သည်။ ထိုမိန်းကလေးကို သူ ငါးနှစ်သမီးအရွယ်ကတည်းက စသိခဲ့၏။ အိမ်မြှောင်ကို မြင်ရုံနှင့် ဆရာဝန်ခေါ်ကုရသော၊ သစ်ရွက်လေတိုးတိုင်း လန့်ဖျပ်နေတတ်သည့် ဖြူရော်ရော် ပိန်ကပ်ကပ်ကောင်မလေးဖြစ်သည်။ သူ့အစ်ကို စကားဆုံးသည်နှင့် ဟက်ဟက်ပက်ပက် မရယ်စဖူး ရယ်သည်။ သူ့အစ်ကိုက မျက်နှာကြီးနီကာ စိတ်ဆိုး၏။ ဦးလေးကတော့ သူ့ကို တစ်ချက်ငဲ့စောင်းကြည့်ကာ “သူများသားသမီးကို ဒုက္ခမပေးပါနဲ့ကွာ” ဟုသာ မှန်ကန်သော မှတ်ချက်ချခဲ့၏။
သုံးရာသီလုံး ဆွယ်တာမချွတ်ရသော ထိုသတို့သမီးလောင်းကို သူ မယူသောအခါ သူ့အစ်ကိုက ယူလိုက်လေသည်။ ထိုမိန်းမ အိမ်ပေါ်မရောက်ခင် လူရှုပ်တယ်ဟု အကြောင်းပြကာ သူ အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး ဝိုင်အမ်စီအေတွင် အခန်းငှားနေ၏။ သူ့ဦးလေးက မြို့လယ်တွင် အတော်အသင့်ကောင်းမွန်သော တိုက်ခန်းတစ်ခန်း ဝယ်ပေးခဲ့၏။ သူ့ကို မသေခင် အမွေခွဲပေးည့် သဘောလည်း ပါပေမည်။
ကောင်းမွန်ကျယ်ဝန်းလှသော ဦးလေးဝယ်ပေးသည့် တိုက်ခန်းမှာ အစစအရာရာ သူနှင့် ပိုနေသည်ဟု ခံစားရသဖြင့် ထိုအခန်းကို ပြန်ရောင်းကာ ယခုလက်ရှိ နေသည့် လေးထပ်တိုက်ခေါင်မိုးပေါ်မှ အခန်းကလေးကို သူရွေးခဲ့သည်။ ဤအခန်းကလေးမှာ သူနှင့် အံဝင်ခွင်ကျ ဖြစ်သည်။ ခေါင်မိုးပေါ်တွင် သူ့အခန်းကလွဲ၍ တခြားအခန်းမရှိသဖြင့် နေထိုင်ရတာ လွတ်လပ်သည်။ အသံ တိတ်ဆိတ်သည်။ လေသန့်ပြန့်သည်။ နေဝင် နေထွက်နှင့် သစ်ပင်ထိပ်ဖျားများ၊ တခြားအိမ်ခေါင်မိုးများကို စိတ်ရှိတိုင်း ထိုင်ကြည့်နေရသည့် အခွင့်အရေးကလည်း ကျေနပ်စရာဖြစ်သည်။
သူ့အခန်းတွင် ခုတင်တစ်လုံး၊ ပြတင်းပေါက်တစ်ခု၊ ကုလားထိုင်တစ်လုံးနှင့် စာရေးစားပွဲတစ်လုံးသာ ရှိ၏။ နံရံလေးဘက်တွင် ပန်းချီကား၊ ဓာတ်ပုံ၊ ပြက္ခဒိန် ဘာမှ ချိတ်ဆွဲထားခြင်းမရှိ။ သောက်ရေအိုးမရှိ။ (နောက်တော့ ငြိမ်း လာပြီး အတင်းထားပေးသည့် ဖန်ရေတကောင်းတစ်လုံးရှိသည်။ ခိုက်မိသဖြင့် နှုတ်ခမ်းအတော်ပဲ့နေသည်)
သည်တုန်းက ငြိမ်းနှင့်လည်း မပတ်သက်သေး။ သို့ဖြင့် သူ့တွင်… သေဖို့အချိန်ကို ပျင်းပျင်းရိရိနျင့် စောင့်စားနေရသည့် အလုပ်သာရှိတော့သလို ဖြစ်နေသည်။ တစ်ခါတစ်လေတော့ သူ ပန်းဆိုးတန်းသွားသည်။ ထို ပန်းဆိုးတန်း စာအုပ်တန်းတွင် သူနှင့်ခင်သော ကိုသီဒါ၊ တင်မောင်ဝင်း၊ ကိုထိန်လင်း၊ ဘုန်းမြင့် စတဲ့ လူတစ်ချို့ရှိ၏။ ကဗျာဆရာ၊ ပန်းချီဆရာ၊ အယ်ဒီတာလုပ်ဖူးသူ စာပေနှင့်ဆက်နွယ်နေသူများ ဖြစ်၏။ သူ… ရုံးမှာ အလုပ်လုပ်စဉ်က ထိုသူများနှင့်လည်း သိကျွမ်းခဲ့သည်။ သူတို့ကလည်း သူ့ကို စာပေသမား သူဌေးကလေးဟု လက်ခံထားကြဟန်တူ၏။
နောက်တော့ ငြိမ်းနှင့် သိခဲ့သည်။ နောက်တော့ သူနယ်ထွက်ခဲ့သည်။ သူ့အသက် သုံးဆယ်ကျော်ခဲ့ပြီ။ ရန်ကုန်ကလွဲ၍ ဘယ်မှ မရောက်ဖူးခဲ့။ (ငယ်စဉ်ကတော့ ဦးလေးမိသားစုနှင့်အတူ ပဲခူးသို့ ဘုရားဖူး တစ်ကြိမ်ရောက်ဖူးခဲ့သည်) သူ.. ဧရာဝတီမြစ်ကို မမြင်ဖူးသဖြင့် ကြည့်ရအောင် ပြည်မြို့ကို ထွက်လာခဲ့ခြင်းဖြစ်သည်။ နောက်တော့ မန္တလေး၊ တောင်ကြီးအထိ ရောက်သွား၏။ တည်းခိုခန်းတွေမှာ ညအိပ်သည်။ ဆိုင်မှာ ဝယ်စားသည်။ တစ်လကျော်ခန့်ရှိ၍ ရန်ကုန်ပြန်ရောက်သောအခါ ပန်းဆိုးတန်းက မိတ်ဆွေတစ်ချို့နှင့် အရင်တွေ့၏။ ကိုတင်မောင်ဝင်းက…
“ခင်ဗျားကို ငြိမ်း ခဏခဏ လာမေးတယ်။ ခရီးထွက်တာ သူမသိဘူးဆို”
သူ ခရီးထွက်သွားတာ ဘယ်သူမှ ကြိုမသိ။ နယ်ကနေ၍လည်း ဘယ်သူ့ကိုမှ စာမရေး။
“မင်း အခု အဲဒါကို တွေ့ပြီလား”
“ခင်ဗျား ထွက်ပြေးနေတာလား”
ကိုထိန်လင်းက နောက်၏။ သူက ပြုံးကာ…
“နောက်ဆုံးတရားတော်အရ ပြေးနေတဲ့သူနဲ့ ရပ်နေတဲ့သူဟာ အတူတူပဲဗျ ကိုထိန်လင်းရဲ့၊ အဲဒါကို မသိလို့ တချို့က မလွတ်နိုင်တဲ့ဆီက အမောခံပြီး ထွက်ပြေးနေတာ၊ ကျွန်တော် ဘယ်တော့မှ မပြေးဘူး”
“ဂျွန်အပ်ဒိုက်ရဲ့ ဝတ္ထုတစ်ပိုဒ်ထဲက ဇာတ်လိုက်ကတော့ သူ့ဘဝဟာ ငြိမ်သက်လွန်းအားကြီးလို့ ငြိမ်သက်နေတာ အဓိပ္ပါယ်မရှိဘူးဆိုပြီး လက်ရှိဘဝ အခြေအနေကို စွန့်ပြီး ထွက်ပြေးတယ်တဲ့” သူတို့ထဲတွင် ဘာသာရေးကို တီးခေါက်မိသည့် ကိုဘုန်းမြင့်က…
“ပုထုဇဉ်ဘဝဆိုတာ ဘယ်ကလာ ငြိမ်သက်နိုင်ပါ့မလဲ၊ ကိုတင်မောင်ဝင်းရယ်၊ လောကဓံရှစ်ပါးရဲ့ ဒဏ်ကို ဘယ်သူမဆို အချိန်နဲ့အမျှ ရိုက်ခတ်ခံနေရတာပဲ၊ အဲ… ငြိမ်သက်တယ်ဆိုတာက ထင်ယောင်ထင်မှား ဖြစ်မှုတစ်ခုဗျ။ လူဆိုတဲ့ သတ္တဝါတွေပါ။ ဒီဘဝတွင်မဟုတ်ဘူး။ သံသရာနဲ့ချီပြီး ပြေးလာရတဲ့ မာရသွန်အပြေးသမားတွေ၊ ကျွန်တော်တို့လည်း အာနာပါနလေးလုပ်လိုက်၊ အမောပြေလိုက်၊ ထပြေးလိုက်ပါပဲ” သူက စကားကို စဉ်းစားနေခိုက်၊ ကိုထိန်လင်းက…
“ခင်ဗျားအစ်ကိုလဲ လာမေးတယ်၊ နယ်သွားတာ သူ့လဲ ပြောမသွားဘူးတဲ့၊ ခင်ဗျားအဘိုးကြီးလဲ ဆေးရုံတင်ထားရတယ်ဆို”
သည်တော့မှ သူ နယ်မသွားခင် တစ်လလောက်က သူ့ဦးလေး ဆေးရုံတင်ထားရတာကို သတိရလာ၏။ ဦးလေးဆိုသော်လည်း ထိုဦးလေးမှာ မွေးစားအဖေပင်မို့ သူ ဂရုစိုက်သင့်သည်။ ဆေးရုံတင်ကာစ သူတစ်ခေါက်ရောက်ခဲ့သေး၏။ ဘာရောဂါရယ်လို့ အမည်မတပ်ရသေး။
သူ့အမေက သူ့ကို ဗိုက်ခွဲမွေးရင်း သေဆုံးခဲ့သည်ဟု ဆို၏။ အမေ့ဓာတ်ပုံတော့ ငယ်စဉ်က သူ့ဆီမှာ ရှိခဲ့ဖူး၏။ နောက်တော့ ဘယ်အချိန်က ပျောက်ဆုံးသွားမှန်းပင် မသိတော့။ သူ ငါးနှစ်သားလောက်မှာ သူ့အဖေ ရုတ်တရက် ကွယ်လွန်ပြန်သည်။ လေဖြတ်တာလား၊ သွေးတိုးလား၊ နှလုံးရောဂါလား၊ တစ်ခုခုဖြစ်မည်။ သူ့ဦးလေးကတော့ ပြောဖူးသည်။ အခုတော့ အဖေ့ရုပ်ပုံလွှာလည်း သူ့အာရုံထဲတွင် ဝိုးတဝါးမှိန်ပါးခဲ့သည်။
သည်ကတည်းက သူ့အဖေ၏ညီ၊ လောကတွင် သူ၏ သက်ရှိထင်ရှား ရှိသည့် တစ်ဦးတည်းသော ဆွေမျိုးရင်းချာဟု ဆိုရမည့် သူ့ဦးလေးထံ သူခိုကပ်ခဲ့ရသည်။ သူ့ဦးလေး ဆရာဝန်သည် ချမ်းသာကြွယ်ဝသော မိန်းမနှင့် ရခဲ့၏။ သူတို့တွင် သူ့ထက် ငါးနှစ်ခန့်ကြီးသော အောင်ဖေဆိုသည့် သားတစ်ယောက်သာ ရှိခဲ့သည်။ (တက္ကသိုလ်သို့ ရောက်သောအခါ အောင်ဖေညွန့်ဟု ပြောင်းလိုက်သည်)
ဦးလေးသည် သူ့ကို သားတစ်ယောက်လိုပင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ထိုဦးလေးနှင့် ပတ်သက်၍ ငြိမ်းက “အစ်ကို့အပေါ် စေတနာရှိသားပဲ”ဟု တစ်ခါက မှတ်ချက်ချဖူး၏။ သူလိုချင်တာက စေတနာမဟုတ်ဘဲ မေတ္တာဖြစ်သည်။ (အခုတော့လည်း ဘာကိုမှ မလိုချင်တော့သော သူ ဖြစ်နေလေသည်။) အမှန်တော့ သူ့ဦးလေးသည် သူ့အပေါ်တွင် တွယ်တာချစ်ခင်ခြင်း ကင်းပြတ်တာမဟုတ်ဘဲ သူ့သဘောအရ အေးတိအေးစက်နေတတ်တာလည်း ဖြစ်မည်။ ဆေးတက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သော ဦးလေးသည် ပညာရှာမီးခြင်းမှာ ဘဝကို ပုံချမြှုပ်နှစ်ထားသူဖြစ်သည်။ သားအရင်းဖြစ်သူကိုပင် ငယ်စဉ်ကတည်းက ချော့မြှူချီပိုးတာမျိုး လုပ်လေ့လုပ်ထမရှိ။ သို့သော် အောင်ဖေညွန့်က သားအရင်းဖြစ်သဖြင့် စိတ်သိမ်ငယ်စရာ အကြောင်းမရှိ။ ပြီးတော့ သူ့မှာ အမေကို ထောက်ထားတွယ်မှီနိုင်သေးသည်။
မင်းဝေ (ကလေးတစ်ဦး) အဖို့တော့ ငယ်နုစဉ်မှာ (မေတ္တာဆိုပါတော့) အဲဒါ လိုအပ်ခဲ့တာအမှန်ပင်။ အထူးသဖြင့် မိဘမဲ့ကလေးတစ်ဦးအဖြစ် သူ့ဘဝမှ ထိုကွက်လပ်ကြီးမှာ အတော်အတန် ကြီးပြင်းခဲ့သည့်တိုင်အောင် ဤအတိုင်း လစ်ဟာနေခဲ့၏။ နောက်ပိုင်း သူ့အသိဥာဏ် ရင့်မာခဲ့ပြီးမှ ထိုကွက်လပ်ကို တစ်စုံတစ်ရာနှင့် အစားထိုးဖြည့်ဆည်းနိုင်ခဲ့သော်လည်း ထိုတစ်စုံတစ်ခုမှာ မေတ္တာတော့ မဟုတ်ခဲ့တော့ချေ။ တုန်လှုပ်ချောက်ချားဖွယ် ကစဉ့်ကလျား အိပ်မက်ငယ်တို့ဖြင့် ပိမွန်းပိတ်လှောင်နေသည့် အေးစက်မည်းမှောင်သော တစ်ယောက်အိပ် အခန်းကျဉ်းကလေးထဲဝယ် သူ့ဘဝဦး၏ အစပိုင်းကာလများမှာ နက်ရှိုင်းစွာ စုတ်နစ်မြှုပ်ဝင် ပျောက်ရှခဲ့ပြီဖြစ်သည်။
ငြိမ်းနှင့်တွေ့သောအခါ ငြိမ်းသည် သူ့ကိုကယ်တင်ရန် နောက်ကျခဲ့ပြီ။ တစ်နေ့ ရုပ်ရှင်ရုံထဲတွင် ကလေးတစ်ယောက်ပါသော မိန်းမတစ်ယောက်နှင့် သူ ခုံချင်းကပ်လျက် ကျခဲ့၏။ အသားလတ်လတ် ကိုယ်လုံးသွယ်သွယ်၊ ရိုးရိုးယဉ်ယဉ် ဝတ်စားတတ်သော ငြိမ်းသည် ရုတ်တရက်ကြည့်လျှင် ဆွဲဆောင်မှု ရှိလှသည်မဟုတ်။ ခုခေတ်ထဲဝယ် ဆံပင်ရှည်ကို ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်ထားပုံကသာ ဂရုပြုစရာလိုဖြစ်ခဲ့သည်။
ထိုမိန်းကလေးသည် ရုပ်ရှင်မပြမီ တစ်ချိန်လုံး နားငြီးလောက်အောင် သားနှင့် တွတ်တီးတွတ်တာ ပြောသည်။ လက်ထဲမှာ ကိုင်ထားသော မုန့်များကို တစ်ခုပြီးတစ်ခု ကျွေးသည်။ (လက်တန်းပေါ်တွင် ခွထိုင်နေသော ကလေးလက်ထဲမှ စားလက်စ နို့အေးချောင်းက မင်းဝေပေါင်ပေါ် ပြုတ်ကျခဲ့၏။) ထိုသားအမိနှစ်ယောက်ကို ကလေးမချစ်တတ်သော မင်းဝေသည် အမှတ်ရခဲ့သည်။
နောက်တစ်ပတ်လောက် ကြာသောအခါ စားသောက်ဆိုင်တစ်ခုထဲတွင် တစ်ကိုယ်တည်း စားသောက်နေခိုက် တစ်ဖက်စားပွဲမှ မိန်းကလေးတစ်ယောက် ပြုံးပြသည်ကို ကြုံရသည်။ သူ ရုတ်တရက် မမှတ်မိ။ နောက်မှ ကျစ်ဆံမြီးရှည်ရှည်ကို သတိပြုမိသွားသည်။ သည်တစ်ခါ တွေ့ရသည်မှာ ရုပ်ရှင်ရုံထဲက မှိန်ဖျော့သော မီးရောင်အောက်တွင်မဟုတ်၊ ဝင်းလက်ကြည်ထိန်သော နေ့အလင်းထဲမှာ ဖြစ်ည်။ သူမ အသားမှာ ပို၍ ဖြူဝါနေသည်။ လှပတွန့်ကွေးသော နှုတ်ခမ်းကိုလည်း အနီရောင်ဆေးဆိုးထားသည်။ မျက်နှာပေါ်မှာ သနပ်ခါးမိတ်ကပ်တော့ လိမ်းထားခြင်းမရှိ။ မျက်လုံးဝိုင်းဝိုင်းလေးများကလည်း ကြည်လင်တောက်ပနေသည်။ သူမမျက်နှာမှာ ဆေးကြောပြီးစ ကြွေပန်းကန်တစ်ချပ်လိုပင် သန့်စင်နေသည်။ ဒါမှမဟုတ်လျှင်လည်း မည်သည့်စာမှ ရေးခြစ်ထားခြင်းမရှိသော ဗလာစာအုပ်တစ်အုပ်ကို လှန်ကြည့်နေရတာနှင့်တူသည်ဟု မင်းဝေ နောက်ပိုင်းတွင် မကြာခဏတွေးမိသည်။
ထူးခြားတာက သည်တစ်ခါ သူ့ဘေးက အဖော်မှာ ငါးနှစ်သားလေးမဟုတ်ဘဲ စပို့ရှပ်နှင့် မျက်နှာနီစပ်စပ်ရှိသော လူကြီးတစ်ယောက် ဖြစ်နေလေသည်။
ကျစ်ဆံမြီးရှည်ရှည်က သူ့ကို ခိုးကြည့်ရင်းပြုံးသည်။ သူမ၏ ရွှန်းစိုသော နှုတ်ခမ်းနီနီကလေးများမှာ စားပွဲဘေးမှ မှန်နောက်ပြတင်းကို ဖြတ်ယိုစိမ့်ဝင်လာသော အလင်းနုရိပ်နှင့် ထိစွန်းကာ ဖိတ်ဖိတ်လဲ့နေသည်။ သူက သူ့အလေ့အထအတိုင်း တစ်ကိုယ်လုံး ပခုံးတွန့်ကာ ဆိုင်ထဲမှ ထွက်လာခဲ့လေသည်။
နောက်တစ်ခါတွင်မူ ကျစ်ဆံမြီးရှည်ရှည်က သူ့ကို စမြင်ခြင်းဖြစ်သည်။ သူ စတိုးဆိုင်ကြီးတစ်ခုတွင် သွားတိုက်ဆေး ဝယ်နေခိုက် သူ့ဘေးကောင်တာမှ သူ့လိုပင် ဈေးဝယ်နေသော မိန်းကလေးတစ်ဦးက နှုတ်ဆက်သဖြင့် လှည့်ကြည့်လိုက်တော့ ကျစ်ဆံမြီးရှည်ရှည်ဖြစ်နေလေသည်။ သည်တစ်ခါတော့ သူမ နှုတ်ခမ်းနီဆိုးမထားပါ။ (ဤဆိုင်ထဲကို သူဝင်သွားတာ မြင်သဖြင့် တမင်ဝင်လိုက်လာတာ၊ မတော်တဆဆုံမိဟန်ပြုခြင်းဟု နောက်တော့မှ ငြိမ်းက ဖွင့်ပြောခဲ့သည်။) သည်တစ်ခါတော့ သူမဘေးမှ အဖော်မှာ သူ ဖြစ်သွားလေသည်။
သားဖြစ်သူအတွက် ကစားစရာအချို့ ငြိမ်းက ဝယ်သည်။ သူတို့ အငှားကားတစ်စီးနှင့် ရှစ်မိုင်ဘက် စားသောက်ဆိုင်တစ်ခုကို ရောက်မှ ကျစ်ဆံမြီးရှည်ရှည် နာမည်မှာ ငြိမ်းဖြစ်ကြောင်း သိရလေသည်။ နောက်တော့လည်း သူ့အခန်းကို မကြာမကြာ ငြိမ်းရောက်လာတတ်သည်။ သူက စ,ခေါ်လာခဲ့သလား၊ ငြိမ်းကပဲ စ,ရောက်လာခဲ့သလား၊ စဉ်းစားမရ။ လိပ်စာကတော့ သူပေးခဲ့သည်။
သူ့ကို မြင်ကတည်းက စွဲလမ်းသည်ဆိုသော ငြိမ်းသည် ရိုးသားဖြူစင်သူဟု သူ ခံစားမိပါသည်။ မြင်သမျှကို တမက်တမော ငေးကြည့်နေသကဲ့သို့သော ဝန်းစက်ပြူးကြောင်သည့် မျက်လုံးကလေးများ ရှိသော်လည်း ထိုမျက်လုံးများထဲတွင် ဘာကိုမှ အလေးအနက် သဘောပေါက်သည့် အရိပ်အယောင်များ မမြင်ရ။
သို့သော် ငြိမ်းသည် သူ့အခန်းမှာ သောက်ရေအိုး (ဖန်ရေတကောင်း)တစ်လုံး ဝယ်ထားပေးသူ၊ တစ်ခါတစ်ရံ ဓာတ်ခဲသုံး ကက်ဆက်ကလေးယူကာ သူ့အခန်းကို သီချင်းသံတွေဖြင့် ဝေစည်စေသူ (သူကတော့ သီချင်းနားထောင်လေ့ မရှိသူဖြစ်သည်။) သူ့ကို ခေါင်းဖြီးပေးတတ်သူ၊ သူ့ကို မြည်တွန်တောက်တီးတတ်သူနှင့် သူ့ကို နမ်းတတ်သူဖြစ်သည်။
သူ နယ်မထွက်ခင် ငြိမ်းနှင့်နောက်ဆုံးအကြိမ် တွေ့တုန်းက လူတစ်ယောက်နှင့် လက်ထပ်တော့မည့်အကြောင်း ငြိမ်းကဖွင့်ပြောခဲ့သည်။ အဲဒီလူတစ်ယောက်မှာ ငြိမ်းထက် အသက်လည်းကြီး၊ မည်းမည်းဗိုက်ရွှဲရွှဲမို့ အရုပ်ဆိုးသည်ဟု ခေါ်နိုင်သော်လည်း ချမ်းသာကြွယ်ဝကာ ဂုဏ်လည်းရှိသော မုဆိုးဖိုကြီးတစ်ဦး ဖြစ်လေသည်။
“သူ့ဆီမှာ ငြိမ်းမလိုချင်တာ တစ်ခုနဲ့ ငြိမ်းလိုချင်တာတွေ အကုန်လုံး ရှိတယ်အစ်ကို၊ ငြိမ်းရဲ့ သားလေးအတွက်လည်း ငြိမ်းထည့်စဉ်းစားရတယ်”ဟု ဆိုသည်။
နယ်က သူပြန်ရောက်ပြီးတစ်နေ့ ပန်းဆိုးတန်းမှအပြန် သူ့အခန်းတွင် ငြိမ်းရောက်နေသည်ကို တွေ့ရ၏။ (ငြိမ်းတွင် သူ့အခန်းသော့ပိုတစ်ချောင်း ရှိသည်။) ငြိမ်းက ခုတင်ပေါ်တွင်ထိုင်ကာ သူ့အဝတ်အစားများကို ခေါက်နေရာမှ ထလာရင်း သူ့ပါးကိုနမ်းသည်။ ငြိမ်းမျက်လုံးကလေးများ မျက်ရည်လည်နေသည်ကို သူ သတိထားမိသည်။ ပြီးတော့ သူ့ကို စကားတစ်ခွန်းမှ မပြောသေးဘဲ အခန်းထောင့်တွင် ဖရိုဖရဲဖြစ်နေသော စာအုပ်ပုံဆီသို့ သွားကာ စီထပ်နေသည်။ ဤကိစ္စအတွက် သူ ကန့်ကွက်သော်လည်း မရ။ သူ့အနေနှင့် ယခုလို ပြန့်ကျဲပုံထားရှိတာက လိုချင်သော စာအုပ်ရှာရာ၌ ပို၍လွယ်ကူသည်ဟု ထင်နေသည်။ ငြိမ်းက သူ ဖြစ်ကတတ်ဆန်း နေတတ်ပုံအတွက် အပြစ်တင်တတ်၏။
“လူတွေဟာ ကိုယ့်ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ စိတ်တွေကိုသာ သေသပ်အောင် သိမ်းဆည်းတတ်ဖို့ လိုပါတယ် ငြိမ်းရယ်”
ဟု သူပြောဖူးသည်ထင်သည်။ မီးပူတိုက်ထားတဲ့ အင်္ကျီအောက်က အသည်းနှလုံးဟာ သန့်ရှင်းပါတယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ၊ ညစ်ညမ်းတဲ့ ဦးနှောက်တစ်ခုကို ညီညီညာညာ ဖြီးသင်ထားတဲ့ ဆံပင်တွေက အကာအကွယ် ပေးမထားဘူးလို့ ဘယ်သူ ဝန်ခံနိုင်မှာလဲ။ ပြိုလဲနေတဲ့ စာအုပ်ပုံနဲ့ တွန့်ကြေနေတဲ့ လုံချည်တစ်ထည်ကို လောကကြီးဟာ ကြောက်စရာမလိုလှပါဘူး။ အဲဒါတွေက ဘာအန္တရာယ် ပေးနိုင်မှာလဲ။
သူ ဤအခန်းသို့ ပြောင်းလာခါစက သူ့ဦးလေးသည် အကဲခတ်ရအောင် တစ်ခေါက် ရောက်လာခဲ့သေးသည်။ ကျဉ်းမြောင်းရှုပ်ပွနေသော သူ့အခန်းကိုကြည့်ပြီး နှာခေါင်းရှုံ့သည်။ နှုတ်ကလည်း…
“မင်းအခန်းက ပြန်လာပြီးတော့ အောင်ဖေကပြောတယ်။ အဖေ၊ အဖေ့သားအငယ်တော့ မသေခင် ခေါင်းတစ်လုံး ဝယ်လိုက်ပြီတဲ့”
သူက ပြုံးရုံသာ ပြုံးနေသည်။
ဦးလေးက သူ့စားပွဲပေါ်မှာ ပြန့်ကျဲနေသော စာရွက်များကို ကောက်ကြည့်သည်။ (မဖတ်ပါ) စာရွက်များမှာ ဘယ်တော့မှ အဆုံးသတ်နိုင်မည်မထင်ရသော သူ၏ ရေးဆဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်၏။
“မင်း စာရေးဆရာလုပ်ဖို့ စိတ်ကူးနေပြန်ပြီလား၊ တည်တည်တံ့တံ့ အလုပ်တစ်ခု လုပ်ပါလားကွာ”
ဦးလေးတို့ လူစားမျိုးသည် စာရေးခြင်းကိစ္စကို အလုပ်ဟု ယူဆလေ့မရှိ။ ဦးလေးသည် သူ ကြားဖူးနားဝရှိသလို သူ့ မွေးစားသားသည် ကောင်မလေးနှင့် ကောင်လေးတွေ ကြိုက်ကြချစ်ကြသည့် ကပျက်ကချော် အကြောင်းများကို စာအုပ်အထူကြီးတွေ ဖြစ်အောင် တစ်ဖွဲ့တစ်နွဲ့ရေး၍ အချိန်ဖြုန်းနေသည်ဟု ထင်ဟန်ရှိ၏။
“ကျွန်တော် ဘာလုပ်ရမလဲ”
“နွားဖြစ်ဖြစ် မွေးပေါ့။ အခု နို့ဈေးကောင်းနေတယ်”
“ဒီ လေးထပ်တိုက် ခေါင်မိုးပေါ်မှာလား”
သူ ရယ်စရာလုပ်သော်လည်း ဦးလေးက မျက်နှာထားတည်တည်ဖြင့်
“မင်းလုပ်ချင်တယ်ဆိုရင် မြို့ပြင်မှာ ခြံဝယ်ပေးမယ်”
“အဖေက အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကိစ္စကို မကွဲဘူးထင်တယ်”
သူ့ဦးလေးကို သူ ငယ်စဉ်ကတည်းက အဖေဟုသာ ခေါ်ခဲ့ရသည်။ ဤအချက်မှာ သူ့ဦးလေး၏ ဘဝတာတွင် သူ့အပေါ်ထားခဲ့ဖူးသည့် တစ်ခုတည်းသော စည်းကမ်းသာဖြစ်လေသည်။ သူ့ဦးလေးက သူနှင့် ငြင်းခုံလိုဟန်မရှိ။
“အင်းလေ.. မင်းက ဖီလိုဆော်ဖီကို နှစ်နှစ်ခွဲလောက် သင်တဲ့သူပဲ”
သူ့သဘောနှင့်သူ ကျောင်းတစ်ပိုင်းတစ်စ ထွက်ခဲ့တာကို ဦးလေးသည် ယခုထက်တိုင် ကျေချမ်းဟန်မပြ။
စကားဆက်မပြောချင်ဟန်ဖြင့် ဆေးတံကိုထုတ်ကာ ဆေးဖြည့်နေသည်။ ပြီးတော့ သူ့အိတ်များကို ဟိုနှိုက်သည်နှိုက် လုပ်သည်။
“မီးခြစ်မေ့လာခဲ့ပြီ၊ မီးခြစ်ခဏပေးစမ်းကွာ”
“ကျွန်တော့်မှာ မီးခြစ်မရှိဘူးအဖေ”
ဦးလေးက လူတစ်ယောက်မှာ ခေါင်းမပါဘူးဟူသော စကားကိုကြားရသည့်အလား မော့ကြည့်သည်။
“မင်းအခန်းမှာ မီးခြစ်မရှိဘူးလား” ဟု မယုံသလို ထပ်မေး၏။
“ကျွန်တော် ဆေးလိပ်မသောက်တာ အဖေအသိပဲ၊ ထမင်းလဲ ချက်စားတာမဟုတ်ဘူး။ ကျွန်တော့်အခန်းမှာ လျှပ်စစ်မီးလဲ ရှိနေတော့…”
“အေး.. မင်းအခန်းမှာ မင်းရှိနေတာတောင် တော်တော်အံ့သြဖို့ကောင်းနေပြီ။ တစ်ခါတစ်လေ မီးပျက်ရင်ကော”
“ကျွန်တော် မှောင်ထဲမှာ ဒီအတိုင်း ထိုင်နေတာပေါ့။ ကျွန်တော့်မှာ အရေးတကြီးလုပ်စရာ ဘာမှမရှိဘဲ”
ဦးလေးက ပြန်တော့မည်ဟူသော ရည်ရွယ်ချက်ဖြင့် ထိုင်ရာမှ ထသည်။ ပြီးတော့ သူထိုင်နေသော ခုတင်ဆီသို့ လျှောက်လာကာ ရုတ်တရက် မွေ့ရာပေါ်မှာ ဆံညှပ်ကလေးတစ်ခုကို ကုန်းကောက်ယူလိုက်ရင်း…
“မိန်းကလေးက ဘယ်ကလဲ” ဟု ခပ်တည်တည်မေး၏။
နောက်တော့ သူ အဖြေမပေးနိုင်မီပင် ဆံညှပ်ကလေးကို သူ့လက်ထဲ ထည့်ခဲ့ကာ အေးအေးလူလူ ကျောခိုင်းထွက်သွားလေသည်။ ငြိမ်းက ရယ်ရင်း “အဘိုးကြီးက တော်တော် မျက်စိရှင်တာပဲ” ဟု ဆိုသည်။ နောက်တော့ အိပ်ရာပေါ်တွင် ဆံညှပ်တွေဘာတွေ ကျကျန်မနေရစ်အောင် ဂရုစိုက်လေသည်။ သူ့ဦးလေးသည် ဤကိစ္စကို အလိုလို မေ့လျော့သွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော်… ဦးလေး ဆေးရုံတက်စက သူ တစ်ခေါက်ရောက်သွားသောအခါ
“မင်းလဲ အိမ်ထောင်ပြုဖို့ကောင်းပြီ”
“ဘယ်သူနဲ့ပြုရမှာလဲ အဖေ” သူက နောက်ပြောင်းကာမေး၏။
“မင်းအခန်းကို လာ လာနေတဲ့ ကောင်မလေးနဲ့ဖြစ်ဖြစ်ပေါ့”
သူက ဆံညှပ်ကလေးကို ပြန်သတိရလာသည်။ သူ့တို့အကြောင်းများကို ဦးလေးသည် အောင်ဖေညွန့်ကနေတစ်ဆင့် သိနေလေသလားမသိ။ သူ့အစ်ကိုကတော့ သူနှင့်ငြိမ်းကိုတွဲကာ သုံးလေးခါ မြင်ဖူးဆုံဖူးသည်။ သူ ဘာပြန်ပြောရလျှင် ကောင်းမလဲဟု စဉ်းစားရင်း လူနာခုတင်ဘေးမှ ကုလားထိုင်ပေါ်တွင် အတန်ကြာ ငြိမ်သက်စွာ ထိုင်နေမိသည်။
“မင်း… ဘာဖြစ်နေတာလဲ”
“သွားကိုက်နေတယ်”
ဦးလေးအမေးကို သူ ရုတ်တရက်ဖြေလိုက်မိသည်။ သူ သွားအနည်းငယ်ကိုက်နေသည်မှာ သုံးရက်ခန့်ရှိပြီ။ ယခင်ကလည်း ဤသို့ မကြာခဏ ကိုက်ဖူး၏။ မခံမရပ်နိုင်လောက်အောင်မူ မဟုတ်။
“ပေါ့မနေနဲ့”
“နှုတ်ပစ်ရင်ကောင်းမလား”
“သွားဆရာဝန်နဲ့ ပြကြည့်ပေါ့ကွာ”
သူ့ဦးလေးရော သူပါ ဆံညှပ်ကလေးကိစ္စကို မေ့လျော့သွားကြသည်။ သူ ပြန်ဖို့ ထိုင်ရာကထမှ ဘောင်းဘီအိတ်ထဲက ဆေးတံသောက်ဆေးဘူးကို သတိရလာသည်။
“သြော်.. အဖေ့အတွက် ဝယ်လာတာ”
သူ့ ဦးလေးကြိုက်တတ်သော လင်ကွန်းတံဆိပ်ဖြစ်ကာ ရှားရှားပါးပါး ရှာဝယ်ခဲ့ရသည်။ သူ့ဦးလေးသည် သူ စားပွဲပေါ် လှမ်းတင်လိုက်သော ဆေးတံသောက် ဆေးဘူးကို တစ်ချက် စောင်းငဲ့ကြည့်ကာ မချိတရိပြုံးရင်း…
“ငါ… ဆေးတံဖြတ်လိုက်ပြီကွ၊ ဆရာဝန်က ခွင့်မပြုတော့ဘူး”
ဆေးရုံက အပြန်တွင် ရွှေဘုံသာလမ်းထဲရှိ သွားရောဂါ အထူးကု ဆေးခန်းတစ်ခုကို ရောက်ခဲ့သေးသည်။ သူ ကုလားထိုင် တစ်လုံးတွင် သွားနှုတ်ဖို့ ထိုင်စောင့်နေခဲ့ရသည်။ သို့သော် သူ့ရှေ့မှ သွားနှုတ်နေသူတစ်ဦး၏ ဒုက္ခကိုမြင်ကာ စိတ်ပျက်ပြီး ကိုယ့်အလှည့်မရောက်ခင် ထပြန်လာခဲ့သည်။ နောက်တော့လည်း သူ့အခန်းတွင် ဆားရည်ငုံရင်း ပျောက်သွားပြန်သည်။
ထိုရက်များထဲတွင် သူ ငြိမ်းနှင့်လည်း မတွေ့ဖြစ်။ မတွေ့ချင်သဖြင့် ငြိမ်းလာတတ်သော အချိန်များတွင် အခန်းမှ တမင် ရှောင်ထွက်နေခဲ့သည်။ ငြိမ်းက သူ့ကို တွယ်တာ တာဟာ လိုအပ်တာထက် ပိုနေသည်ဟု သူ ယူဆနေသည်။ ဤတွယ်တာမှု က သူ့ကို ဘယ်လိုမှ မဝါးမျိုနိုင်ဘဲ ငြိမ်းကိုသာ တစ်နေ့တွင် ဟုတ်ခနဲ တောက်လောင်စေလိမ့်မည်။
“အစ်ကို့မျက်လုံး အေးစက်စက်တွေထဲမှာ တစ်လောကလုံးကို အနိုင်ယူထားတာ တွေ့နေလျက်သားနဲ့ ဘာလို့ တစ်ဝက်ပဲ ပြုံးနေရတာလဲဟင်” ဟု ငြိမ်းတစ်ခါက မေးဖူး၏။ သူက ပြုံးပြန်တော့...
“အစ်ကို့ နှုတ်ခမ်း တွန့်တွန့်ကလေးတွေက ဒီလိုပြုံးတာပဲ လှပါတယ် မပြင်ပါနဲ့တော့ အစ်ကိုရယ်” ဟု တောင်းပန်ပြန်သည်။ ကိုယ်ဟာ ဘဝမှာ ဘာကိုမှ အနိုင်မယူချင်သလို ဘာကိုမှ အရှုံးမပေးချင်သူ ဖြစ်တာ ငြိမ်းသိဖို့ရာ မလွယ်၊ ရူးဆိုး၏ စကား တစ်ခွန်းကို သူ သဘောကျခဲ့သည်။ “ကျုပ်ဟာ ကျုပ်တွေ့ဖူးတဲ့ ဘယ်သူနဲ့မှ မတူအောင် ဖန်ဆင်းထားတဲ့ လူတစ်ဦးပါ၊ ကျုပ်က ပိုမကောင်းရင်သာ ရှိရမယ်၊ သူများနဲ့ မတူတာတော့ အမှန်ပါပဲ” တဲ့။
ဒီလို နားမလည်မှုဖြင့် တစ်ခါကလည်း ငြိမ်းသူ့အပေါ် စိတ်ကောက်ခဲ့ဖူးသည်။ သူ့အခန်းမှာ သူနှင့်အတူ ငြိမ်းရှိနေခိုက် မိတ်ဆွေ တစ်ယောက် ရောက်လာကာ ငွေသုံးရာချေး၏။ အမေဖြစ်သူကို ဆေးရုံတင်ရ၍ တကယ်ငွေလိုနေခိုက်လည်း ဖြစ်ကြောင်း သူ ယုံကြည်သည်။ သို့သော် သူငွေမချေးလိုက်။ ထိုလူ မျက်နှာငယ်လေးနှင့် ထပြန်သွားသောအခ ငြိမ်းက သူ့ကို မကျေမချမ်း အပြစ်တင်တော့သည်။ ငွေသုံးရာဆိုတာ သူ့အဖို့ မခက်ခဲဘူးဆိုတာ ငြိမ်းသိသည်။
“ပြီးတော့ သူ့အမေ ဆေးရုံတင်ထားရတာ”
“ငြိမ်း မင်းဘာဖြစ်နေတာလဲ၊ သူ့အမေက ကိုယ့်အမေမှ မဟုတ်တာ”
သူက အေးအေးလူလူ ပြောသော်လည်း ငြိမ်းစိတ်ဆိုးကာ အခန်းက ချက်ချင်းပြန်သွားလေသည်။ တစ်ပတ်လောက်နေတော့ ပြန်လာကာ သူ့ရင်ခွင်ထဲ တိုးဝင်ရင်း...
“အစ်ကို့ အသည်းနှလုံးက ဘာလို့ ဒီလောက်မာကျော နေရတာလဲဟင်” ဟု မေး၏။
“ဒီလုကို ကိုယ် သုံးလေးကြိမ် ကူညီခဲ့ဖူးတယ် ငြိမ်းရဲ့၊ ကိုယ်က အတိုးနဲ့ ချေးတာလဲ မဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ပေးထားတဲ့ငွေနဲ့ ကင်းတဲ့လူ ရှားပါတယ်၊ ဒါပေမယ့် အဲဒီလူတွေဟာ သူတို့ပြေလည်နေသည့်တိုင်အောင် ကိုယ့်ငွေကို ဘယ်သူကမှ ဂရုတစိုက် ပြန်ပေးဖို့ စိတ်မကူးကြဘူး၊ အဲဒီတော့ ဒီလူတွေအတွက် ငွေထပ်ထွက်သင့်သလား”
“သူ တကယ် အရေးကြုံနေတာနဲ့ တူပါတယ်”
“ဟုတ်ပါလိမ့်မယ်၊ တောင်ပေါ်မှာဖြစ်စေ၊တောင်အောက်မှာဖြစ်စေ၊ ကိုယ်ကြဲခဲ့တဲ့ မျိုးစပါးကို ကိုယ်ပဲ ရိတ်ရလိမ့်မယ်လို့ သမ္မာကျမ်းစာထဲမှာ ပါတယ်၊ ကိုယ့်ဆီက ငွေထပ်မရအောင် သူပဲ ဖန်တီးခဲ့တာ မဟုတ်လား”
“အစ်ကိုက ကလဲ့စားချေလိုက်တာပေါ့”
“မဟုတ်ပါဘူး ငြိမ်း၊ အစ်ကိုက ဘယ်သူ့အပေါ်မှာမှ အပြစ်မယူတတ်ဘူး၊ ဒီလိုပဲ ဘယ်သူ့ကိုမှလဲ ခွင့်မလွှတ်တတ်ဘူး”
ငြိမ်းက မျက်နှာအိုအို ကလေးနှင့် ခေါင်းယမ်းကာဆိုသည်။
“အစ်ကို့မှာ အပြစ်ဆိုစရာ ဆိုလို့ တစ်ခုပဲ ငြိမ်းရှာတွေ့တယ်။ အဲဒါက လူတွေကို မုန်းတာပဲ”
ငြိမ်းစကားကို သူ မခုခံချင်ပေ။ သူ့အနေနှင့် လူတွေကို မမုန်းတောင်မှ မချစ်တာတော့ သေချာသည်။ သို့သော် ငြိမ်းကိုတော့ (အဲဒီတစ်ခါပဲ) ရှည်ရှည်ဝေးဝေး ရှင်းပြခဲ့ပါသည်။ သူ့အပေါ် လူတွေနားလည်မှုအပေါ် သူသည် မျှော်လင့်တန်ဖိုး ထားတတ် သူမဟုတ်ပါ။ နားလည်မှုဆိုတာ လူတိုင်းနှင့် ဆိုင်သော အရာမဟုတ်။ ဥာဏ်ပညာနှင့်သာ ဆိုင်သော အရာဖြစ်သည်။ ဒါပေမဲ့ လောကတွင် သူ့ကို နားလည်ဖို့ လူတစ်ယောက် မဖြစ်မနေ လိုအပ်သည်ဆိုပါမူ ထိုသူကို ငြိမ်း ဖြစ်စေချင်သည်။
“ကိုယ့်မိတ်ဆွေ ကိုဘုန်းမြင့်ဆိုတဲ့လူက ပြောတယ်၊ ပုထုဇဉ်တော့ ပုထုဇဉ်ပေါ့ဗျာ၊ ဒါပေမဲ့ လူတွေကလဲ အကျင့်သီလ ကမ်းကုန်အောင် ကင်းမဲ့နေကြတော့ ဇဉ်-ဇဉ် လွန်းအားကြီးတယ်လို့ ငြီးရမလို ဖြစ်နေပြီ၊ ပုထုဇဉ်ကနေ တမဂ်တဖိုလ်ရတယ် ဆိုတာလဲ ဒီရုပ်ခန္ဓာပါပဲ၊ စိတ်ကလေးကို ပြောင်းလိုက်တာပဲ ကွာတာပါတဲ့”
အဲဒီကိုဘုန်းမြင့် ဆိုတဲ့လူကတော့ သူနှင့် အတော်တူညီတာတွေ ရှိခဲ့သည်။ ဥပမာ နှစ်ဦးစလုံး ဆေးလိပ်နှင့်အရက် ကို မသောက်တာမျိုး ဖြစ်သည်။
“ကိုယ်ဟာ တစ်ခါတုန်းကတော့ လူတွေကို ချစ်ဖို့ ကြိုးစားခဲ့ဖူးသေးတယ် လို့ ထင်ပါတယ်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ အနှစ်သာရ မရှိတဲ့ လူတွေ ဖြစ်နေတာပဲ တွေ့ရတယ်။ တကယ်တော့ ကိုယ်ဟာ လူတောထဲမှာ နေပြီး လူငတ်နေ တဲ့ လူတစ်ယောက်ပါငြိမ်း”
ပြောသာပြောခဲ့သည်။ သူနှင့်ငြိမ်းသည် အသေးအဖွဲကအစ သဘောချင်း ညီမျှ တိုက်ဆိုင်လေ့မရှိ။ ဥပမာ၊ သူ့အခန်း ပတ်ဝန်းကျင်တွင် နားလာသည့် ခိုများကို သူ မောင်းနှင်ပစ်လေ့ရှိပါသည်။ ခိုများ၏ ညည်းသံသည် စိတ်ပျက်ဖွယ်ကောင်း သော အသံဖြစ်သည်။ ခိုများသည် အနေအထိုင်ညစ်ပတ်ကာ လူကို ရောဂါဥပဒ် ပေးနိုင်သော တိရစ္ဆာန်တစ်မျိုး ဟု သူ နားလည်ထားသည်။ ငြိမ်းကတော့ ထိုခိုများကို တွေ့သည်နှင့် ဝမ်းသာအားရ ဖြစ်သည်။ ဆူးလေဘုရားအနားက ခိုစာများကို တကူးတက ဝင်ဝယ်ကာ ပလတ်စတစ်အိတ်နှင့် ထည့်၍ သူ့အခန်းသို့ ယူလာတတ်သည်။ ပြီးတော့ ခိုစာကျွေးရင်း ခိုတွေနှင့် လုံးထွေးနေလေသည်။ ခိုတွေက သူ့ပခုံးပေါ် လက်ပေါ်တက်ကာ အစာစား၏။ အစာစားရင်း သူ့ကိုယ်ပေါ်မှာပင် မစင်စွန့်ပစ် ကြ၍ အဝတ်အစား ကောင်းများ ပေကျံကုန်သည်ကိုပင် သဘောကျကာ ရယ်မောမဆုံး ရှိသေးသည်။ ထိုအခါမျိုးတွင် သူ ကတော့ ပြတင်းပေါက်က (ခိုစာကျွေးသော နေရာနှင့် အတော်ဝေးသည်။) လက်ထောက်ကြည့်ရင်း ငြိမ်းကို စိတ်ပျက်နေမိ၏ ။ သူ့အမြင်မှာတော့ ငြိမ်းသည် လောဘကြီးလွန်းသည်။ အရာရာကို ကောင်းမွန်စေချင်သည်။ အနည်းဆုံး သူမနှင့် ပတ်သက် သမျှကိုတော့ ကောင်းမွန်စေချင်ပုံရ၏။ မင်းဝေကိုလည်း ကောင်းမွန်စေချင်သည်။ ခိုများကိုလည်း ကောင်းမွန်စေချင်သည်။ ပန်းပင်တစ်ပင်ကိုလည်း ကောင်းမွန်စေချင်သည်။
“အစ်ကိုဟာ တော်တော် နေနိုင်တဲ့လူ၊ ပန်းပင်ကိုတောင် ရေမှန်မှန် လောင်းဖော်မရဘူး”
အခုလည်း သူ့အခန်းမှာရှိသည့် တစ်ခုတည်းသော ပန်းအိုးကလေးကို ဂရုတစိုက် ရေလောင်းရင်း ခုတင်ပေါ်တွင် ပျင်းရိပျင်း တွဲ လဲလျောင်းနေသော သူ့ကို ကြည့်ကာ အပြစ်ဖို့နေသည်။
ဤပန်းအိုးကလေး တစ်လုံးမှာလည်း ငြိမ်းဝယ်လာခြင်း ဖြစ်သည်။ နဂိုက သူ့အိမ်အတွက် ဝယ်လာတာဆို၏။ မင်းဝေ အခန်းကို ဝင်ရင်း အပြန်မှာ မေ့ကျန်ခဲ့လေသည်။ နောက်အခေါက်များတွင်လည်း ယူမသွားဖြစ်တော့။ အစ်ကိုနဲ့ ထိုက်တန်လို့ ရတာ၊ အစ်ကို့အခန်းမှာပဲ ထားတော့ ဟုဆိုသည်။
ငြိမ်းက ဤပန်းအိုးကို သူ့အခန်းမှာ ထားမည်ဆိုတော့လည်း သူမကန့်ကွက်ဖြစ်။ သူက ပန်းကိုပင် ရေလောင်းသည် ဆိုသော အဓိပ္ပာယ်မဲ့ အလုပ်မျိုးကို လုပ်လေ့မရှိသဖြင့် ဤပန်းပင် မကြာခင်မှာ ခြောက်သွေ့သေဆုံးသွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ဤအပင်က ယခုတိုင်မသေ။ နွမ်းခြောက်ဟန်လည်း မပြ။ သူ့အိမ်ကို တစ်ပတ် နှစ်ခါသုံးခါ ရောက် လာတတ်သော ငြိမ်းကတော့ ရောက်တိုင်း ရေလောင်း၏။ ကန္တာရထဲတွင် ပေါက်သောအပင်မျိုး ဖြစ်သဖြင့် ရေမလိုအပ် လှဘဲ ရှင်သန်နေနိုင်တာလည်း ဖြစ်ချင်ဖြစ်ပေမည်။
“ငြိမ်းကို ဘာမှ မပြောတော့ဘူးလား”
တစ်ခန်းလုံး သိမ်းဆည်းပြီးတော့မှ ကုလားထိုင်တွင် ဝင်ထိုင်ရင်း ငြိမ်းက အမောမဖြေနိုင်ဘဲ မေးသည်။
“ဟုတ်တယ်၊ မင်းကိုငါ တောင်းပန်ရဦးမယ်၊ မင်းတို့ လက်ထပ်ပွဲကို မင်္ဂလာလက်ဖွဲ့ပေးဖို့ ငါမေ့နေတယ်၊ကဲ...ပြော၊ မင်း ဘာယူမှာလဲ”
ငြိမ်းက သိသိသာသာ သက်ပြင်းချရင်း ပြောသည်။
“ငြိမ်း သူ နဲ့ လက်မထပ် ရသေးပါဘူး”
သည်တစ်ခါတော့ မင်းဝေ နည်းနည်း အံ့အားသင့်သွားသည်။ သူ နယ်မသွားခင် တစ်ပတ်အလိုလောက်က ငြိမ်းရောက်လာ ကာ သူ မကြာခင် မုဆိုးဖိုကြီး တစ်ဦးနှင့် ယူတော့မည့်အကြောင်း ပြောခဲ့သည်။ အဲဒီနေ့က သူ သွားကိုက်နေသဖြင့် ငြိမ်းကိစ္စ ကို လေးလေးနက်နက် စိတ်မဝင်စားနိုင်။ ကောင်းသားပဲဟု စိတ်ရင်းအတိုင်း ပြောခဲ့သည် ထင်ပါသည်။
ငြိမ်းဘဝကိုတော့ သူ နားမထောင်ချင်ဘဲ ငြိမ်းက ပြောပြသဖြင့် သူ သိပြီးသားဖြစ်သည်။ ရိုးရိုးကလေးပင်။ ငြိမ်းမှာ အဖေ မရှိ။ အမေက စက်ချုပ်ကျွေးကာ ကျောင်းထားပေးသည်။ ငြိမ်း ဆယ်တန်း နှစ်နှစ်ဆက်ကျသော အခါ သူချစ်တဲ့သူနှင့် အိမ်ထောင်ပြုလိုက်သည်။ သူ့ယောက်ျားသည် သူတို့ ရပ်ကွက်ထဲကပင် ဖြစ်၏။ ငြိမ်းအိမ်ထောင်ကျစမှာပငါ ငြိမ်းအမေ စက်မချုပ်နိုင်တော့။ နှစ်ရှည်လများ အညောင်းမိလာခဲ့သည့် ဒဏ်ကို စုခံရကာ လူမမာ ဖြစ်နေ၏။
ငြိမ်းကိုယ်ဝန် ရှိစမှာ ငြိမ်းယောက်ျားဖြစ်သူ ကုန်ကူး၏။ နှစ်ခေါက်တော့ မြတ်လိုက်၏။ တတိယအခေါက် သွားသောအခါ ဘယ်တော့မှ ပြန်မလာတော့ချေ။ အတော်ကြီးကြာမှ သေဆုံးသလို သတင်းကြားရ၏။ ငြိမ်းလည်း ကလေးမီးဖွားပြီးသည်နှင့် အမေ့ကို နို့ဘူးနှင့် အပ်ကာ ဘဝကို စိန်ခေါ်ရတော့သည်။ တစ်နှစ်က သူ့ အမေ ဆုံးသွားခဲ့၏။ သည်လိုနှင့် တစ်ခုသော တနင်္ဂနွေမှာ ရုပ်ရှင်ရုံထဲတွင် သူနှင့် ဆုံခဲ့လေသည်။
“သူ နယ်ကို သွားတာတောင် ငြိမ်းကို အသိပေးမသွားဘူး၊ ဘာလဲ...စိတ်လေသွားတာလား”
သည်တော့မှ သူ ရေးတေးတေး သဘောပေါက်လာသည်။ ငြိမ်းက မိမိ ရိုးရိုးသားသား ခရီးထွက်သွားတာကို သူ လက်ထပ် တော့မည်ဆိုသဖြင့် စိတ်မချမ်းမြေ့ဖြစ်ကာ လေလွင့်သွားခြင်းဟု ထင်နေဟန်ရှိသည်။ ဒါကြောင့် သူ လက်ထပ်မည့် ကိစ္စကို လည်းရွှေ့ဆိုင်းထားဟန်တူသည်။ ငြိမ်း၏ လက်ဖဝါးနုနု ကလေးများကို သူ အသာအယာ ဆုပ်ကိုင်ရင်း...
“ငြိမ်း...တကယ့်ဘဝဆိုတာ ဖတ်ကောင်းအောင် အကွက်ဆင်ရေးထားတဲ့ ဝတ္ထုတွေ၊ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ထဲကလို အစီအစဉ်တကျ ဖြစ်ပျက်နေတာ မဟုတ်ဘူး၊ ဖြစ်ချင်သလို ဖြစ်ပြီး ပျက်ချင်သလို ပျက်နေတဲ့နေ ရာမှာ ဘာကိုမှ မမျှော်လင့်ကောင်းပါဘူး ငြိမ်း”
ငြိမ်းက ခေါင်းညိတ်ရင်း သူ့ကို မော့ကြည့်သည်။ ငြိမ်း၏ အပြစ်ကင်းစင်သော ကြည်လင်သော မျက်လုံးများထဲတွင် မျက်ရည်စများ ဝေ့သီနေသည်။
“အစ်ကို ငြိမ်းကို မချစ်ဘူးလားဟင်”
သူ့ကို တစ်ခါမှ မမေးခဲ့ဖူးသော မေးခွန်းကို ငြိမ်းက စွန့်စားကာ မေးသည်။ ငြိမ်းအသံမှာ မသိမသာ တုန်ယင်နေသည်။ သူ နှင့် ငြိမ်း မျက်လုံးချင်း ဆုံမိကြ၏။ သူကစ၍ မျက်လုံးများကို လွှဲဖယ်လိုက်သည်။ နောက်ဆုံးတစ်ကြိမ် ပဲဖြစ်ဖြစ်၊ သည် တစ်ခါတော့ ငြိမ်းကို အနိုင်ပေးလိုက်ချင် ပါသည်။ ဆုပ်ကိုင်ထားသော ငြိမ်း၏လက်ကို တစ်ချက်မျှ ခပ်ဖွဖွ ညှစ်ပြီး လွှတ် လိုက်သည်။
“ကိုယ် ဘယ်သူ့ကိုမှ မချစ်ဘူးငြိမ်း၊ အဲသလို မချစ်မိအောင်လဲ သတိထားပြီး နေတယ်၊ လမင်းကိုဖြစ်ဖြစ်၊ သီချင်းတစ် ပုဒ်ကိုဖြစ်ဖြစ်၊ လူတစ်ယောက်ကိုဖြစ်ဖြစ်၊ သစ်သီးတစ်လုံးကို ဖြစ်ဖြစ်၊ ဘာကိုပဲဖြစ်ဖြစ် သတိလက်လွတ်ဖြစ်ပြီး ချစ်မိတာနဲ့ အဲ့ဒီလူဟာ ဒုက္ခနဲ့ ရင်ဆိုင်ရတော့တာပဲ မဟုတ်လား၊ တစ်ခုခု ကိုချစ်မိရင် အဲဒါကို ပိုင်ဆိုင်ချင်လာတယ်၊ ပိုင်ဆိုင်ရတော့ လောဘ ဖြစ်တယ်၊ မပိုင်ဆိုင်ရတော့ ဒေါသဖြစ်တယ်။ မခိုင်မြဲတဲ့ တရားလွှမ်းမိုးနေတဲ့ ဒီလောက ကြီးထဲမှာ ကိုယ်ကတော့ အရာရာကို သဘာဝအတိုင်းပဲ ရှိနေစေချင်တယ်။ တစ်ခုခုနဲ့ တစ်ခုခု၊ ဒါမှမဟုတ် တစုံတရာ နဲ့ တစုံတရာ တွေ့ထိတာလဲ သဘာဝပဲ၊ ကင်းကွာတာလဲ သဘာဝပဲ၊ ထိရင်လဲ ထိတဲ့အတိုင်း၊ ကွာရင်လည်း ကွာတဲ့အတိုင်း ရှိပါစေ၊ သဘာဝကို မလွန် ဆန်မိစေနဲ့၊ သဘာဝကို လွန်ဆန်မိတာနဲ့ အရှုံးနဲ့ အနိုင်ဆိုတာ ဖြစ်ပေါ်လာတော့မှာပဲ၊ အဲဒီ အရှုံးနဲ့ အနိုင်ဆိုတာ စိတ်ခံစားမှု အရသာ ကွဲပြားတယ်ထင်ရပေမယ့် အဓိပ္ပာယ်နဲ့ အနှစ်သာရကတော့ အတူတူပါပဲ ငြိမ်းရယ်”
အဲဒီနေ့က သူ့ ရင်ထဲမှာ ငြိမ်းအားရအောင် ငိုပြီးမှ ပြန်သွားခဲ့လေသည်။ မပြန်ခင် “ ငြိမ်းတော့ အစ်ကို့ကို ဘယ်လိုမှ နားမလည်နိုင်ဘူး” ဟု ပြောသေး၏။ သူက ပြုံးကာ ငြိမ်းရယ်မောစေရန် “ကိုယ်သာ စာအုပ်တစ်အုပ် ဖြစ်မယ်ဆိုရင် ငြိမ်းကို အရင်ဆုံး ဖတ်ခွင့်ပေးမယ်” ဟု ပြောခဲ့သည်။
ငြိမ်းပြန်သွားပြီး နောက်ရက်တွင် သူ သွားကိုက်နေခဲ့သည်။ တစ်ညနေ ဆန်ပြုတ်သောက်ပြီး အပြန်တွင်...
“ဟေ့ကောင်...မင်းဝေ” ဟု ခေါ်သံကြား၏။ လှည့်မကြည့်ဘဲ သူ့အစ်ကို အောင်ဖေညွန့် မှန်းသိလိုက်သည်။ သူ့အစ်ကိုက သူနဲ့ မျက်နှာချင်းဆိုင် လာရပ်ရင်း...
“မင်း နယ်က ပြန်ရောက်တယ်ကြားလို့ ငါ မင်းအခန်းကို နှစ်ခေါက် လောက်ရောက်သေးတယ်၊ မတွေ့လို့ တံခါးမှာ စာရေး ညှပ်ထားခဲ့တယ်၊ မင်းမရဘူးလား၊ (သူက အဖြေမပေးနိုင်ခင်) အဖေက မင်းကိုတွေ့ချင်လို့တဲ့၊ ဆေးရုံကိုလာခဲ့ဦး”
“ဟုတ်ကဲ့”
“အဖေတော့ မရတော့ပါဘူး၊ လည်ချောင်းကင်ဆာတဲ့”
လည်ချောင်းကင်ဆာ ဆိုသော စကားကို အသံတိုးတိုးနှင့် ပြော၏။ ကြောက်စရာ ရွံ့စရာ ကိစ္စတစ်ခုကို မလွှဲသာ၍ ပြန်ပြော ရသည့် လေသံမျိုး ဖြစ်၏။ ဦးလေး ဘာရောဂါလဲ ဆိုတာမေးဖို့ သူ့မှာ တာဝန်ရှိလျက်သားနဲ့ မေ့လျော့နေခဲ့သည်။ သူ့မျက်နှာ ကိုကြည့်၍ သူ့အစ်ကိုက...
“မင်း ဘာဖြစ်နေတာလဲ”
“သွားကိုက်နေတာ”
သူ့အစ်ကို မျက်နှာမှာ စိတ်ပျက်ဟန်ပေါ်လာသည်။ သူနှင့်တွေ့ဆုံလေ့ ရှိသည့် လူများ၏ မျက်နှာပေါ်တွင် မကြာခဏ ထို အမူအရာမျိုး ပေါ်လေ့ရှိတတ်တာ သူ သတိထားမိသည်။ ဝန်ခံရလျှင် ဤမျက်နှာမျိုး တခြားသူများ ထံတွင် မြင်ရလျှင် သူက လည်း ကျေနပ်မိလေသည်။
“မင်း အဖေ့ဆီ သွားလိုက်ဦးကွာ”
“ဟုတ်ကဲ့”
“မင်း မိန်းမယူတော့ မလို့ဆို”
“ဘယ်သူပြောလဲ”
“ငါ ကြားတာပဲ”
သူတို့ အတန်ကြာအောင် တိတ်ဆိတ်နေကြသည်။
“မိုးကလဲ ထပ်ရွာဦးမလား မသိဘူး”
“မိုးတွင်းပဲ အစ်ကိုရယ်”
ကောင်းကင် တပြင်လုံးမှာ မှိုင်းညို့နေသည်။
“ငါ့ကားပါလာတယ်၊ မင်းလိုက်မလား”
“ဟင့်အင်း”
“ဒါဖြင့် ငါသွားမယ်၊ သြော်...ဘတ်စပရို ဝယ်သောက်လိုက်ဦး”
တော်တော်ညံ့တဲ့ ဆရာဝန် သားပဲ ဟု မင်းဝေ မှတ်ချက်ချနေစဉ် သူ့အစ်ကို ခပ်သွက်သွက် ထွက်သွား၏။
နောက်တစ်လလောက် ကြာသောအခါ ငြိမ်းလည်း လက်ထပ်ပြီး၍ ဦးလေးလည်း ဆေးရုံပေါ်မှာ သေဆုံးသွားလေသည်။ ငြိမ်းက သူ့ထံကို ဖိတ်စာ ပို့လိုက်သေး၏။ နာမည်ကြီး ဟိုတယ်တစ်ခုမှာ ကျင်းပသော ငြိမ်းလက်ထပ်ပွဲကို သူ ကြိုးစားတက် ရောက်ရန် စိတ်ကူးထားသော်လည်း တကယ်တမ်း မရောက်ဖြစ်ခဲ့။ လက်ဖွဲ့ပစ္စည်းကိုတော့ လူကြုံနှင့် ပို့ခဲ့သေး၏။ သူ လူစု လူဝေး အခမ်းအနားများကို တွေ့ရသည်နှင့် ရွံရှာစိတ် ဖြစ်ပေါ်တတ်သဖြင့် ရှောင်ရှားနေ သည်မှာ ကြာလေပြီ။ တီကောင်ကို တစ်ကောင်ချင်းမြင်လျှင် မရွံလှသော်လည်း အထွေးလိုက် မြင်လိုက်သောအခါ ရွံသောစိတ်နှင့် တော်တော်တူသည်ဟု ထင်သည်။ သူ့ ဦးလေး အသုဘတွင်တော့ ဤကိစ္စကို မလွှဲသာမရှောင်သာ ရင်ဆိုင်ရပြန်သည်။ လူအတော်များများက သူ့ကို ဆရာဝန်ကြီး ဦးကျော်ခေါင်၏ သားအရင်း (အငယ်) ဟုပင် ထင်မှတ်နေကြ၏။
သူ့အစ်ကို အောင်ဖေညွန့် နှင့် တွေ့ပြီးနောက် တော်တော်ကြာသည်အထိ သူ ဆေးရုံကို မရောက်ဖြစ်သေး။ သွားနာ နေတာကို အကြောင်းပြကာ အခန်းထဲမှာ အောင်းနေသည်။ တစ်ညနေ လဟာပြင်ဈေးက ထမင်းစားပြီး အထွက် လမ်းမ ပေါ်တွင် ဖြတ်မောင်းသွားသော အသုဘယာဉ် ဖြူဖြူကြီး ကို မြင်တော့မှ ဦးလေးကို ဗြုန်းခနဲ သတိရလာသည်။ ဆေးရုံနှင့် လည်း ကပ်နေပြီ ဖြစ်သဖြင့် ရောက်ခဲ့သည်။ အစီအစဉ် မရှိသဖြင့် ဘာမှပင် ဝယ်မလာနိုင်။ အမှန်တော့ လည်ချောင်းကင် ဆာဖြစ်နေတဲ့ သေဆုံးလုဆဲဆဲ လူနာတစ်ယောက်အတွက် (လောကွတ်လုပ်စရာ မလိုချင်) စားသောက်စရာတွေ ဝယ်ခြမ်း နေစရာ မလိုအပ်လှမှန်း သိနေတာလည်း ပါသည်။
သူ့ ဦးလေးမှာ သိသိသာသာကြီး ပိန်ချုံးကျနေလေသည်။ အသားတွေလည်း ညိုခြောက်နေ၏။ အစာမဝင်တော့ ဟု ဆို သည်။ အရည်သောက်လျှင်ပင် လည်ချောင်းက မခံမရပ်နိုင်အောင် နာကျင်နေသည်ဟု သိရသည်။ အောင်ဖေညွန့်တို့ လင်မယားလည်း ဦးလေးနားတွင် ရှိနေသည်။
အပြင်ဘက်တွင် မိုးသည်းသည်းမည်းမည်း ရွာသွန်းနေသည်။ တမိုးလုံး မှိုင်းအုံ့နေသည်ကို ပြတင်းပေါက်ကတဆင့် သူ မြင်နေရ၏။ ဆေးရုံအတွင်းမှာ အလင်းရောင် အားနည်းလွန်းသဖြင့် အရာရာတိုင်း မှုန်တိမှုန်ဝါးဖြစ်နေသည်။ ဦးလေးက...
“မီးချောင်း ဖွင့်လိုက်စမ်းကွာ” ဟု ပြောသည်။ သူ့ဦးလေး အသံမှာ တစ်ခါမှ မကြားဖူးသော အသံဖြစ်နေသည်။ တိုးတိုးမျှင်မျှင် နှင့် အက်ကွဲကွဲ ရှတတ။ သူက ဘယ်ခလုတ် ဖွင့်ရမှန်းမသိဘဲ ယောင်နနဖြစ်နေစဉ် ခုတင်ခေါင်းရင်းမှ ခလုတ်တစ်ခုကို သူ့ အစ်ကိုက ဖွင့်လိုက်၏။ တခဏချင်းမှာ မီးချောင်းအရောင်ဖြင့် လင်းထိန်သွားသည်။ သူ့ဦးလေးက သူ့ကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား မြင်တွေ့သွားလိုသော ဆန္ဒရှိပုံ ရသည်။ သူကတော့ ခုန မှုန်တိမှုန်ဝါး အလင်းရောင်ပြပြ ထဲမှာ ဦးလေးနှင့် တွေ့ဆုံနေရတာကိုပဲ ပိုသဘောကျသေးသည်။ လူတစ်ဦးစီ၏ ဘဝတိုင်းထဲတွင် ရှိသော အမှောင်ရိပ်များထဲမှာ တခြားသူတွေ နှင့်လည်း မသက်ဆိုင်။ တခြားသူတွေလည်း နားမလည်နိုင်သော တသီးတခြားကိစ္စများ၊ သဏ္ဌာန်မပျက် လွတ်လပ်စွာ ခိုဝှက် တည်မြဲနေခွင့် ရှိစေချင်ပါသည်။
“ အဖေ နေရတာဘယ်လိုနေလဲ”
“ကောင်းပါတယ်”
အမှန်တော့ မေးပြီးမှ မှားမှန်းသိသည်။ ပြင်းထန်သော ဝေဒနာ တစ်ရပ်ကို ခံစားနေရတဲ့ လက္ခဏာရပ်တွေ အထင်အရှား မြင်နေရပါလျက် “နေရတာ ဘယ်လိုနေလဲ” ဟု သူ မမေးသင့်။ ဦးလေးကလည်း ဘာကြောင့် “ကောင်းပါတယ်” လို့ ဖြေရ တာလဲ၊ မေးလာတဲ့သူကို စိတ်ချမ်းသာချင်စိတ် တစ်ခုနဲ့တော့ သေလုဆဲဆဲ အချိန်မှာ မုသား မသုံးသင့်ပါဘူး။
သည်အချိန်သည် လူ့ဘဝတွင် အရေးကြီးဆုံးအချိန်။ ဒါမှမဟုတ် အရေးကြီးတာတွေ ဆုံးသွားသောအချိန် (အရေးမကြီး သောအချိန်) ဖြစ်မည်။ သဘောပေါက်မည်ဆိုလျှင် ဤအချိန်သည် လူ့ဘဝတွင် လွတ်လပ်အပေါ့ပါးဆုံး အချိန်လည်း ဖြစ်နိုင် သည်။ ထိုသူကို (ယခုအချိန်တွင်) ဘာကမှ ချည်နှောင်မထားနိုင်တော့၊ ဘာကမှ ချည်နှောင်ထားပိုင်ခွင့် လည်း မရှိတော့။ (ကိုယ်က ချည်နှောင်နေဆဲ ဆန္ဒရှိလျှင်တော့ မပြောတတ်။)
ဦးလေး ခုတင်ဘေးစားပွဲပေါ်တွင် စာအုပ်အထူကြီး တစ်အုပ်တွေ့သဖြင့် လှမ်းကြည့်မိလိုက်သည်။ ဆေးပညာစာအုပ် မဟုတ်ဘဲ နာမည်ကျော် ဆရာတော်တစ်ပါးရေးသည့် ဝိပ္ပဿနာရှုနည်း ကျမ်းကြီးဖြစ်နေသည်။ ဦးလေးက မျက်လုံးပိတ်ကာ မှိန်းနေ၏။ ထွက်လေဝင်လေကို မှတ်နေတာလည်း ဖြစ်နိုင်သည်။
သူ ဤဆေးရုံကို လာမိတာ မှားယွင်းမှုတစ်ခုကို ကျူးလွန်မိသလို ခံစားနေရသည်။ ယခုလို စကားမပြောဘဲ လူနာခုတင် ဘေးတွင် အေးတိအေးစက် ထိုင်နေရမည့်အစား လာမတွေ့ဘဲ နေတာက သူရော ဦးလေးအတွက်ပါ ပို၍ သင့်လျော်ဦးမည် ထင်သည်။ အမှန်တော့ သူနှင့် ဦးလေးအကြားတွင် လောကွတ်စကား မပြောကြစတမ်းဆိုလျှင် ပြောစရာစကားဟူ၍ မရှိလှ။ ဤသို့ ကုန်ခန်းနေခဲ့သည်မှာ ယခုမှမဟုတ်ဘဲ ကြာမြင့်လှပြီ ဖြစ်ကြောင်း သတိထား တွေးမိပြန်သည်။ ဘဝအပေါ် သဘော ထားပုံ၌ သူ နှင့် ဦးလေးသည် ဘယ်လိုမှ ညှိနှိုင်းရလိမ့်မည် မဟုတ်ကြောင်း နှစ်ဦးလုံး အလိုအလျောက် သဘောပေါက် ကတည်းက ဤကိစ္စကို သိမ်သိမ်မွေ့မွေ့ပင် ရှောင်ရှားခဲ့ကြသည်။ ဟန်ဆောင်၍ လောကွတ်စကားကို သူကလည်း အလေ့အ ထမရှိသဖြင့် မပြောတတ်။ (ဦးလေးကလည်း နားထောင်လိုစိတ် ရှိလိမ့်မည် မဟုတ်ချေ။)
ထိုင်ရင်း တိတ်ဆိတ်ခြောက်ကပ်ခြင်းရဲ့ အရသာကိုပင် သူနှစ်သက် နေမိပြန်သည်။ သူ့အစ်ကို အောင်ဖေညွန့်နှင့် သူ့ မိန်းမကလည်း ဘယ်ထွက်သွားလေသည်မသိ။ သူတို့အနားတွင် မရှိ။ သူ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ ရေးလက်စ ဝတ္ထု တစ်ပုဒ်အကြောင်း စိတ်ရောက်သွားပြန်သည်။ သူ့ဝတ္ထုမှာ ရေးပြီးမှ ဝတ္ထုနှင့် တူနေသဖြင့် ပြန်ဖျက်ဆီးနေရသော အကြောင်း ဖြစ်၏။ ဝါကျအကြောင်းကို သူ့ခေါင်းထဲမှာ စီရေးနေရင်း သူ့မျက်လုံးများက အမှတ်မထင် ဦးလေးထံရောက်သွားသည်။
မျက်တောင်မခတ်ဘဲ သူ့ကို ငေးစိုက်ကြည့်နေသော ဦးလေးကို မထင်မှတ်ဘဲတွေ့ရ၏။ သူ့တွင် ပေါ်ခဲလှသော အားတုံ့ အားနာစိတ်ကလေး အနည်းငယ် ပေါ်လာကာ ဦးလေးကို တောင်းပန်စကား ပြောမည်ဟု ရည်ရွယ်လိုက်သေး၏။ သို့သော် သူ့ကို စိုက်ငေး ကြည့်နေသည့် ဦးလေးမျက်လုံး များထဲတွင် တစ်ခါမှ မတွေ့ဖူးသော အရိပ်ကလေးတစ်ခု အမှတ်မထင် ဝင်းပြက်သွားတာကို မြင်လိုက်ရသဖြင့် ပြောဖို့ မလိုအပ်တော့ကြောင်း သိလိုက်၏။ ထိုအရိပ်ကလေးမှာ မျက်လုံးပေါ်က ပြန် ပျောက်သွားသည်။ (ရင်ထဲကို ခုန်ရွှေ့သွားခြင်း ဖြစ်သည်။)
“မင်း ဒီအတိုင်း နေတော့မလား”
“ဟုတ်ကဲ့” သူ သွက်သွက်လက်လက်ပင် ဖြေလိုက်၏။
“အေးလေ၊ ကိုယ့်ဘဝကိုယ် ကျေနပ်ရင် ပြီးတာပဲ”
စောတာနှင့် နောက်ကျတာပဲ ကွာခြားတာ၊ နောက်ဆုံးတော့ ဤအဓိပ္ပာယ်ကို လူတိုင်း နားလည်သွားသင့်သည်။
“ကျွန်တော်...”
ရုတ်တရက် မှောင်သွား၏။ မီးပျက်သွားသည်။
“ဒီလိုပါပဲကွာ”
ဦးလေးရဲ့ “ဒီလိုပါပဲကွာ” မှာ လေးနက်လှသည်။ လေသံက မကျေမချမ်းသံမဟုတ်၊ တောင်ပြိုတာကနေ အပ်ပျောက်တာ အထိ အဆက်မပြတ် ဖိစီးတင်းကျပ် နေသော လူသား၏ ဒုက္ခတရားများကို ခုတော့လည်း ခံနိုင်ရည် ပြည့်ဝစွာဖြင့် သဘော ပေါက်ကာ ဦးလေးသည် ဘဝတွင် ပြီးသင့်သလောက် လူု့ကိစ္စကို ပြီးစီးနိုင်ခဲ့ပြီ ထင်သည်။ အပြင်ဘက်တွင် မိုးက ရွာဆဲဖြစ် သည်။ မိုးစက်နှင့် တခြားအရာများ အရှိန်ပြင်းစွာ ထိတွေ့သံက အဆက်မပြတ် တရစပ် ဆူညံစွာ မြည်ဟိန်းနေသည်။ အခုတော့ တစ်လောကလုံးမှ အသံများကို မိုးသံက အားကောင်းစွာ ဖုံးလွှမ်းထားသည်။ တစ်ဖက်ခုတင်မှ လူနာနှင့် လူနာ မေးသူများ စကားပြောနေသည့် အသံ၊ ပန်ကာလည်သံ၊ စားပွဲပေါ်မှ ချိုင့်ခွက်ရွှေ့သံ၊ အင်္ဂတေကြမ်းပြင်ကို လျှပ်တိုက်ကာ လျှောက်သွားနေသော သူနာပြုဆရာမ၏ ခြေသံ၊ ဘာသံကိုမှ မကြားရ။ မိုးရွာသံကို နောက်ခံဂီတအဖြစ် အသုံးပြုထားသော အသံတိတ်ရုပ်ရှင်ကား တစ်ချပ်ကို ကြည့်နေရသလိုသာ ရှိသည်။ ဤနေရာတွင် အလင်းနှင့်အမှောင် တိတ်ဆိတ်ခြင်းနှင့် ဆူညံ ခြင်းကို ပူလောင်အေးစက်စွာ တွဲပျော့ရောစပ်နေသည်။
ဦးလေးက တစ်ဖက်သို့စောင်းကာ လှဲနေသည်။အိပ်နေသည်တော့ မထင်။ အတော်ကြာအောင် သူ ဆက်ထိုင်နေမိ၏။ အောင်ဖေညွန့်တို့ လင်မယား ပြန်ရောက်လာတော့ ဦးလေးကို နှုတ်မဆက်တော့ဘဲ ပြန်လာခဲ့သည်။
အပြင်ဘက်တွင် မိုးတိတ်နေလေပြီ။ သို့သော် မြေပြင်တွင် ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်နေဆဲ ရှိကာ တရုတ် စကားပွင့် ဖြူဖြူတစ်ချို့သည် ရေစီးထဲတွင် (မလိုက်ပါလိုဟန်) တွန့်ဆုတ်ချည် ထစ်ငေါ့ချည်နှင့်ပင်၊ တလိမ့်ခေါက်ကွေး ပွတ် တိုက်မျောပါသွားကြသည်။ သူလည်း ဆေးရုံကို နောက်ထပ်မရောက်တော့ဘဲ နောက်တစ်ပတ်လောက် ရှိသောအခါ ဦးလေးသေလေသည်။
ဘယ်မှမရောက်ဘဲ အခန်းထဲမှာ အောင်းကာ အတော်ကြာအောင် တစ်ယောက်တည်း နေနေသည်။ စာရေးစာဖတ်ပင် မလုပ်။ ပန်းဆိုးတန်းကိုလည်း မရောက်။ အချိန်များစွာ လေးထပ်တိုက်၏ ခေါင်မိုးပေါ်တွင် တစ်ကိုယ်တည်းရှိနေခဲ့၏။ ငြိမ်းကိုတော့ လွန်ခဲ့သော အပတ်က ဗိုလ်ချုပ် လမ်းပေါ်တွင် ကားကြီးတစ်စီးထဲမှာ ထိုင်ရင်း ပါသွားတာတော့ လှမ်းမြင်ခဲ့သေးသည်။ ခိုများလည်းမလာ၊ စွန်တက်လွှတ်သည့် ကလေးများလည်းမလာ၊ တခါတရံ အေးစက်သော မိုးပေါက်များသာ ပျင်းရိပျင်းတွဲ ကျနေတတ်သည်။ များသောအားဖြင့်မူ မိုးတိမ်များသည် ခပ်ဝေးဝေးဆီမှသာ လွင့်ပါသွားကြလေသည်။
တစ်နေ့ သူ ထမင်းစား ပြန်တက်လာသောအခါ ပိတ်ထားသော သူ့တံခါးကို မှီရပ်၍ သူ့အားစောင့်နေသော သူ့အစ်ကို အောင်ဖေညွန့် ကို တွေ့ရ၏။
“အစ်ကို ရောက်နေတာ ကြာပြီလာ”
“မကြာသေးပါဘူး၊ မင်းဘယ်သွားနေတာလဲ”
“ထမင်းဆင်းစားတာ”
အခန်းတံခါးသော့ကို ဖွင့်ရင်း သူဖြေသည်။ သူ့အစ်ကိုက...
“ငါက ဒါကို မေးတာမဟုတ်ဘူး၊ မင်းရန်ကုန်မှာ ရှိရဲ့လားလို့” ဟု အခန်းထဲကို နောက်မှ ဝင်လာရင်း ပြော၏။ တစ်လုံး တည်းသော ကုလားထိုင်မှာ သူ့အစ်ကိုက ထိုင်သည်။ သူက ခုတင်ပေါ်ထိုင်လိုက်ရင်း...
“ရှိပါတယ်....ဘာဖြစ်လို့လဲ”
“မတွေ့တာ ကြာလို့ပေါ့၊ အိမ်ကိုလဲ တစ်ခေါက်မှ မလာဘူး၊ ဆန်းဒေးကျရင် အိမ်ကိုလာဦး၊ ဟိုရောက်မှ ထမင်းစား”
“လူတွေ အများကြီးလား”
သူ့အစ်ကိုက စိတ်တိုသလို ပြန်ကြည့်ရင်း...
“မင်းရယ်...တို့လင်မယား ရယ်ပေါ့...ဒါပဲ”
“လာခဲ့မယ်လေ”
ထိုနေ့က လွယ်လွယ်ပြောလိုက်သော်လည်း ချိန်းထားသော (တနင်္ဂနွေ) နေ့ရောက်သောအခါ သူ မသွားတော့ ဟု ဆုံးဖြတ် မိပြန်သည်။ နံနက် ၁ဝ နာရီ ထိုးလုနီးအထိ အိပ်ရာထဲ လှဲနေသည်။
သူ့သွားကလည်း ကိုက်နေသည်။ ကိုက်နေသည်မှာ သုံးလေးရက် ရှိပြီ။ တခါတရံ ဆိုးဆိုးဝါးဝါးပင် ကိုက်ခဲ၏။ အပြင်တွင် မိုးကလည်း စိတ်ပျက်စရာကောင်းအောင် တစိုစို တစွတ်စွတ် ရွာနေသည်။ နေရောင်ကို ကောင်းကောင်းမမြင်ရသည်မှာ တစ်ပတ်ကျော်ကျော်ခန့် ရှိပေပြီ။ သွားကိုက်သည့် ဒဏ်ကြောင့်လား၊ အအေးဒဏ်ကြောင့်လား မသိ။ သူ့ကိုယ်လည်း နည်းနည်းနွေးနေ၏။ နောက်တော့ သူ စိတ်ကူးတစ်မျိုးပြောင်းကာ အင်္ကျီထလဲရင်း တိုက်ခန်းမှ ထွက်လာခဲ့၏။ သူ့အစ်ကို အောင်ဖေညွန့်သည် လေးနက်မှု မရှိသော်လည်း လူရိုးလူကောင်း တစ်ယောက်ဖြစ်သည်။ သူ့အပေါ်တွင်လည်း အစ်ကိုရင်း တစ်ယောက်နှင့် မခြား ရှိသည်။ အပြင်တွင် မိုးသည် အုံ့မှိုင်းနေသေးသော်လည်း တဖွဲဖွဲသာ ရွာတော့၏။ နံရံတွင် ချိတ်ထား သော ဂျင်းကွတ်အင်္ကျီကို သူ ကောက်ဝတ်ခဲ့သည်။
မိုးလင်းကတည်းက ဘာမှ မစားရသေးသဖြင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ထဲကို ဝင်ခဲ့သည်။ ဆိုင်ကမိုးခိုရင်း ဝင်စားသောက်နေသူတို့ နှင့် ပြည့်နေသည်။ သူ တစ်ကိုယ်တည်း ထိုင်၍ ရနိုင်သည့် စားပွဲလွတ် မရှိသဖြင့် လူနှစ်ယောက် ထိုင်နေသော စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်ရ၏။ သူ့ရှေ့မှ သူနှင့်မတိမ်းမယိမ်း လူနှစ်ယောက်သည် အသံကျယ်ကျယ်နှင့် စကားပြောနေကြ၏။
“အင်္ကျီဘယ်လောက် ပေးရလဲ”
မင်းဝေ၏ ဂျင်းကုတ်ကို လိုချင်သော မျက်လုံးနှင့် ကြည့်ကာ တစ်ယောက်ကမေး၏။
“ငှားဝတ်လာတာ”
မင်းဝေ ဤသို့ဖြေရင်း စိတ်ပျက်စ ပြုလာသည်။ လက်ဖက်ရည်ကလည်း ချိုလွန်းသည်ကလွဲ၍ ဘာအရသာမှမရှိ။ မင်းဝေက အချိုကြိုက်သူမဟုတ်။ သွားက နာလာပြန်သည်။ သူ့ဘေးက တစ်ယောက်က မေးပြန်၏။
“ဘယ်နှစ်နာရီ ရှိပြီလဲ”
“နာရီ ပျက်နေတယ်”
ထိုလူနှစ်ယောက် မကျေမချမ်း ဖြစ်နေစဉ် သူဆိုင်ထဲက ထွက်လာခဲ့သည်။ ထမင်းစားချိန် နောက်ကျနေမှာ စိုးသဖြင့် သူ ဘတ်စ်ကားတစ်စီးပေါ် တိုးတက်ခဲ့သည်။ ကားပေါ်ရောက်မှ သူ မှားမှန်းသိသည်။ ဘာကြောင့်အငှားကား တစ်စီးကို စီးသွား ရန် စိတ်ကူးမရသနည်း။
မှတ်တိုင်တစ်ခု အရောက်တွင် သူ့ဘေးမှ လူက တိုးဝှေ့ဆင်းရင်း သူ့ ခြေထောက်ကို တက်နင်းသွားလေသည်။ ဘတ်စ်ကားထွက်မည့် ဆဲဆဲ အချိန်မှာပင် မင်းဝေ အပေါက်သို့ တိုးဝှေ့ဆင်းလိုက်၏။
သူ့ရှေ့တွင် ထီးနက်ကြီးတစ်စင်းဆောင်းကာ လျှောက်သွားနေသော သူ့ခြေထောက်အား တက်နင်းသွားသူကို တွေ့ရ၏။ မင်းဝေ သူ့နောက်ကို ခပ်သွက်သွက် လျှောက်လိုက်လာခဲ့သည်။ မီသောအခါ ထိုသူ၏ ပခုံးကို ကိုင်ကာ ဆွဲလှည့်လိုက်သည်။ ထိုလူက နားမလည်နိုင်သလို ငေးကြည့်နေမိ၏။ မင်းဝေက ဘာမှမပြောတော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည်။
အောင်ဖေညွန့်တို့လင်မယား ထမင်းပွဲပြင်ပြီး သူ့ကို စောင့်မျှော်နေသောအချိန်တွင် မင်းဝေသည် သူ့အခန်းကို ရောက် နေကာ ခုတင်ပေါ်တွင် အေးအေးလူလူ လှဲလျက်ရှိ၏။
ဘယ်တုန်းက ပွင့်ခဲ့သည်မသိ။
သူ သတိမထားမိဘဲ ဆူးကြမ်းပင်တွင် လက်သည်းခန့်ရှိသော ပန်းဖြူဖြူကလေး တစ်ပွင့် အားကုန်ပွင့်၍ နေလေသည်။
သစ္စာနီ (ဒဂုန်၊ အောက်တိုဘာ ၁၉၈၆)
1 comment:
Thank for your blog. I'm not able to explain how I like "Thitsar Ni". But you can feel it, I believe.
Post a Comment