Sunday, August 23, 2009

စာအုပ်နှင့်လူ


သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ၍ ဖြီးသင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာ ပြန့်ကျနေသည်။ ရှုံ့တွတွ သူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့် အရေးအကြောင်း အတွန့်များ ပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိနေတတ်သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန် သည်လည်း သူ့နည်းတူ အိုမင်းနေလေပြီ။ သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြန်စေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင်ဆက်သွယ်ထား၏။

အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့်ပျယ်စပြုနေသော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူဝတ်နေကျ အဆင်အယင်များဖြစ်၏။ ကိုင်းနေသော သူ့ခါးကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံအင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိနေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲကို သူတရွရွဖြည်းညင်းစွာ လျှောက်လှမ်း ဝင်လာသည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲရှိ စာအုပ်သည်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြစမြဲပင်။

သူ့အမည်မှာ ဦးဘအိုဖြစ်သည်။ သို့သော် သူ့အမည်ကို ပန်းဆိုတန်းလမ်းထဲရှိ ဘယ်စာအုပ်သည်ကမှ မသိ။ အားလုံးက တညီတညွှတ်တည်း “ဆရာကြီး” ဟုသာ ရိုသေစွာ ခေါ်ဝေါ်ဆက်ဆံလေ့ရှိကြသည်။ သူတို့အားလုံးက ဤလူကြီးသည် တက္ကသိုလ်တစ်ခုခုမှ အငြိမ်းစား ပါမောက္ခအိုကြီး တစ်ယောက် သို့မဟုတ် စီးပွားပျက်သွားရှာသော စာပေမြတ်နိုးသည့် သူဌေးဟောင်းကြီး တစ်ယောက်ဖြစ် မည်ဟုသာ အတွေးကိုယ်စီနှင့် လက်ခံထားကြ၏။ သူဘယ်မှာနေသည်။ သူ့မိသားစု ရှိမရှိဆိုတာ ဘဝဇာတ်ကြောင်းကို မည်သူကမှမသိ။ သူတို့သိသည်က ဦးဘအို၏ လွယ်အိတ်ထဲတွင် အဖိုးတန်ရှားပါးသော စာအုပ်များ ပါလာတတ် သည်ဆိုသော အချက်သာဖြစ်၏။

ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း တစ်ဝိုက်သည် စာအုပ်ဟောင်းရောင်း ဝယ်သူများ၊ စာကြမ်းပိုးများ လေ့လာကျက်စားရာ ဒေသဖြစ်၏။ ထိုတစ်ဝိုက်က စာအုပ်သည်များသည် စာအုပ်ရောင်းလည်းရောင်း၏။ ဝယ်လည်းဝယ်၏။ ဦးဘအိုသည် သူတို့၏ ဖောက်သည်တစ်ဦးဖြစ်၏။ အဝယ်သမားဖောက် သည်မဟုတ် အရောင်းသမားဖောက်သည် ဖြစ်သည်။

အနှစ်နှစ်အလလက စုဆောင်းထားသမျှကို အကြောင်းအမျိုးမျိုးကြောင့် လာရောင်းကြသူတွေ လက်ထဲဝယ် အင်္ဂလိပ် မြန်မာစာအုပ်ကောင်းများ ပါလာတတ်၏။ အင်မတန်ချိုသာသော ဈေးနှုန်းဖြင့် ဝယ်ယူရသော စာအုပ်များကို ပြန်ရောင်းသောအခါ သူတို့နင့်ခနဲ အမြတ်ရလေ့ရှိသည်။ အခုတလော အထူးသဖြင့် အင်္ဂလိပ်လို ရေးထားသော ကမ္ဘာ့ဂန္တဝင်စာအုပ်များမှာ အဝယ်လိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အစိုးရစာအုပ်များမှာ နှစ်ကျပ်ခွဲ သုံးကျပ်နှင့် ဝယ်ခဲ့ရသော စာအုပ်များမှာ ယခုဈေးကွက်တွင် နှစ်ဆယ်၊ အစိပ်ဖြစ်နေသည်။ ကမူး၊ ဆတ်၊ ဂျွိုက်၊ ကပ်ဖကာ စသူတို့၏ စာအုပ်ဆိုလျှင် ထို့ထက်ဈေး ခေါ်ရ၏။ လေးငါးဆယ်ဆိုလည်း ဝယ်မည့်သူမနည်း။

စာရူးပေရူးကလေးများသည် ထိုဆိုင်များရှိရာသို့ ချောင်းပေါက်မတက် ရောက်လာကာ ကမ္ဘာ့ဂန္တဝင်တွင် ဖတ်ရခက်ခဲသည်ဆိုသော နာမည်ကြီးပေ့ဆိုသော၊ အနုပညာမြောက်လှသည်ဆိုသော စာအုပ်များကို ကြားဖူးနားဝလောက်ဖြင့် တဖွဖွ မေးကြဝယ်ကြသည်။ ထိုစာရူးပေရူးလေးများထဲတွင် တက္ကသိုလ်မှ ဆရာပေါက်စလေးများ၊ ကိုယ့်ကို ကမ္ဘာ့စာပေးနှင့် အကျွမ်းတဝင်ရှိသည်ဟု အထင်ခံချင်နေရှာသော ပိုက်ဆံရှိသားသမီးများ၊ စာရေးဆရာ ကဗျာဆရာပေါက်စကလေးများ စသဖြင့် လူစုံပါ၏။ ထိုအထဲမှ အတော်များများမှာ စာအုပ်နာမည်လောက်ပင် အတော်ကြိုးစားဖတ်ရမည့်သူတွေဖြစ်သည်။ သို့သော် ဟန်လုပ်ကာ အလုအယက်ဝယ်ကြသည်။ မဂ္ဂဇင်းတစ်စောင်မှာ ဂျိမ်းဂျွိုက် အကြောင်းပါလာလျှင် ဂျိမ်းဂျွိုက်စာအုပ် လာမေး၏။ သောမတ်မန်း အကြောင်းပါလာလျှင် သောမတ်မန်းစာအုပ်ကို လာမေး၏။ ဗာဂျီးနီယားဝုဖ် အကြောင်းပါလာလျှင်၊ ကပ်ဖကာအကြောင်းပါလာလျှင် မြန်မာလိုဆောင်းပါးကို ဖတ်ကာ အဲဒီစာအုပ်တွေ မရှိဘူးလားဟု အင်္ဂလိပ်လိုစာအုပ်ကို သူတို့ လာမေးတတ်ကြ၏။

စာအုပ်သည်များအဖို့ ထိုလူစုမှာ အမြတ်အစွန်းကြီးကြီးရနိုင်သော ပုံသေဖောက်သည်များဖြစ်၏။ ထို ချည်ပြီးတုတ်ပြီး ဝယ်သူများကို အရှည်သဖြင့် ဆွဲဆောင်ထားနိုင်ရန်အတွက် သူတို့စာအုပ်များကို ကြိုးစားရှာဖွေကြရသည်။ စာအုပ်ကောင်းများကလည်း ရှားပါးတန်သလောက် ရှားပါးနေ၏။ ထိုအခြေအနေမျိုးတွင် ဦးဘအိုမှာ သူတို့အတွက် တန်ဖိုးရှိလှသော အထောက်အပံ့ကောင်းကြီး တစ်ယောက် ဖြစ်နေလေသည်။

ထိုကြောင့် ဦးဘအို ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း စာအုပ်တန်းဘက်ကို ရောက်လာလျှင် အားလုံးလိုလိုက ပျုပျုငှာငှာ ကြိုဆိုလေ့ရှိကြ၏။ ဦးဘအို လာတိုင်းလည်း သူလွယ်လာသည့် လွယ်အိတ်ကြီးနှင့် တစ်လုံးစာအုပ်ကောင်းများ အပြည့်အသိပ် ပါလာတက်၏။ မြန်မာစာအုပ်များမဟုတ် တန်ဖိုးရှိ အင်္ဂလိပ် စာအုပ်များဖြစ်သည်။

ဒီနေ့လည်း ဦးဘအိုသည် သူ့ဆီမှ စာအုပ်ဝယ်နေကျ ပန်းဆိုးတန်းက ကိုတင်အိ ဆိုင်မှာ ရောက်နေ၏။ ကိုတင်အိဆိုသူက ဈေးနှိမ်ပေးလေ့မရှိ။ အရောင်း အဝယ်ဖြစ်ပြီးလျှင် လက်ဖက်ရည်တွေ ဘာတွေ တိုက်သေးသည်။ သူ နှင့် လူချင်းလည်း အတန်အသင့် ရင်းနှီးနေ၏။ ဦးဘအို လွယ်အိတ်အနက်ကြီးထဲ မှ စာအုပ်များကို ကိုတင်အိက အပြင်မှာ တစ်အုပ်ချင်းထုတ်ကာ ပုံရင်း... က “ဂျွန်ကိ၊ ရှယ်လီ၊ ဝီလျံဘလိတ်၊ ဒီအပတ် ဆရာကြီးစာအုပ်တွေက ရိုမန်တစ် ကဗျာစာအုပ်တွေချည်းပါလား၊ ကဗျာစာအုပ်ဆိုရင်လည်း ဟိုတစ်ခေါက်ကလို ရစ်ချက်ဝက်ဘာ၊ ရောဘတ်လိုဝယ် တို့၊ ပရဲဗတ် တို့လို မော်ဒန်ဆရာတွေဟာ ယူလာပါ၊ ဒါက ဒစ်ကင်း ဒါက ရောဘတ်ဖရော့၊ ဟာ....သောမတ်ဟာဒီ ဝတ္ထုတွေ တော်တော်များပါလား၊ ပါးလ်အက်စ်ဘတ် စာအုပ်တွေလဲ ပါတယ်။ သူတို့က လူသိပ်မဖတ်တော့ဘူး ဆရာကြီးရဲ့ ခေတ်ကုန်နေပြီ။”

ဦးဘအိုက ကိုတင်အိပြောသမျှ ခေါင်းသာညိတ်ပြ၏။ ထောက်ခံသည့် သဘောဖြင့်တော့ ဟုတ်ဟန်မတူ။ သူခေါင်းညိတ်နေပုံက “လောကကြီးအကြောင်း အလုံးစုံငါသိပါတယ်” ဆိုသည့် ပညာရှိကြီးတစ်ဦး တစ်ကိုယ်တည်းနှလုံးသွင်းနေပုံနှင့်သာ တူ၏။

“တော်သေးတယ် ဆရာကြီးရေ၊ ကမူးရဲ့ အောက်ဆိုက်ဒါစာအုပ် ကလေးရယ်၊ နာဘိုကော့ဗ်နဲ့ ဆောဘဲလ်ဘိုးရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ကလေးတွေရယ် ပါလာပေလို့၊ ဂျက်ကာရိုယက်၊ သောမတ်ပင်ချွန်း၊ စူဆန်ဆွန်တက်၊ ဒါက ဂျွိုက်စ်ကာရိုးအုတ်၊ သူတို့စာအုပ်အကြောင်းတော့ ကျွန်တော်လဲ ကောင်းကောင်းမသိဘူး”

ဦးဘအိုက ခေါင်းညိတ်ပြန်၏။ ဒီအဘိုးကြီးက စကားနည်းသည်။ ပညာရှိ ဆိုတာ မတီးလျှင် မမြည်တဲ့စည်နဲ့တူတယ်ဆိုတဲ့ စကားရှိသားပဲ။ တစ်လကို နှစ်ခေါက်သုံးခေါက် ထိုလူကြီး သူတို့ဆီိကို စာအုပ်တွေ လာရောင်းနေခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ။ သူရောင်းပြီးခဲ့သည့် စာအုပ်များကို ရေတွက်ကြည့်မည် ဆိုလျှင်တောင် အရေအတွက်အားဖြင့် နည်းမည်မဟုတ်တော့။ နောက်ရောင်းဖို့ အများကြီး ကျန်သေးတယ်ဟု ပြောဖူးသေး၏။ ဒီလောက်များတဲ့ စာအုပ်တွေကို ဖတ်မှတ်လေ့လာထားခဲ့ပြီးပြီဆိုတော့လည်း ဆရာကြီး ဤမျှ တည်ငြိမ်မှုရှိနေသည်ကို ဆန်းသည်ဟု မဆိုသာ။ တစ်ခါတလေ သူတို့က စာအုပ်တွေအကြောင်း ပြောလျှင်လည်း အပြုံးဖြင့်သာ နားထောင်နေတက်သည်။ အပြန်အလှန် လက်ခံဆွေးနွေးရလောက်အောင် သူတို့မှာ အရည်အချင်းမရှိဟု ယူဆလေသလားမသိ။

“ဆရာကြီး၊ သောမတ်မန်းရဲ့ “မက်ဂျစ်မောင်းတိန်း” မရှိဘူးလား၊ ဒီဘိုးဗွား ရဲ့ ‘အောဆက်အင်ဒန်း’ ရော၊ ဆင်ကလဲလွီ စာအုပ်တွေရောပေါ့၊ ယူလာခဲ့ပါ၊ အထူးသဖြင့် ကပ်ဖကာရဲ့ ရဲတိုက်စာအုပ်ရှိရင် လိုချင်တယ်။ ဈေးကောင်းရမယ် ဆရာကြီး၊ အဲဒီစာအုပ်ကိုတော့ ကျွန်တော့်ကို အော်ဒါမှာထားတာပဲ သုံးလေးဦးရှိ တယ်”

ဦးဘအိုက ခေါင်းညိတ်ပြန်သည်။

ဦးဘအို အိမ်ပြန်ရောက်တော့ မောမောဖြင့် လွယ်အိတ်ကို ကြမ်းပြင်ပေါ်ချသည်။ အိမ်က ထွက်သွားစဉ်က စာအုပ်များဖြင့် ပြည့်နေသော လွယ်အိတ်ကြီးမှာ အိမ်ကို ပြန်လာတော့ ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်တို့ဖြင့်ပြည့်လာ၏။

သူ့အိမ်က ဆယ်မိုင်ကုန်းမှာရှိသည်။ ဓနိမိုး ထရံကာအိမ် ခပ်သေးသေးသာ ဖြစ်သည်။ အိမ်ပေါ်မှာ တန်ဖိုးကြီးသော ပရိဘောဂဟူ၍ မရှိ၊ ဖရိုဖရဲဖြစ်နေသော စာအုပ်ပုံကြီးတစ်ပုံတော့ရှိ၏။

စာအုပ်ပုံကြီးကိုမြင်တော့ ကွယ်လွန်သူ သူ့ဆရာကြီး ဦးအောင်ဆက်ကို ဦးဘအို သတိရလာသည်။ ဦးအောင်ဆက်သည် ရန်ကုန်တက္ကသိုလ် ဌာနတစ်ခုမှ ပါမောက္ခကြီး တစ်ဦးဖြစ်သည်။ သူ့ဘဝကို စာပေလေ့လာခြင်း၌သာ ထာဝရ မြှပ်နှံထားခဲ့သော လူပျိုကြီးတစ်ဦးဖြစ်သည်။ ဦးအောင်ဆက် တာဝန်ထမ်းဆောင် နေစဉ်ကတော့ တက္ကသိုလ်ကပေးသော အိမ်တစ်ဆောင်တွင်နေ၏။ ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်ဖြစ်သော ဦးအောင်ဆက်အဖို့ အိမ်ထောင်ထိန်းသိမ်းရန် လူတစ်ဦး လိုနေသည်။ ထမင်းချက်၊ အဝတ်လျှော်ကအစ တာဝန်ယူနိုင်မည့်သူ ဖြစ်ရမည်။ သို့သော် သူက လူလွတ်တစ်ဦးဆိုတော့ မိန်းမအဖော်နှင့်လည်း မသင့် တော်ပြန်ချေ။ သို့ဖြင့် မိတ်ဆွေတစ်ယောက်၏ ဆက်စပ်ပေးမှုနှင့် သူ့ဆီကို ဦးဘအို ရောက်လာသည်။

ဦးဘအိုကလည်း တောက တက်လာသော တစ်ကောင်ကြွက်တစ် ယောက်ဖြစ်၏။ တခြားအလုပ် မရခင်စပ်ကြား ခဏ ခိုနားမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ဦးအောင်ဆက်ထံ ရောက်ခဲ့သော ဦးဘအိုမှာ မထင်မှတ်ဘဲ အနှစ်လေးဆယ်ကျော် ဦးအောင်ဆက် သေဆုံးချိန်အထိ အတူနေဖြစ်ခဲ့လေတော့သည်။

တက္ကသိုလ်ကျောင်းတော်ကြီးမှ ဦးအောင်ဆက် အငြိမ်းစားယူသောအခါ သူတို့ဆရာတပည့်နှစ်ဦး ဤဆယ်မိုင်ကုန်းမှာ အိမ်ကလေးတစ်လုံးဆောက်၍ ပြောင်းရွှေ့နေကြသည်။ ဦးအောင်ဆက်၏ အငြိမ်းစားလစာငွေမှာ အသုံးအဖြုန်း မရှိသော ဆရာတပည့်နှစ်ယောက်၏ စားဝတ်နေရေးအမှုအတွက် ဖူလုံ၏။ ဦးအောင်ဆက်မှာ စုဆောင်းပြီး ငွေကြေးဟူ၍ မည်မည်ရရမရှိ။ တစ်သက်လုံး သူ ရခဲ့သမျှမှာ စာအုပ်ဝယ်ခြမ်းဖြင့် ကုန်ခမ်းခဲ့သည်။ သူချမ်းသာသမျှမှာလည်း စာအုပ်များသာ ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကတော့ ဦးဘအိုထက် ဆယ်နှစ်ကြီးသော ဦးအောင်ဆက် သေဆုံးသွားလေသည်။ သူ့အတွက် ဦးအောင်ဆက်ချန်ရစ်ခဲ့ သော အမွေပစ္စည်းမှာ များမြောင်လှစွာသော စာအုပ်များသာဖြစ်၏။

လက်ထဲမှာရှိသမျှ ငွေကြေးကလေး ကုန်ခန်းသွားသောအခါ အိုမင်းမစွမ်းရှိ ပြီဖြစ်သော ဦးဘအိုသည် စားဝတ်နေရေးအခက်အခဲ ကြုံလာသည်။ ယခုလို အခါမျိုးတွင် သူ့ ၌လုပ်ကိုင်စားနိုင်သော ခွန်အားလည်း မရှိတော့။ ရောင်းချစားစရာ ငွေကြေးလည်း မရှိ။ သို့ဖြင့် တစ်နေ့ ပန်းဆိုးတန်းဘက်ရောက်ခိုက် အင်္ဂလိပ်စာအုပ်များရောင်းနေသော စာအုပ်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ ‘ဒီလိုစာအုပ် တွေ ရောင်းရင် ဝယ်သလား’ ဟုမေးမိ၏။ ဆိုင်ရှင်က ‘ယူခဲ့ပါ ဆရာကြီး ကျွန်တော်ကြည့်ပေးပါမယ်’ ဟု ဆိုသည်။

သည်လှိုနှင့် နောက်နေ့တွင် စာအုပ်များကို လွယ်အိတ်တစ်လုံးနှင့် ထည့် ယူလာကာ သြူုပ၏။ ဆိုင်ရှင်က ဝမ်းသာအားရဝယ်၏။ ဆိုင်ရှင်ထံမှ သူဘယ်လိုမှ ထင်မှတ်မထားသော ငွေကြေးကို ရသဖြင့် ဦးဘအို အံ့အားပင်သင့်နေသည်။ သူ ယူလာသော စာအုပ်နှစ်ဆယ်ကို တစ်အုပ်ငါးကျပ်နှုန်းဖြင့် ရှင်းပေး၏။ တစ်ကြိမ် က သူပိုက်ဆံပြတ်ခိုက် ရပ်ကွက်ထဲတွင် စက္ကူလည်ဝယ်သည့် သူတစ်ဦးကို ခေါ်ရောင်းဖူး၏။ တစ်ပိသာ သုံးကျပ်ခွဲပဲရခဲ့သည်။ ဆိုင်ရှင်က နောက်ရှိရင်လည်း ယူလာခဲ့ပါဦးဟု မှာသည်။ သို့ဖြင့် ဦးဘအိုသည် ဈေးသုံးလိုတိုင်း ပန်းဆိုးတန်းကို လွယ်အိတ်တစ်လုံးနှင့် ရောက်လာကာ စာအုပ်ရောင်းသူဖြစ်လာသည်။ သို့သော် တစ်လကို နှစ်ကြိမ်သုံးကြိမ်ထက် သူပိုမရောင်း။ သူ့မှာ ဒီထက်ငွေပို မလိုသော ကြောင့် ဖြစ်သည်။

အခုတော့ သူ့ဆရာပေးခဲ့သော အမွေအနှစ်များဖြင့် သူကြီးပွားနေသည်ဟု ဆိုနိုင်သည်။ စာအုပ်များသာမက သူ့ဆရာကျန်ခဲ့သည့် အဝတ်အစားအဟောင်း များမှာလည်း သူ့အဝတ်အစားဖြစ်ခဲ့သည်။ တိုက်ပုံအင်္ကျီကတော့ သူနှင့် နည်း နည်းပွနေသည်။ သို့သော် ဝတ်ဖို့ပြင်မနေနိုင်။ ပြီးတော့ သူ့ဆရာကျန်ခဲ့သည့် မျက်မှန်။ မျက်မှန်က အိုဟောင်းနေသော်လည်း သူ့အတွက် စပါးလုံးရွေးရာတွင် ကောင်းကောင်း အသုံးဝင်နေသေ၏။ စာအုပ်စင်များကိုတော့ သူခွဲခြမ်းကာ ထင်း စိုက်ပစ်ခဲ့သည်။ သူက ပါမောက္ခတစ်ယောက်မှ မဟုတ်တာ။ ခမ်းခမ်းနားနား စာအုပ်စင်တွေ ဘာတွေလည်း မလိုလှပါဘူးဟု တွေးမိသည်။ စာအုပ်တွေကို ခုလို ကြမ်းပြင်ပေါ်တွင် စုပုံထားလည်း ရတာပဲဟာ။

စာအုပ်များမှာ အစီအရီရော ဖရိုဖရဲပါ အပြိုပြိုအလဲလဲကျ ထွေးသီထပ် တင်နေသည်။ ကမူး၏ ပလိပ် ဝတ္ထုစာအုပ်မှာ ကြွက်ကိုက်ထားသဖြင့် စုတ်ပြတ်နေ၏။ တော်စတွိုင်း၏ အင်ညာကရီနီနာ ခြေရင်းတွင် ဂျိုးဇက်ကွန်းရဒ်၏ လာ့ဒ်ဂျင် လဲကျနေသည်။ အရင်းကျမ်းမှာ ခြများစားလျက်ရှိသည်။ ဟင်နရီဂျိမ်း၏ ချိုးငှက်အတောင်ပံများမှာ ဂျက်လန်ဒန်၏ သံဖနောင့်အောက် ရောက်နေ၏။ မားကွပ်၏ အထီးကျန်နှစ်တရာမှာ ပင့်ကူမျှင်များ ငြိတွယ်နေ၏။ ရုဖ်အယ့်လီဆင်၏ ကိုယ်ပျောက်သူမှာ ပိုးဟတ်ချေးများ စွန်းကွက်နေသည်။ ဗာဂျီးနီးယားဝုဒ်၏ လှိုင်းများအပေါ်တွင် ဂျိမ်းဂျွိုက်၏ ယူလီစီးရောက်နေ၏။ ဒီအိတ်ခ်ျလောရင်၏ လေဒီချက်တာလီချစ်သူမှာ မျက်နှာဖုံးမရှိတော့။ ကဝါဘာတား၏ နှင်းပွင့်တိုင်း ပြည်မှာ ဖုန်အလိမ်းလိမ်းတင်နေသည်။ နှုတ်ခမ်းမွှေး တထောင်ထောင်နှင့် ပိုးဟပ် တစ်ချို့က စာအုပ်ပုံထဲမှ ထွက်လာကာ ဦးဘအိုကိုငေးကြည့်ကြ၏။ ထိုအထဲမှ တစ်ကောင်ကို ဦးဘအိုက ချစ်စနိုးဖြင့် ကောက်ယူလိုက်ကာ ‘မင်းတို့လဲ စာအုပ်တွေကို စားပြီး အသက်ရှင်နေရတဲ့ကောင်တွေ၊ ငါနဲ့ ဘဝတူပေါ့ကွာ’ ဟု ဆိုသည်။ ဦးဘအိုသည် ထိုအကောင်များကို မောင်းပစ်လေ့မရှိချေ။

မှောင်စပျိုးပြီ ဖြစ်သဖြင့် ဦးဘအို မီးအိမ်ကို ထွန်းညှိနေဆဲမှာ တိုက်ခတ်လိုက်သော လေအေးတစ်ချက်က စုတ်ပြဲနေသော ဝါးထရံပေါက်မှ တိုးဝှေ့စိမ့်ယိုဝင်လာ၏။ ဤထရံကို သူ အသစ်ပြန်မလဲနိုင်သေးခင် လေလုံအောင် ထရံအပေါက်များကို စက္ကူနှင့်ကပ်ကာ ပိတ်ဖို့ကိစ္စကို သတိရလာ၏။ ထို့ကြောင့် စာအုပ်ပုံထဲက လက်လှမ်းမီရာ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ကာ စာရွက်များကို တစ်ရွက်စီဖြုတ်၍ ထမင်းလုံးကော်နှင့် သုတ်ရင်း ထရံမှာ ကပ်နေမိ၏။

ထိုကဲ့သို့ သူဆုတ်ဖြဲ၍ ထရံပေါက်ကို ကပ်ပစ်လိုက်ကာ စာအုပ်မှာ စာအုပ်သည်များက လိုချင်တပ်မက်စွာ တဖွဖွမှာကြားနေသည့် ကပ်ဖကာ၏ ရဲတိုက် စာအုပ်ဖြစ်ကြောင်းကိုမူ ဘယ်တုန်းကမှ စာမသင်ဖူးသဖြင့် အင်္ဂလိပ်လိုဝေး၍ မြန်မာလိုပင် တစ်လုံးမှ မတတ်ရှာသော ဦးဘအိုတစ်ယောက် သိနိုင်ရှာလိမ့်မည် မဟုတ်ပါချေ။

သစ္စာနီ (အခြားသောအရာများနှင့် လူ၊ ဝတ္ထုတိုစုစည်းမှု)

Wednesday, August 19, 2009

ပိုလျှံနေသော ဝါကျများ


(၁)
ငါးဟာ...
ရေကိုမသိသလို
လူတွေဟာ...
မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။

(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်ကအစ
တစ်ခါသုံးဘောပင်အထိ
ကျွန်တော်တို့...
ဖန်းဆင်းခဲ့ကြ။
ဘာသာစကားကနေ
ဆင်ဖိုနီဓာတ်ပြားအထိ
အင်တာနက်ကနေ
ထရိုဂျင်းနစ် မြင်းရုပ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
စည်သွပ်ဘူးကနေ
ဆိုကရေတီး အဆိပ်ခွက်အထိ
အိတ်ခ်ျအိုင်ဗွီပိုးကနေ
အင်္ဂါဂြိုဟ်သွားယာဉ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
ပိရမစ်ကနေ
စက္ကူနဲ့လုပ်တဲ့ပန်းအထိ
ဆံပင်ဆိုးဆေးကနေ
အာဏာရှင်စနစ်အထိ
လူကနေ...
လူပုံတူမျိုးပွားအထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်
ဟဲလို၊ဟိုင်း၊ဟေး
ယဉ်ကျေးခဲ့ကြပါတယ်။
လေးနဲ့မြားကိုတင်တတ်အောင်
ကောက်တဲ့အခွန် ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေဝင်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီ ဝတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံးသုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယား ဗုံးလုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ်လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေး ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

(၄)
ဒီလိုနဲ့...
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့။
သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စိနဲ့။
နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ ဓာတ်ပြားနဲ့ နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။
ရှူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ဝါဒနဲ့။
စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်ဖြေဖို့အတွက်
စီးကရက်နဲ့ အလေလိုက်စရာနဲ့
အမဲပစ် ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံးလေတစ်လုံးဘဝင်နဲ့။
ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။
သေဆုံးဖို့အတွက်
သံသရာနဲ့သင်္ချိုင်းနဲ့
(သေပြီးမှ)...
သတိရကြမယ့် လူတွေနဲ့။

(၅)
ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓရှိတယ်
နစ်ရှေးရှိတယ်။
မဟတ္ထမဂန္ဒီရှိတယ်
စတာလင်ရှိတယ်။
မိုးဇက်ရှိတယ်
ဗာဂျီးနီးယားဝုဖ်ရှိတယ်။
သောမတ်အယ်ဒီဆင်ရှိတယ်
ဂျက်ဆင်ပိုးလော့ရှိတယ်။
အက်တလတ်ရှိတယ်
ပီတာဝိုင်ယာရှိတယ်။
ဆစ်မဂန်ဖရွိုက်ရှိတယ်
ကိတ်ဝင်းဆလက်ရှိတယ်။
ဖူကူမားယားရှိတယ်
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်းရှိတယ်
အိုစမာဘင်လာဒင်ရှိတယ်။
ကျွန်တော်တို့မှာ
တိရိစ္ဆာန်ရုံရှိတယ်
ဘေးမဲ့တောရှိတယ်။
ဂေါက်ကွင်းရှိတယ်
အကျဉ်းထောင်ရှိတယ်။
စိပ်ပုတီးရှိတယ်
ဆန့်ကျင်ဘက်လိင်ရှိတယ်။
စီးနေတဲ့မြစ်တွေရှိတယ်
ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။
ဝိုင်အိုလက်ပေါင်ဒါရှိတယ်
အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။
သစ်ခွပန်းရောင်စုံရှိတယ်
အသားကြိတ်တဲ့စက်ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်
လကွယ်ညရှိတယ်။
ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်
ချွေးနံ့ပျောက်ဆေးရှိတယ်။

(၆)
ဒီလိုနဲ့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။
ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံဝါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓာတ်လှေကား အလုအယက်ဆင်းလို့။
ပိုတမ်ကင်သဘောင်္က အမြောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကိုမပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ့်နဲ့တော်သလို အင်္ကျီင်္ချုပ်ဝတ်လို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို့
သစ်ပင်တွေကိုခုတ်လို့
သစ်ပင်တွေကိုစိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေမျှားလို့
ငါးတွေလွှတ်လို့၊
မှားတာတွေမှန်လို့
မှန်တာတွေမှားလို့
သေရမှာကြောက်လို့
သေရမှာမကြောက်လို့။

(၇)
သမိုင်းနိဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင် တိတ္ထုံကိုကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။

(၈)
သင့့် 
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ
ဒီဝါကျတွေက အစ မလိုသလိုပေါ့။

သစ္စာနီ (ဟန်သစ် - နိုဝင်ဘာ၊ ၂ဝဝ၄)

Saturday, August 15, 2009

နားမလည္ဘူးအက်ႌ


ကျွန်တော် ဝတ်ထားသောအင်္ကျီကို နားမလည်ဘူးအင်္ကျီဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက်အရသာဖြစ်ပါသည်။

ဉာဏ်တုံးသော သိုးတွေမှာ အင်္ကျီမရှိပါ။
စပ်စုတတ်သော မျောက်တွေမှာ အင်္ကျီမရှိပါ။
ရန်လိုတတ်သောမြေခွေးတွေမှာလည်း အင်္ကျီမရှိပါ။

ထို့နောက်...
ထို့နောက်... တို့တွင်လည်း အင်္ကျီမရှိပါ။

ကျွန်တော့်တွင် အင်္ကျီတစ်ထည်ရှိပါသည်။ ကျွန်တော်ဝတ်ထားသော အက်ႌ ကုိ “နားမလည္ဘူး အက်ႌ” ဟုခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက် အရသာ ဖြစ်ပါသည်။ “ရှင့်ကို ကျွန်မနားမလည်ဘူး” (ကျွန်တော့်ချစ်သူကပြောခဲ့သည်) “မင်းကိုတို့နားမလည်ဘူး” (ကျွန်တော့်မိဘများပြောခဲ့သည်) “ခင်ဗျားကို ကျွန်တော်တို့နားမလည်ဘူး” (ကျွန်တော်၏ မိတ်ဆွေများနှင့် ရန်သူများ က ပြောခဲ့သည်) “ကျွန်တော်က စာအုပ်မဟုတ်ပါဘူး” (ကျွန်တော် က ပြောခဲ့သည်။ ငြင်းဆန်ခြင်းအတွက် ရှက်ရမှန်းမသိသော ကာလများက ဖြစ်သည်။) မည်သူကမျှ နားမလည်သည်ဖြစ်စေ၊ ထို အင်္ကျီမှာ ကျွန်တော်နှင့်တိုင်းချုပ်ထားသည့်အလား အသားကျနေပြီ ဖြစ်သဖြင့် ချွတ်ပစ်ရန်မဖြစ်နိုင်တော့ပါ။

ဟောဟို လူကတော့ လမ်းဘေးက ဘေထုပ်ထည် အဝတ်ဟောင်းပုံကြီးကို မွှေနှောက် ရှာဖွေလို့ပေါ့။ စုတ်ဖတ်ဖတ် အောက်သိုးသိုး အနံ့အသက်နှင် ထိုဈေးပေါပေါ အင်္ကျီ ဟောင်းများကို ဝယ်ဝတ်ဆင်သော ထိုလူ၏ ချိုင်းကြားထဲတွင် ခေတ်မရှိတော့သော နိုင်ငံရေးကျမ်းစာအုပ် တစ်အုပ်ကို ညှပ်ထားတာတွေ့ရ၏။

ဟောဟို လူကတော့ စပ်ဖြဲဖြဲ အဆင်နှင့် အရောင်မခိုင်သော အထည်စ ကို ကိုင်ကာ အပ်ချုပ်ဆိုင်တွင် ရပ်ရင်း(ခပ်ပွပွချုပ်ပေးပါ) ဟုအော်နေသည်။ ထို အပ်ချုပ်ဆိုင်နာမည် က “ခေတ်အကြိုက်” ဆိုလားဘာလား မသိ။

ဟောဟို လူကတော့ မီနီမတ်ကတ် တစ်ခုတွင် ရယ်ဒီမိတ် အင်္ကျီ တစ်ထည်အား တံဆိပ်ကို ကြည့်၍ ဝယ်ယူနေလေသည်။ ခုလို အသင့်ချုပ်ပြီးသားတွေ ဝယ်ဝတ်ရ တော့ မပင်ပန်းဘူးပေါ့ ဟု ပြောလိုက်သေးသည်ဟု ထင်ပါသည်။

လူတို့သည် အင်္ကျီအမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးဖြင့် ဝယ်ဝတ်လျှက်ရှိပါသည်။ ပလေတိုး၏ မျက်စိနှင့်တူသော ကြယ်သီးပေါက် ကျဉ်းကျဉ်းများ၊ မတော်လောဘနှင့်တူသော အိတ်ပွပွကြီးများ (တချို့အင်္ကျီ များတွင် လူမမြင်အောင် တပ်ဆင်ထားသော အိတ်ခိုးများလည်း ပါသေးသည်။) ဂျူးလီယက်ဆီဇာ၏ ဓားနှင့်တူသော ကော်လာ ချွန်ချွန်များ။ သို့သော် ထို အင်္ကျီ များအားလုံးမှာ ဆင်ခြင်ခြင်းနှင့် ကိုက်ညီအောင် ချုပ်လုပ်ထားရာ၌ အားလုံးတူပါသည်။ (ဥပမာ ညီညာသေသပ်သော ချုပ်ရိုးချုပ်သားများ) ထိုအင်္ကျီများတွင်လည်း ကျွန်တော်၏ အင်္ကျီအမည် (နားမလည်ဘူး) ကဲ့သို့ပင် အနည်းဆုံး အမည်နာမ တစ်ခုစီတော့ ရှိကြပါသည်။ ဥပမာ အမြင်မကျယ်ခြင်း၊ လှေနံဓားထစ်၊ မစ္ဆရိယစိတ်၊ ငါ အမှန် စသဖြင့် ဖြစ်ကြပါသည်။ ကျွန်တော့်အင်္ကျီ အမည် ကတော့ နားမလည်ဘူး ဖြစ်ပါသည်။

ကျွန်တော်သည် အဖြေတစ်ခု ထွက်ရမည့် သင်္ချာတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ပြဠာန်းခံ အရာဝတ္တုမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် မိုးကျလျှင် ပွင့်ရမည့် စံပယ်တစ်ပွင့် မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် အိုင်းစတိုင်း၏ ရီလေတီဗတီ သီဝရီ မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ယုတ္တိဗေဒ အနည်ထိုင်နေသည့် ဦးနှောက်များ စားသုံးရမည့် မနက်စာ အာဟာရတစ်ပွဲမဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ငွေတစ်ရာပေးသူတိုင်းကို အဖုံးဖွင့်ခွင့်ပေးသည့် ရေခဲစိမ်ဘီယာ တစ်ပုလင်းမဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ လောကတွင် ကျွန်တော် မမျှော်လင့်ဆုံးသော အရာမှာ လူများ၏ နားလည်မှုပင် ဖြစ်ပါသည်။

ကျွန်တော် ဝတ်ထားသော အက်ႌကုိ “နားမလည္ဘူး အက်ႌ” ဟုခေါ်ပါသည်။ ထိုအင်္ကျီမှာ လူတို့ နားမလည်နိုင်သော ကောင်းကင်တစ်ခု၊ လူတို့ နားမလည်နိုင်သော အတောင်ပံတစ်စုံ၊ လူတို့ နားမလည်နိုင်သော အလင်းဓာတ် တစ်စုံတစ်ရာ၊ လူတို့ နားမလည်နိုင်သော ဥယျာဉ်တစ်ခု၊ လူတို့ နားမလည်နိုင်သော တူရိယာ တစ်လက်၊ လူတို့ နားမလည်နိုင်သော..... နားမလည်မှုများဖြင့် ချုပ်ထားသော အင်္ကျီ ဖြစ်ပါသည်။ ထိုအင်္ကျီကို ဝတ်ဖို့အတွက် ကျွန်တော် အဖိုးအခ အနည်းငယ်သာ ပေးခဲ့သည်။ ထိုအဖိုးအခ မှာ လူမှား၏ မုန်းတီးခြင်းပင် ဖြစ်ပါသည်။ (လူများ၏ မုန်းတီးခြင်း မှာ ကျွန်တော့်အတွက် ပဲဝက် မျှလောက်ပင်မတန်သော အရာဖြစ်ပါသည်။) ထိုအင်္ကျီ ကိုဝတ်ဆင်မည်ဆိုလျှင် သင်သည် အရည်အချင်း သုံးရပ်နှင် ပြည့်စုံရန် လိုပါသည်။ ထို အရည်အချင်းများမှာ...
(၁) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း
(၂) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း နှင့်
(၃) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း တို့ဖြစ်ပါသည်။
အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံပြီဆိုလျှင် သင်လည်း ကျွန်တော့်လို အင်္ကျီတထည် ရနိုင်ပါပြီ။ လိုချင်လျှင် အောက်ပါလိပ်စာအတိုင်း တောင်းယူနိုင်ပါသည်။ လိပ်စာမှာ သင်နှင့် အဝေးဆုံးဟုဆိုရမည့် သင်ကိုယ်တိုင်၏ အသည်းနှလုံး ထဲမှာသာ ဖြစ်ပါသည်။

သစ္စာနီ (စင်တော် ဝတ္တုတိုပေါင်းချုပ် - ၁၉၉၈)

စက်ဝန်း


လောကထဲမှာ
နွားတစ်ကောင်ရဲ့အရည်ခွံကဖြစ်တဲ့
ဖိနပ်ရယ်...
ရေခိုးရေငွေ့ကဖြစ်တဲ့
မိုးတိမ်ရယ်...
သစ်ပင်ကဖြစ်တဲ့
ကုလားထိုင်ရယ်...
ပန်းပွင့်ကဖြစ်တဲ့
အဆိပ်ရယ်...
စကားလုံးကဖြစ်တဲ့
သိက္ခာရယ်...
နေရောင်ကဖြစ်တဲ့
အရိပ်ရယ်...
ဘာကဖြစ်မှန်းမသိတဲ့
လူရယ်...
လူကဖြစ်တဲ့
ပိုက်ဆံရယ်...
ပိုက်ဆံကဖြစ်တဲ့
လောကရယ်...
လောကထဲမှာ...
...
...

သစ္စာနီ (၁၉၉၆)

Wednesday, August 12, 2009

ထိုတောအုပ်


လောကဓံတရားဆိုတာ
ရှစ်ပါးထက်မပို
သင့်နာရီကို လောလောဆယ်တိုက်ဖို့မလို
တစ်ယောက်နဲ့တစ်ယောက် ညီဖို့မလို
မက်ဒေါနားကို ကျွန်တော်ကြိုက်ဖို့မလို
အဲသလို လက်ခံပြီဆိုရင်
လာလေ သွားကြစို့
သီချင်းတွေရှိတဲ့ လက်ဘက်ရည်ဆိုင်
ကုလားထိုင်မှာ ဘာမှအပြစ် မရှိပါဘူးကွယ်။

ဘယ်ရီကရင်ကိုလွမ်းတဲ့ ဆံပင်များ
ခွဲထွက်သွားတဲ့ ထိပ်ပါးပါးနဲ့
ငါလေ… တစ်ခါတုန်းက
ဝ,လုံးကို ဝိုင်းအောင်ရေးဖို့က
ရည်မှန်းချက် စခဲ့တဲ့ သူပဲပေါ့။

ဟေ့ သူငယ်
ပြက္ခဒိန်စာရွက်ကိုဆုတ်
စက္ကူလှေ မလုပ်လိုက်ပါနဲ့။

တစ်နပ်စာအတွက် ပင်လယ်
ရယ်မောမှုကို ကုတ်နဲ့ကော်ရ
ရောင်စုံပူဖောင်းရောင်းသမား
တစ်ခါတစ်လေ ထီပေါ်မှာ အတိတ်ရေးမိ
ပိတ်ကားပေါ်က ဒင်းကလေးအကြောင်းပြော
မာကျောသော အရာတစ်ခုတော့ရှိရဲ့
အဲဒါဟာ ကျွန်တော့်ယပ်တောင်ပါ
အနတ္တလက္ခဏသုတ်လည်းပါ
ရာသီအလိုက်ပွင့်တဲ့ ပန်းတွေလည်းပါ
ဂြိုဟ်တုသတင်းလည်းပါ (အဲသလိုနဲ့)
ပါဝါများများတိုး(မျက်မှန်)
သွေးများများတိုး
အသိဉာဏ်ကလည်း နည်းနည်းတိုးခဲ့ရ။

ကလေးတွေကို လှည့်စားရန်
နံရံတွင် အရုပ်ဖြင့်ပြုလုပ်
အရုပ်ပေါင်းများစွာ
ကျွန်ုပ်တို့လက်များ လိမ္မာကြစို့။

သစ္စာနီ (ရသမိုးကောင်းကင်(၁) ကဗျာမဂ္ဂဇင်း)

Tuesday, August 11, 2009

ကျွန်တော့်ဆံပင်တွေ ရှည်တုန်းက


( ၁ )
ကျနော်ဆံပင်တွေရှည်တုန်းက၊...
ကျနော် အရပ်မရှည်ပါ။ ကျနော့်အင်္ကျီကော်လံကတော့ ရှည်ပါသည်။ ကျနော်ကြိုက်သော ကောင်မလေးကလည်း ရှည်ပါသည်။ (သူမအရပ်အမောင်းကိုမှီရန် သို့မဟုတ် မီသည်ဟုအထင်ရောက်စေရန် ကျနော်သည်ခွာလေးလက်မခန့်မြင့်သော ဟိုက်ဟီးရှူးဖိနပ်ကို သူမနှင့်ဆုံရန်ရှိတိုင်း ဂရုပြုကာ စီးလေ့ရှိပါသည်။) ကျနော့်ရည်းစားစာကလည်း ရှည်ပါသည်။ သို့သော် ကျနော်၏ တစ်ဖက်သတ် အချစ်ဇာတ်လမ်းကတော့ မရှည်ပါ။ ကောင်မလေးသည် သူမ၏ချစ်သူ(ကျနော့်ထက်ရော သူမထက်ပါ အရပ်ပိုရှည်သောငနဲ)နှင့် လက်ဆက်သွားပါသည်။ သူတို့၏ အိမ်ထောင်ရေးသက် ရှည်မရှည် ကျနော်မသိပါ။ ကျနော့်အလွမ်းတွေ ရှည်နေခဲ့သည်မှာ နောက်ထပ်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်နှင့်ကျနော် တွေ့ဆုံခွင့်ရသည့် အချိန်ထိဖြစ်လေသည်။

( ၂ )
ကျနော်ဆံပင်တွေရှည်တုန်းက၊....
ကျနော့်ခြေထောက်တွေလဲ ရှည်ပါသည်။ (လမ်းများခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ကျနော့်အဖေကတော့ အလည်လွန်နေလျှင် ကျနော်ကိုယ်တာ ထမင်း၊ဟင်းများကို နောက်ဖေးလမ်းကြားသို့ လွှင့်ပစ်လိုက်ပါသည်။ သတ်မှတ်ချိန်ထက် နောက်ကျပြန်လာလျှင်(သူ့သတ်မှတ်ချိန်မှာ ည,ကိုးနာရီဖြစ်ပါသည်။) တံခါးဝတွင် ကြိမ်လုံးနှင့်စောင့်ကြိုနေတတ်သည်။ သို့မဟုတ် တံခါးဖွင့်မပေးဘဲ ထားကာ အိမ်အပြင်တွင် အိပ်စက်စေသည်။ သူ့အပြစ်ပေးမှုများမှာ ကျနော့်အတွက် ထူးခြားထိရောက်မှုမရှိပါ။ သူက ကျနော့်ဆံပင်ရှည်သည်ကိုကြည့်မရ။ အတန်းတစ်တန်းတွင် နှစ်အရှည်ကြီးနေတာကို မနှစ်မြို့။(ကိုးတန်းတွင် ၅ နှစ်နှင့် ဆယ်တန်းတွင် ၅ နှစ်နေထိုင်ခဲ့သည်။) ကျနော့်ကျောင်းသုံးဗလာစာအုပ်များမှာ ကဗျာအကြမ်းများနှင့် ပြည့်ကျပ်ထူပိန်းနေသည်။ ကျနော် မိုးရေထဲတွင် လမ်းအရှည်ကြီး လျှောက်ခဲ့သည်။ ထိုလမ်းသည် အဖေလျှောက်စေချင်သော လမ်းမဟုတ်။ သူနှင့်ကျနော့် ကြားမှ အဆင်ပြေမှုများသည် သူကွယ်လွန်သည့် အချိန်ထိ ရှည်လျားနေခဲ့သည်။

( ၃ )
ကျနော့်ဆံပင်တွေ ရှည်တုန်းက၊...
ကျနော့်သူငယ်ချင်းများလည်း ဆံပင်ရှည်ကြသည်။ ဘီတဲလ်တို့လည်းဆံပင်ရှည်ကြသည်။ ရိုလင်းစတုန်းတို့လည်း ဆံပင်ရှည်ကြသည်။ ကမ္ဘာပေါ်ရှိ လူငယ်များလည်း ဆံပင်ရှည်ကြသည်။ ကျနော်တို့ (ဆံပင်ရှည်များ) မိန်းမနှင့် ကလေးများက ကြောက်လန့်ကြပြီး ဆံပင်တိုသော ယောက်ျားများက ရွံ့မုန်းခဲ့ကြသည်။ လမ်းသရဲဟု အမည်တပ်ကြသည်။ ကျနော်တို့သည် စတီရီယိုဟုခေါ်သော သီချင်းများကို ဆိုကြသည်။ လမ်းမများပေါ်တွင် ရန်ဖြစ်ကြသည်။ အိမ်တွင် မပျော်ပိုက်ကြ။ ပုန်ကန်သူများဖြစ်ကြသည်။ ဘုရားမရှိခိုးသူများဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ထူထောင်သူများဖြစ်ခဲ့ကြသည်။ ဂျင်းဘောင်းဘီဝယ်ရန် အိပ်မက်မက်ခဲ့သည်။ ကျနော်အသက်သည် ၂၀ ကျော်ဖြစ်သည်။ တိုက်ပုံဝတ်သူများကို စစ်ကြေငြာခဲ့သည်။

( ၄ )
ကျနော့်ဆံပင်တွေ ရှည်တုန်းက၊....
လပေါ်ကို လူတို့ခြေချခဲ့ကြသည်။ မာက်စ်ဝါဒသည် မျိုးဆက်သစ်တို့ ဖက်ရှင်ဖြစ်ခဲ့သည်။ လက်ဖက်ရည်တစ်ခွက်၏တန်ဖိုးမှာ တစ်မက်ဖြစ်သည်။ အိုင်စတိုင်း၏ ရီလီတီးဗစ်တီ သီအိုရီကို ကြားခဲ့ဖူးသည်။(နားမလည်ပါ။) အင်းယားကန်ထဲတွင် ရေကူးခဲ့ကြသည်။
သမ္မတကနေဒီ သေနတ်ဖြင့် အပစ်ခံရသည်။ ကက်သရင်းဒညုကို လက်ထက်ချင်နေခဲ့သည်။ ကျနော့်တွင် တက်ထရွန်အင်္ကျီ နှစ်ထည်ရှိနေခဲ့သည်။ ကျနော့်ကို ကျနော် အရေးပါသောသူဟု ထင်နေခဲ့သည်။ ပန်းချီကို ဆရာမရှိဘဲ ရေးနေခဲ့သည်။ ဟောလီးဝုဒ်ကားများရုံတင်သည့် ရုပ်ရှင်ရုံများတွင် အချိန်ကုန်နေခဲ့သည်။ ဘော်ဘီဖစ်ရှား၏ စစ်တုရင်အကွက်များကို လေ့လာနေခဲ့သည်။ ချီဂွေဗားရား အတ္ထုပတ္တိကို ငါးခါပြန်ဖတ်နေခဲ့သည်။

( ၅ )
ကျနော့်ဆံပင်တွေ ရှည်တုန်းက၊....
ဘရစ်တနီစပီယား နှင့် အိန္ဒြာကျော်ဇင်တို့ကို မမွေးသေးပါ။ စကြဝဠာ နှင့် အချိန်၏ အစ (မဟာပေါက်ကွဲမှု) ကိုရှာဖွေမတွေ့သေးပါ။ ဘာလင်တံတိုင်းကြီးကို မဖြိုဖျက်ရသေးပါ။ ရုပ်မြင်သံကြား မကြည့်ဖူးသေးပါ။ အိုဇုန်းလွှာလည်း မပေါက်ပြဲသေးပါ။ မဟာစည် ဆရာတော်ဘုရား ပျံလွန်တော်မမူသေးပါ။ ကျနော် စာကြည့်မျက်မှန် အသုံးမပြုသေးပါ။ သန်လျင် နှင့် ရန်ကုန်ကို တံတားမထိုးရသေးပါ။
ကျနော့်ဆံပင်တွေရှည်တုန်းက၊.......
ကျနော် ယခုလိုဆံပင်မတိုပါ။


သစ္စာနီ

Monday, August 10, 2009

နေနှင့် ဖုန်းဆက်ခြင်း


ဟဲလို
နေမင်းပါလား
အခုစကားပြောနေတာ
ကဗျာဆရာပါ။

ခင်ဗျားကို
အင်ကာတွေက ရှိခိုးတယ်
ဟာနုမာန်က ဆော့ကစားတယ်
မာယာကော့စကီးက
လက်ဘက်ရည်တိုက်တယ်
ကျုပ်က ဖုန်းဆက်တယ်။

ဘုရားသခင်က ပြောတယ်
သူဖန်ဆင်းတဲ့ ခင်ဗျားဟာ
နှာဆေးချောင်းဆိုး ကင်းရဲ့လားတဲ့။

လေအေးစက်က ပြောတယ်
သူချွေးမထွက်တာ ကြာပြီတဲ့။

တိမ်တိုက်တစ်ခုက ပြောတယ်
သူ့ရေကူးကန်ဟာ ရွှေရောင်တဲ့။

နွားတစ်ကောင်က ပြောတယ်
မျက်မှန်စိမ်းတစ်လက်လောက်
လိုချင်တယ်တဲ့။

လမင်းကပြောတယ်
ခင်ဗျားပို့လိုက်တဲ့ သံကြိုးစာ
မရောက်ပါတဲ့။

နေကြာပန်းက ပြောတယ်
သူမျှားနေတဲ့ငါးဟာ ခင်ဗျားတဲ့။

ကလေးတစ်ယောက်ကပြောတယ်
ခင်ဗျားမှာ ဦးထုပ်တစ်လုံးရှိသလားတဲ့။

အရုဏ်ဦးက ပြောတယ်
ခင်ဗျားရဲ့ အိပ်ခန်းတံခါးကိုခေါက်တာ သူပါတဲ့။

အရိပ်တစ်ခုက ပြောတယ်
သူ့မှာ ကျည်ကာအင်္ကျီတစ်ထည်ရှိတယ်တဲ့။

ဇီးကွက်တစ်ကောင်က ပြောတယ်
ခင်ဗျားဟာသူ့ရဲ့ အကောင်းဆုံးအိပ်ဆေးတဲ့။

တပေါင်းလက ပြောတယ်
သူထဘီအသစ်တစ်ထည် လဲချင်ပြီတဲ့။

ခင်ဗျားကို ကျုပ်က ပြောတယ်
မြင်းမိုရ်တောင်ထိပ်မှာ
ရာသီဥတု သာယာပါရဲ့လား။

သစ္စာနီ (ရုပ်ရှင်တေးကဗျာ - သြဂုတ်၊ ၁၉၉၁)

မနက်ဖြန်ထွက်မယ့်နေ


ကျွန်ုပ်မှာသာ အခွင့်အရေးရှိမည်ဆိုလျှင် မဟာစကြာဝဠာတံတိုင်းပေါ်မှာ ကဗျာတစ်ပုဒ် ရေးချင်ပါသည်။ အာဒံကို အေဒင်ဥယျာဉ်ထဲက သစ်သီးအား မစားဖြစ်အောင် တားမြစ်ချင်ပါသည်။ မောင်ချောနွယ်ကို အိုင်ယာလန်ပို့ချင်ပါသည်။ ဟစ်တလာကို ပန်းပဲမောင်တင့်တယ်နှင့် အလဲအထပ် ရိုက်ချင်ပါသည်။ ဖြစ်တည်မှုပဓနဝါဒကို ငရဲမီး စားကြည့်ချင်ပါသည်။ ဟီရိုရှိးမားမြို့ထဲက သြဂုတ်(၆) ရက်နေ့ကို ထာဝရနုတ်ယူထားချင်ပါသည်။ အီရတ်သို့သွားကာ ဒေါ်လာ ၂၅ သန်းတန် ဆက်ဒမ်ဟူစိန်အား ရှာဖွေချင်ပါသည်။ မိုက်ယ်အိန်ဂျလို၏ လက်များကို ကျောက်တုံးဖြစ်အောင် ဖန်ဆင်းချင်ပါသည်။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို ခြောက်မူးတစ်ပဲနှင့် ဝယ်လိုပါသည်။ (ပြန်အမ်းငွေမယူပါ) လူတိုင်းတွင် အခွင့်အရေး ရှိမည်ဆိုပါက အခွင့်အရေးကို အခွင့်အရေးဟု အမည်ပေးကြလိမ့်မည် မထင်ပါ။ အမည်ဆိုသည်မှာ…

ဆိုကရေးတီးသောက်ခဲ့သော အဆိပ်ခွက်၏အမည်မှာ အမှန်တရားဖြစ်ပါသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး စကြဝဠာကို အမဲလိုက်ခဲ့သော သူ၏အမည်မှာ စတီပင်ဟော့ကင်းဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံအမည်မှာ “ဝိုင်” ဖြစ်ပါသည်။ ကျေးပိုင် ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာမြေကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစည်းအမည်မှာ မီးဖြစ်ပါသည်။ ၁၉၄၆ ခု၊ အောက်တိုဘာလ (၃ဝ) ရက်နေ့တွင် ဘုရားသခင်လက်မှ လွတ်ကျတော်မူခဲ့သော ပစ္စည်း၏ အမည်မှာ သစ္စာနီဖြစ်ပါသည်။ (ကံအားလျော်စွာ ကွဲရှသွားသည်) ကျွန်ုပ်ကြိုက်ခဲ့ပြီး ကျွန်ုပ်မရခဲ့သော မိန်းမများ၏အမည်မှာ ဂျိမ်းဖွန်ဒါ၊ ကက်သရင်း ဒဲန်ညူ၊ နမ်စီကွမ်၊ ရှမီလာတဂိုးနှင့် ခင်မေအောင်တို့ဖြစ်ပါသည်။ သို့မဟုတ် အမည်နာမများမှာ ပညတ်များသာဖြစ်ပါသည်။ သို့မဟုတ် အမှန်တရား၊ သိပ္ပံပညာ၊ လူ၊ စနစ်၊ ရမ္မက်၊ သေခြင်းတရားနှင့် အရာအားလုံးမှာ ပညတ်များသာဖြစ်သည်။ ပညတ်ဆိုသည်မှာ မသေချာသော အရာဖြစ်ပါသည်။

ကျွန်ုပ်တွင် ဝတ္ထုတစ်ပုဒ်ရှိသည်မှာ သေချာပါသည်။ သို့သော ထိုဝတ္ထုထဲတွင် ဇာတ်လမ်းပါရန်မှာ မသေချာပါ။ သည်ပန်းသည် ရနံ့မွှေးသည်မှာ သေချာပါသည်။ သို့သော် သည်ပန်းကို နှင်းဆီဟု ခေါ်ကြောင်း မသေချာ။ ကလီယိုပက် ထရာကိုကိုက်သည့် ပန်းသီးခြင်းထဲမှ မြွေသည် အဆိပ်ရှိကြောင်း သေချာပါသည်။ သို့သော် ထိုမြွေသည် မြွေဟောက်ဖြစ် ကြောင်း မသေချာ။ စာရေးဆရာညိုသစ်တွင် အိမ်ထောင်မရှိကြောင်း သေချာပါသည်။ သို့သော် လူပျိုဖြစ်ကြောင်း မသေချာ။ သည်အရာမှာ ရွှေတစ်ကျပ်သားဖြစ်ကြောင်း သေချာသည်။ သို့သော် ရွှေစစ်စစ်ဖြစ်ကြောင်း မသေချာ။

မနက်ဖြန် နေထွက်မည်လား မသေချာ။ မသေချာခြင်းမှာ နောက်ဆုံးပေါ် သိပ္ပံနည်းကျ အယူအဆဖြစ်ပါသည်။ ရူပဗေဒသိပ္ပံနယ်တွင် ထင်ရှားလှသော ဟိုင်ဇင်ဘတ်ခ်၏ မသေချာမှုနိယာမ (Uncertainty Principle) ကို သင်ကြားဖူးပါသလား။ လူမှုရေးသိပ္ပံနယ်တွင် သတင်းနည်းပညာတော်လှန် ရေးက မွေးထုတ်လိုက်ကာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ဝိသေသတစ်ခုအဖြစ် Uncertainty မရေရာမှုသီအိုရီကို ရောဘတ်ဆင်မျူရယ်ဆင်လို ပညာရှင်တွေ ကိုင်စွဲအသုံးပြုနေကြသည်ကို သင်ကြားဖူးပါသလား။ အနုပညာနယ်ပယ်တွင် ပို့စ်မော်ဒန်တို့၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ဝုဖ်ဂန်အဇ္ဇာ Wolfgang Iser ၏ ရှိမှုမရေရာခြင်း သဘောတရားခေါ် Ontological Uncertainty ကို သင်ကြားဖူးပါသလား။ သင်ကြားဖူးသည်မှာ သေချာပါသလော။ သေချာသည်မှာ မသေချာပါ။
(မှတ်ချက် သည်ဝတ္ထုကို ဟွန်းမဲ့ဇုံအဖြစ် သတ်မှတ်ထားပါသည်။)


သစ္စာနီ (ရုပ်ရှင်အမြုတေ - နိုဝင်ဘာ၊ ၂၀၀၃)

Friday, August 7, 2009

လေကိုရှူရှိုက်ခြင်း ဒုတိယပုံစံ


အဲသလိုနဲ့...
သန်းပေါင်းလေးထောင်ထဲမှာ
ခင်ဗျားဟာ နံပါတ်ဘယ်လောက်ဖြစ်ခဲ့ပါသလဲ။

လောကမှာ...
လူတွေ များတယ်
ဖိနပ်တွေ များတယ်
ကဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ များတယ်။

လူဆိုတာ...
အမဲသား စားတယ်
ဘောင်းဘီ ဝတ်တယ်
အိမ်ထောင် ပြုတယ်
စီးကရက် သောက်တယ်
(ကိုယ်မလုပ်တဲ့ အလုပ်တစ်ချို့ပေါ့)

လူဆိုတာ...
သတင်းစာ ဖတ်တယ်
ပိရမစ် ဆောက်တယ်
စပါး စိုက်တယ်
အာကာသထဲ လမ်းလျှောက်တယ်
(ကိုယ်မလုပ်တဲ့ အလုပ်တစ်ချို့ပေါ့)

လူဆိုတာ...
အကုသိုလ်ကို အကြွေးဝယ်နိုင်တယ်
လေခွန် မဆောင်ရဘူး
သေရင် သင်းချိုင်းရှိတယ်။

သင်ဟာ...
အောက်ဆီဂျင်နဲ့ ထိုက်တန်ပါရဲ့လား။

သစ္စာနီ (ဂီတပဒေသာ - ၁၉၈၄)

Thursday, August 6, 2009

ပဉ္စလက်


မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတဝင် ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာတွေက လက်မထပ်ဘဲ အတူတူ နေလို့။

နေ့ခင်းကျတော့…
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင် ထိုးရနဲ့
(သူပဲ ပွဲတိုင်း ရှုံးလေ့ရှိတယ်)။

လူဆိုတာ…
စနစ်တကျ ပျက်စီးတတ်ဖို့ လိုတယ်
ညကျရင်
ဂျနီဖာလိုပက်ကို
အိပ်မာက်မက်ပစ်မယ်။ ။

သစ္စာနီ (စတိုင်သစ် - ၂၀၀၂)

ဓမ္မသီချင်း


သဘောတူသည် ဖြစ်စေ
သဘောမတူသည် ဖြစ်စေ
၂၃၁/၂ ဒီဂရီ တိမ်းစောင်းခဲ့ပြီ
ကျေးပိုင် ကျွန်ပိုင်ခေတ် ဖြစ်ထွန်းခဲ့ပြီ
အိုဇုန်းလွှာ ပေါက်ပြဲခဲ့ပြီ။

သဘောတူသည် ဖြစ်စေ
သဘောမတူသည် ဖြစ်စေ
လ ပေါ်မှာ ခြေချခဲ့ပြီ
အချိန်ကာလကို စက်တပ်ခဲ့ပြီ
အလင်းရောင်ကို ချုပ်နှောင်ခဲ့ပြီ။

သဘောတူသည် ဖြစ်စေ
သဘောမတူသည် ဖြစ်စေ
ဆော့ခရတ္တိ အဆိပ်သောက်ခဲ့ပြီ
နောဧသင်္ဘောကိုဆောက်ဖို့ နောက်ကျခဲ့ပြီ
ဘုရာသခင်ဟာ ကြွေအန်ကစားခဲ့ပြီ။

သစ္စာနီ (Idea - စက်တင်ဘာ၊ ၂၀၀၀)

Wednesday, August 5, 2009

ကြားနေကျသတင်း


အက်ႌတစ္ထည္ထဲမွာ
ကျွန်ုပ်နဲ့သင် ပါတယ်
ဘက်တီးရီးယားပိုး ပါတယ်
လိင်ဆွဲဆောင်မှု ပါတယ်
၃၁-ဘုံ ခရီးသွားလက်မှတ်လဲ ပါတယ်။

နာရီတစ်လုံးထဲမှာ သံပတ်ပါတယ်
မစားရသေးတဲ့ ပန်းသီး ပါတယ်
သမိုင်းဝင်စစ်ပွဲတွေ ပါတယ်
ခြတောင်ပို့လဲ ပါတယ်။

ရေခဲမုန့်တစ်ခွက်ထဲမှာ
မလိုင် ပါတယ်
နို့မ၀တဲ့ကလေးရဲ့ မျက်ရည် ပါတယ်
ရွှေရောင်တိမ်တိုက် ပါတယ်။

ဆေးထိုးအပ်တစ်ခုထဲမှာ မိုးရေ ပါတယ်
ငွေလုပ်တဲ့စက် ပါတယ်
သေမင်းရဲ့ မျက်လုံး ပါတယ်။

ခေါင်းထဲမှာ ဘာမှ မပါပါဘူး။ ။

သစ္စာနီ (ဟန်သစ် - ဇွန်၊၁၉၉၁)

ကျွန်ုပ်ဘက်က ကိစ္စများ


ဒီအသီးကို ဘယ်အပင်က ခူးသလဲလို့
သင်တို့ ငါ့ကိုမေးကြ။

ဒီအင်္ကျီကို ဘယ်ဆိုင်က ချုပ်ခဲ့သလဲလို့
သင်တို့ ငါ့ကိုမေးကြ။

ဒီသရဖူကို ဘယ်သူက ဆောင်းပေးခဲ့သလဲလို့
သင်တို့ ငါ့ကိုမေးကြ။

မေးခွန်းများဟာ လျှာများကို အပျင်းပြေစေတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ တောင်ပံတစ်စုံ ရှိတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ ကောင်းကင်တစ်စုံ ရှိတယ်။

သစ္စာနီ (မိုးဝေ - ၁၉၈၇)