Saturday, March 26, 2011

အမည်မဲ့ (၃)


သင့်အိမ်ပြတင်းတံခါးကို ဖွင့်လိုက်ပါ
သင်ဟာ
ကောင်းကင်တစ်ခုကို ရလိမ့်မယ်
အဲဒီ ကောင်းကင်ကို ထပ်ပြီး ဖွင့်လိုက်ပါ။

လမင်းနဲ့ ...
ဘေထိုဗင်ရဲ့ မွန်းလိုက်ဆိုနာတာ
ဓါတ်ပြားရယ်
ပန်းပေါင်းစုံနဲ့ လုပ်ထားတဲ့
ပန်ကာရယ်
လက်မထပ်ပဲ အတူနေလို့ရတဲ့
ဥတုသုံပါးရယ်ကို ရလိမ့်မယ်။

ပြီးတော့ ...
မြက်ခင်းစိမ်းစိမ်း တစ်ရာနဲ့
လိပ်ပြာ တစ်ရာရယ်
ချောင်းခဏခဏ ဆိုးတတ်တဲ့
အမှန်တရားရယ်
ဆက်ဆက်လာမယ်ဆိုတဲ့
နေရောင်ခြည်ရဲ့ ကတိစကားရယ်
ဒေါက်ဖိနပ်မစီးလို့ ချော်လဲတဲ့
ကဗျာရယ်ကို ရလိမ့်မယ်။

ပြီးတော့ ...
ဖွင့်ထားတဲ့ ကောင်းကင်ရယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်တစ်ခုရယ်
ဖွင့်ထားတဲ့ သင်ကိုယ်တိုင်ရယ်ကို
သင် ရလိမ့်မယ်။

သင့်အိမ်ပြတင်းတံခါးကို
ပိတ်ထားလိုက်ပါ။

အဲသလိုဆိုရင် သင်ဟာ
သံချေးတက်နေတဲ့ အမှောင်ထုရယ်
နေကာမျက်မှန် တပ်ထားတဲ့ မောဟရယ်
သင့်အသည်းနှလုံးထဲမှာ မြုံနေတဲ့
(ချောက်ချားဖွယ်) ငလျင်တစ်ခုရယ်ကို
ရလိမ့်မယ်။

သစ္စာနီ (ပိတောက်ပွင့်သစ် မဂ္ဂဇင်း – စက်တင်ဘာ၊ ၁၉၉၁)

No comments: