Wednesday, August 31, 2011

အမည်မဲ့


ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။

ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ။

ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။

ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။

ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့။

ကဲ… ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။


သစ္စာနီ (စတိုင်သစ် - ဇူလိုင်၊ ၂၀၀၃)

Saturday, August 20, 2011

အတ္ထုပ္ပတ္တိမဲ့ မှန်တစ်ချပ်

ခင်ဗျားအနေနဲ့ အပျင်းပြေလို့ သဘောထားနိုင်ပါတယ်။ တစ်ကယ်လည်း ကျုပ်တို့အားလုံး ပျင်းနေကြတယ် မဟုတ်လား။ မနက် ခင်ဗျား အိပ်နေကျ အိပ်ရာပေါ်က နိုးလာတဲ့အခါ အခန်းထဲမှာ ရောက်နှင့်နေတဲ့ နေရောင်ခြည်က မနေ့ကနဲ့ မတူဘူးလား။ လေကို ရှူရှိုက်ကြည့် တော့လည်း ခါတိုင်းရနေကျ ရနံ့ပဲ မဟုတ်လား။ အိမ်ရှေ့ကတ္တရာလမ်းပေါ် ဖြတ်သန်းသွားနေတဲ့ မော်တော်ကားတွေက ထွက်တဲ့ အိတ်ဇောအနံ့ ရယ်၊ နောက်ဖေးလမ်းကြားက ပုပ်အဲ့အဲ့အနံ့ရယ်၊ ခင်ဗျားရဲ့ အခန်းထဲက ညှင်းသိုးသိုး မှိုနံ့ရယ် ရောနှောလို့။

လေကောင်းလေသန့်ရလို့ရငြား အိပ်ရာကထပြီး ဘေးပြတင်းပေါက်ကို တွန်းဖွင့်လိုက်ဦး၊ မြင်နေကျ မြင်ကွင်းတွေက ဆီးကြို မနေဘူးလား။ အိမ်ခေါင်မိုးတွေပေါ်က ပြည့်ပြည့်ဝဝ မမြင်ရတဲ့ ကောင်းကင်က ပြာမှိုင်းမှိုင်း။ အဲ ခပ်စိမ်းစိမ်း သစ်ပင်ထိပ်ဖျားတချို့လည်း မြင်ရမယ်။ တိမ်တွေက လေးတိလေးကန် ခြေလှမ်းတွေနဲ့ ဦးတည်ရာမဲ့လမ်းလျှောက်လို့။ ဟော ရုတ်တရက် ကန့်လန့်ဖြတ်ပျံသွားတဲ့ ငှက်တစ် အုပ်ကြောင့် မြင်ကွင်းဟာ ဖြတ်ခနဲ အသက်ဝင် လှုပ်ရှားသွားပုံကအစ ကြုံဖူးပြီးသားနဲ့ တစ်ထေရာတည်း တူနေတယ်မဟုတ်လား။ အသံကိုရော နားထောင်ကြည့်ပါဦး။ ဈေးသည်တချို့အော်သံ၊ ကလေးငိုသံ၊ ကားဟွန်းသံ၊ ခွေးဟောင်သံ၊ ရုပ်မြင်သံကြားဖွင့်သံ၊ အိမ်နီးနားချင်း လင်မယား ရန်ဖြစ်သံ၊ ငှက်မြည်သံ၊ လေတိုးသံ။ ဒါတွေပဲ မဟုတ်လား။ ဘာများ ထူးလို့လဲ။

ဒါပေမယ့် ဒီဘက်မှာ (ဒီနေ့ကျုပ်ဖြစ်ရတဲ့ကိစ္စ) အပျင်းပြေသဘောထက်တော့လည်း မကဘူးလို့ထင်တယ်။ ကျွန်တော့မှာ မှန်တစ်ချပ်ရှိတယ်။ မှန်တစ်ချပ်ကတော့ သူတို့မှာလည်း ရှိတယ်။ ခင်ဗျားမှာလည်း ရှိတယ်။ လူအားလုံးမှာ လွယ်လွယ်ကူကူရှိနိုင်တဲ့အရာပါပဲ။ အမှန်တော့ မှန်တွေအကြောင်းကို ကျွန်တော်ကောင်းကောင်းမသိပါဘူး။ မှန်ဆိုတာ ဘာနဲ့လုပ်ထားမှန်းတောင် မသိပါဘူး။ ထားပါတော့။ မှန်တော့ ကြည့်တတ်တယ်ပေါ့။ မှန်ဆိုတာ လူ့သမိုင်းမှာ ကျောက်ခေတ်ကတည်းက ပေါ်တဲ့အရာလို့ထင်တာပဲ။ ပြောင်လက်အောင် ပွတ်တိုက်ထားတဲ့ ကြေးပြားပေါ်မှာ ထင်နေတဲ့ အရိပ်ကို ကြည့်မှာပေါ့။ ဒါကြောင့် ကြည့်မှန်တွေကို ကြေးမုံလို့ ခေါ်ကြတာ ထင်တယ်။

ဒါတွေ မတိုင်မီကတော့ ကြည်လင်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ကြည့်ချင် ကြည့်နေလိမ့်မယ်။ ကျုပ် ပြောချင်တာကတော့ လူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာ၊ ပြန်မြင်ရတာကို ခေတ်အဆက်ဆက်က ဝါသနာထုံခဲ့တယ်ဆိုတာပဲဗျ။ ခက်တာက အဲဒါပဲ။ ကျုပ်ကို ကျုပ် ပြန်ကြည့်ချင်လို့ မှန်ကြည့်တာ။ ကျုပ်ကို ကျုပ် မမြင်ရဘူးဆိုတာ မခက်ဘူးလား။ တကယ်တွေးကြည့်တော့ ဒီကိစ္စဟာ ရယ်စရာတော့ နည်းနည်းကောင်းသား။ ဒီနေ့မနက်က ကျုပ် မှန်ထဲကို ကြည့်လိုက်တော့ မြင်ရတဲ့ရုပ်က ကျုပ် ရုပ်မဟုတ်ဘူးဗျ။ ဘယ်သူ့ရုပ် ဖြစ်နေသလဲ ဟုတ်လား။ အဲဒါကြောင့် ခင်ဗျားကို ပြောချင်နေတာပေါ့။ မှန်ထဲမှာ ကြည့်လိုက်လို့ ကျုပ်မြင်ရတဲ့ရုပ်ဟာ ခင်ဗျားရုပ်ဖြစ်နေတယ်ဗျ။ ခင်ဗျား မယုံဘူးမဟုတ်လား။ ကျုပ်ပြောနေတာ အမှန်တွေပါ။

ကျုပ် လက်ဖက်ရည်ဆိုင် ထွက်လာခဲ့တယ်။ နီကျင်ကျင် လက်ဖက်ရည် တစ်ခွက်ရှေ့ရောက်လာတယ်။ ထိုင်နေကျ ဆိုင် ဆိုတော့ မှာပြုမနေရပါဘူး။ ကျုပ် ထိုင်လိုက်တယ်ဆို ကြည့်ဖျော်လိုက်တာပဲ။ ရှယ် မဟုတ်ဘူး။ ချက်နို့ဆီနဲ့ ဖျော်တဲ့ ရိုးရိုးလက်ဖက်ရည်ပါ။ ပြောမယ့်သာ ပြောရတယ်။ ကျုပ် လျှာကလည်း ဘယ်တုန်းကာလကမှ ချက်နို့ဆီနဲ့ လင်ခန်းမယားခန်းမြောက်သွားလဲမသိဘူး။ တစ်ခါတစ်လေ အဆင်ပြေတဲ့မိတ်ဆွေတချို့က ဒကာခံရင်းတိုက်တဲ့ ရှယ်လက်ဖက်ရည်(ဘူးနို့ဆီ)ဆို သောက်မရချင်ဘူးတောင် ဖြစ်နေပြီ။ ချိုကျပြင်း လက်ဖက်ရည်ကို တစ်ငုံချင်း သောက်၊ သတင်းစာကို တောင်လှန် မြောက်လှန်ကြည့်၊ ဆေးပေါ့လိပ်ကို ဇိမ်ယူပြီးဖွာ၊ အဲဒီဆိုင်မှာ မနက်ခင်းတိုင်း တွေ့နေကျ လူတွေနဲ့ပြောနေကျစကားတွေ ပြောလို့၊ (မနေ့ညက ချန်ပီယံလိဂ် ဖလားပွဲမှာ ဘယ်အသင်းတွေ နိုင်ကြ ရှုံးကြတယ်ဆိုတဲ့အကြောင်း အားကစားဂျာနယ် ပုံမှန်ဖတ်တဲ့လူတွေနဲ့၊ ဂြိုလ်တုစလောင်း ပုံမှန် ကြည့်သူတွေရဲ့ လေသံက အကျယ်ဆုံးပေါ့။ မနေ့က တော်တော်ပူတဲ့ အကြောင်း၊ အိုဇုန်းလွှာ ပေါက်ကွဲတာတို့၊ ဖန်လုံအိမ်အာနိသင် ဆိုတာလည်း ပါရသေးတယ်။ အဲဒီလို ပြောတဲ့လူကို အထင်ကြီးတယ်။ နောက်တော့ ခပ်တိုးတိုးပြောကြတဲ့ စကားတွေလည်း ရှိသေးတယ်။ နှစ်လုံး သုံးလုံးအကြောင်းပေါ့ဗျ။ ဒီရောဂါလည်း နေရခက်တဲ့ စာရင်းထဲပါနေပြီ။
ညက ကိုရီးယားဇာတ်လမ်းတွဲအကြောင်း ပြောတဲ့လူတွေလည်းရှိတယ်။ ဒါကတော့ မိန်းမနည်းနည်းဆန်းတယ်လို့ထင်တာပဲ) ရေနွေးအိုး သုံးအိုး လောက်ကျတော့ အိမ်ပြန်လာတာပေါ့။

မိန်းမထည့်ပေးတဲ့ ထမင်းချိုင့်လေးဆွဲ၊ အလုပ်သွားပေါ့။ ချိုင့်ထဲမှာ ဘာဟင်းပါမလဲ တွေးမနေတော့ဘူး။ မိန်းမကလည်း သူ အဆင်ပြေတာ စီစဉ်ပေးတယ်။ ကျုပ်ကလည်း ကြုံရာနဲ့ စားတတ်နေပြီကိုး။ တစ်ခါတလေ စားခါနီး ထမင်းချိုင့်ဖွင့်ကြည့်မှ ဟင်းအကောင်းလေး ဘာလေးမြင်ရရင် အိမ်က မိန်းမကိုတောင် အံအားသင့်နေမိတယ်။ အပြန်ကတော့ ထုံးစံအတိုင်းပါပဲ။ ညနေဆို ကားဂိတ်တွေမှာ ရုံးတွေ၊ စက်ရုံ တွေက လွှတ်လိုက်တဲ့အလုပ်သမားတွေ တပုံတပင်ကြီး။ ကားတစ်စီး ဆိုက်လာရင် ထန်းလျှက်ခဲကို ဝိုင်းအုံတဲ့ ယင်ကောင်တွေလိုပဲ တဝုန်းဝုန်းနဲ့၊ ကားတွေကလည်း အပြည့်အသိပ်တင်နိုင်သလောက်တင်ကြပါတယ်။ (သူတို့လည်း တွက်ခြေကိုက်တာကိုး)။ ဒါတောင် မှောင်စပျိုးမှ ကျုပ်တော့ အိမ်ပြန်ရောက်တယ်။ ကားပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် စီးခဲ့ရတော့ လူလည်း နုံးချိနေပြီ။ ဗိုက်ဆာနေပေမဲ့ ခဏ အပန်းဖြေပြီး ရေအရင်ချိုးရသေး တယ်။ အိမ်မှာ ရေပြတ်နေရင် ရေထည့်တဲ့လူ လိုက်ခေါ်ရသေးတယ်။ ကျွန်တော်တို့ဆီမှာ အဝီစိရေကို အိမ်တိုင်ရာရောက် ပိုက်နဲ့ လိုက်ထည့် ပေးတယ်။ တစ်ထမ်းမှ တစ်ဆယ်တည်းရယ်။

မိန်းမကတော့ ကျုပ်အတွက် ထမင်းခူးပေးပြီးရင် ကလေးတွေ လက်ဆွဲပြီး တီဗွီရှိတဲ့အိမ် ပြေးပြီ။ သူလည်း (၇) နာရီလာတဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို စွဲနေပြီ။ သူ့မှာလည်း ဒီဖျော်ဖြေရေးလေးပဲ ရှိတာကိုး။ ကျုပ်ကတော့ မီးလေး ဘာလေး မပျက်တဲ့အခါ စာအုပ်လေး ဘာလေး ဖတ်ပေါ့။ နိုင်ငံတကာသတင်းလေးလည်း မျက်ခြည်မပြတ်စေနဲ့။ အိုစမာဆိုတာ ဘာမှန်းမသိ၊ အီရတ်ဆိုတာ ဘာမှန်းမသိရင်လည်း မဖြစ် သေးဘူး။ သတင်းနည်းပညာဆိုတဲ့အိုင်တီခေတ် ရောက်နေပြီလို့ လူတွေပြောနေကြတယ် မဟုတ်လား။ များသောအားဖြင့်တော့ မီးပျက်တတ်တော့ စောစော အိပ်ရာဝင်ပေါ့ဗျာ။ ဒါပါပဲ။

အာ... ဒါ ခင်ဗျားအကြောင်းကို စောင်းပြောနေတာ၊ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေဗျာ။ တကယ်ပါ။ ပြီးတော့ မှန်ထဲမှာ ကျုပ် ကြည့်တာ ခင်ဗျားရုပ်ကိုပဲ မြင်နေရတာလည်း တကယ်ပဲ။ မယုံရင် ခင်ဗျားကိုယ်တိုင် မှန်ရှေ့ သွားရပ်ကြည့်လေ။ ကဲ... ယုံပြီမဟုတ်လား။ ကြည့်မှန်ထဲမှာ ခင်ဗျားရဲ့ရုပ် မဟုတ်လို့ အံ့အားသင့်နေပြီ မဟုတ်လား။ (အခု ခင်ဗျား မြင်နေရတာ) ဘယ်သူ့ရုပ်လဲ ဆိုတာရော သိချင်သေးလား။
အဲဒါ ကျုပ် ရုပ်ပဲဗျ။ ကျုပ် ရုပ်။

သစ္စာနီ (ဝတ္ထုတို ၆၀)

ဝတ္ထုတိုရေးသူရဲ့  ဝတ္ထုတို

ကျွန်တော်သည် ဝတ္ထုတိုရေးသူ ဖြစ်ပါသည်။ ဝတ္ထုတိုရေးသူ၏ အလုပ်မှာ ဝတ္ထုကို ရေးခြင်း ဖြစ်ပါသည်။ ကျွန်တော့်တွင် စာရေးစားပွဲတစ်လုံးရှိကာ ထိုစားပွဲတွင် ထိုင်၍ ဝတ္ထုတိုများကို ရေးသားလေ့ရှိပါသည်။ ကျွန်တော့်စားပွဲမှာ စာရေးဆရာတစ်ဦး၏ သာမန် စားပွဲမျိုးဖြစ်သဖြင့် ဇာချဲ့ဖော်ပြရန် လိုအပ်မည် မထင်ပါ။ ကျွန်တော့်အတွက်မူ ဤစားပွဲမှာ အထိုက်အလျှောက် တန်ဖိုးထားစရာဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် ဝတ္ထု တို တော်တော်များများမှာ ဤစားပွဲပေါ်မှပင် ပေါက်ဖွားကာ မဂ္ဂဇင်းစာမျက်နှာပေါ် ရောက်ရှိသွားပြီး၊ စာဖတ်သူများထံ စိမ့်ဝင်ပျံ့နှံ့သွားသော ကြောင့် ဖြစ်ပါသည်။ ထိုဝတ္ထုတိုများကို လူတို့ ဖတ်ရှုသိရှိသွားကြသော်လည်း ဝတ္ထုတိုရေးသူအကြောင်းကိုတော့ သိရှိကြလိမ့်မည် မထင်ပါ။ သိရန် လည်း လိုအပ်လှသည် မထင်ပါ။ မုန့်ဟင်းခါး ဝယ်စားသူသည် မုန့်ဟင်းခါးချက်နည်းအကြောင်း သိဖို့မလိုသကဲ့သို့ ဖြစ်ပေလိမ့်မည်။

တစ်ရက်တွင် ထိုစားပွဲသို့ ထိုင်၍ ဝတ္ထုတိုတစ်ပုဒ် ရေးသားနေစဉ် ကျွန်တော့် စားပွဲဆီသို့ လျှောက်လာသော ခြေသံကို ကြားရကာ စားပွဲရှေ့မှ ကုလားထိုင်ကိုပါ ဆွဲယူထိုင်လိုက်သော အသံကို တစ်ဆက်တည်း ကြားလိုက်ရပါသည်။ စာရေး ရပ်ကာ မော့ကြည့်လိုက်သော် လူစိမ်း တစ်ယောက်ကို တွေ့ရပါသည်။ (လူစိမ်းတစ်ယောက်ဟု သုံးနှုံးလိုက်ရသော်လည်း ဤမျက်နှာမျိုး မြင်ဖူးသလို ခံစားလိုက်ရသည်။) နှစ်ရှည်လများ အသိအကျွမ်းဟောင်းထဲကတော့ မဟုတ်။ အသိအကျွမ်းအသစ်ထဲက ဖြစ်မည်။ ကျွန်တော်၏ အားနည်းချက်က လူများနှင့် အမည်များကို လွယ်လွယ် ကူကူ မမှတ်မိတတ်ခြင်းဖြစ်သည်။ လူတစ်ယောက်ကို (၅) ခါလောက် မြင်ဖူးရုံဖြင့် မမှတ်မိတတ်ပေ။ ကျွန်တော်၏ ဇဝေဇဝါမျက်နှာကို ငေးကြည့်ကာ ထို လူစိမ်းဟာ သဘောပေါက်သွားပုံ ရပါသည်။
ခင်ဗျား ကျုပ်ကို မမှတ်မိဘူး မဟုတ်လား
ဟု မေးပါသည်။
ဝန်မခံချင်သဖြင့် ကျွန်တော်ခေါင်းကို အလျှင်အမြန် အလုပ်ပေးလိုက်၏။ သူ့ကို ဘယ်မှာ တွေ့ဖူးခဲ့သလဲ။ ကာရာအိုကေ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ ဟော်တယ်၊ အရက်ဆိုင်၊ ပင်လယ်ကမ်းခြေ၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဝိပဿနာရိပ်သာ၊ ဤနေရာများသို့ ကျွန်တော် မရောက်ဖူးသဖြင့် ထိုနေရာများတွင် တွေ့ဆုံခဲ့ခြင်း မဖြစ်နိုင်။
ခင်ဗျားနဲ့ကျွန်တော် ဘတ်စ်ကားမှတ်တိုင်မှာ စကြုံခဲ့ကြတယ်လေ
ထိုသူက ထိုသို့အစဖော်ပေးလိုက်သည့်တိုင်အောင် ထိုလူစိမ်း၏ အမည်ကို ကျွန်တော် စဉ်းစား၍ မရသေး။ ထို့ကြောင့် . . .
ဆောရီးပဲ။ အစဖော်လို့မရဘူး။ ခင်ဗျားနာမည်ကို ပြောပါဦး
ဟု မေးလိုက်မိ၏။ လူစိမ်းက
ကျွန်တော့်မှာ နာမည်မရှိဘူး
ဗျာ... ဘာဖြစ်လို့လဲ
ခင်ဗျားမှ ပေးမှမထားပဲ
ခင်ဗျားရဲ့နာမည်ကို ကျွန်တော်က ဘာလို့ ပေးရမှာလဲ
ကျုပ်က ခင်ဗျားရဲ့ရေးလက်စ ဝတ္ထုတစ်ပုဒ်လေ
ဒီတော့မှ သူ့ကို ကျွန်တော် တစ်စွန်းတစ်စ မှတ်မိလေသည်။ လွန်ခဲ့သော သုံးလခန့်က ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် ဝတ္ထုတစ်ပုဒ် ရေးရန် အခြေခံစိတ်ကူးကို ရခဲ့သည်။ အိမ်ရောက်သောအခါ စားပွဲတွင် ထိုင်ကာ ချရေးကြည့်ခဲ့သည်။ ပြီးဆုံးအောင် အဆုံးမသတ်နိုင် ခဲ့။ ဤဝတ္ထုကို တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းထားခဲ့ရသည်။
ခင်ဗျား ကျုပ်ကို ဘယ်တော့မှ ဆက်ရေးဖြစ်မှာလဲ
ဤကိစ္စမှာ ကျွန်တော့်ရှေ့သို့သူ ရောက်လာခဲ့ခြင်း၏ အကြောင်းအရင်းဖြစ်ပုံရ၏။ သူ ကျေနပ်အောင်
ကျွန်တော် ဆက်ရေးမှာပါ။ ဒါပေမယ့် ဝတ္ထုတစ်ပုဒ် ရေးရတယ်ဆိုတာ မလွယ်ဘူးဗျ
ဟု ဆင်ခြေပေးရန် ကြိုးစားလိုက်သည်။ သူက လက်မခံ။
ဒီစကားဟာ ခင်ဗျားတို့စာရေးဆရာတွေ ထမင်းရေပူလျှာလွှဲ ပြောတတ်တဲ့စကားပါ။ ကိုယ့်အလုပ်ကို ကြီးကျယ်တယ်လို့လူတွေ အထင်ခံရအောင် တန်းတင်နေကြတာ မဟုတ်လား
ကျွန်တော့်တွင်တော့ တကယ်ပင် အခက်အခဲတွေ ရှိနေသည်။ ဝတ္ထုတစ်ပုဒ် ဖြစ်မြောက်ဖို့ရန်မှာ နှလုံးသား လိုသည်။ ပြီးတော့၊ ပြီးတော့ ကျွန်တော် ရှင်းပြတာတွေကို ငြိမ်သက်စွာ နားထောင်ကာ ပြန်သွားသည်။ သူက ပြန်ခါနီးတွင်
မြန်မြန်ရေးဗျာ
ဟု တောင်းဆိုသွားသေး သည်။

ရေးလက်စ (မပြီးသေးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် သူ့အမည်ကို ကျွန်တော်က သူ့ကွယ်ရာတွင် ခေါ်သော အမည်ဖြစ်သည်။ ပုံမှန် အားဖြင့်မူ ကျွန်တော်သည် ဝတ္ထုများကို ရေးပြီးမှ နာမည်ပေးလေ့ ရှိပါသည်။) ကို ရေးပါမည်ဟု ဝန်ခံလိုက်သော်လည်း တော်တော်နှင့် မရေးဖြစ်ခဲ့ ပြန်ချေ။ ဝတ္ထုတစ်ပုဒ်ရေးရတာ ပန်းစိုက်ရတာနဲ့မတူ။ ဘယ်ရာသီကျလျှင် ပွင့်မည်ဟု တိတိကျကျ သတ်မှတ်ထား၍ မရ။ ကျွန်တော့်ကို ဝတ္ထုတို ရေးပေးရန် တောင်းထားသော မဂ္ဂဇင်းတွေ အတော်အတန်ရှိပါသည်။ သို့သော် ဝတ္ထုရေးရတာ မလွယ်။ စိတ်ရော ကိုယ်ပါ ဝင်စားမှ၊ အချိန်အားမှ၊ အခါကိုက်မှ၊ အခြေအနေပေးမှ၊ အတိုင်းအဆ အကန့်အသတ် အဖိအဖော့ စသည်ဖြင့် အခက်အခဲတွေက တော်တော်များများ ရှိနေသည်။
ဤနောက်ပိုင်းတွင် ရေးလက်စ သည် ကျွန်တော့်ထံသို့ မကြာခဏ ရောက်ရောက်လာတတ်ကာ တစ်ကြိမ်ထက် တစ်ကြိမ် သူ့ကို ပြီးအောင် မရေးသည့်အတွက် သည်းမခံနိုင်အောင် ဖြစ်နေပုံလည်း ရလေသည်။ သူ ကျွန်တော့်ဆီမှ ပြန်သွားတိုင်း အခန်းတံခါးကို ဒေါသဖြင့် ဆောင့်ပိတ်သွားတတ်၏။ ကျွန်တော်ကတော့ သူ့ကို ကြည့်ရတာ အားမရ။ သွေးဆုတ်နေသည့် လူနာလို တစ်ကြိမ်ထက် တစ်ကြိမ် ဖျော့တော့အားနည်းလာသည် ထင်ရ၏။
ခင်ဗျား ကျွန်တော့်ကို ရေးဖြစ်တော့မယ် မထင်ပါဘူး
သူ့အသံမှာ စိတ်ပျက်အားလျော့မှုဖြင့် တိုးညှင်းနေသည်။
ကျွန်တော် ရေးမှာပါ
ဤသို့ပြောလိုက်သော ကျွန်တော့်အသံမှာလည်း တက်တက်ကြွကြွ မရှိလှကြောင်း မိမိဘာသာ သိရှိနေသည်။ သူ့ကို ရေးရန် ကျွန်တော်သည် အမှန်တကယ်ပင် ရည်ရွယ်ချက်ရှိခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့်...
အင်းလေ ခင်ဗျားမှာ အခက်အခဲရှိမှာပေါ့
နောက်ဆုံးတော့ သူလည်း သဘောပေါက် နားလည်သွားပုံရသည်။ ဖြည်းညှင်းစွာ ကျောခိုင်းလျှောက်ရင်း အခန်းထဲက ထွက်သွားခဲ့ သည်။ ခါတိုင်းထွက်လျှင် ဒိုင်းခနဲမြည်အောင် ဒေါသဖြင့် ဆောင့်ပိတ်ထားခဲ့တတ်သော တံခါးကို နောက်တစ်ခေါက် သူ ပြန်လာဦးမည့်အတိုင်း၊ ဒီအတိုင်းပင် ဖွင့်ထားခဲ့သည်။ သို့သော် သူသည် ကျွန်တော့်ထံသို့ အချိန်အတော်ကြာသည့်တိုင်အောင် ရောက်မလာခဲ့တော့ပါ။
မှန်သည့်အတိုင်းဝန်ခံရလျှင် ရေးလက်စ ရောက်မလာသည့်အတွက် ပထမပိုင်းတွင် ကျွန်တော် ဝမ်းမြောက်နေခဲ့မိသည်။ သူ ရောက်လာလျှင် သူ့ကို ဆင်ခြေပေးရန် စကားလုံးများ ကျွန်တော့်ထံတွင် တစ်နေ့တစ်ခြား ရှားပါးလာသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ကျွန်တော်သည် “ရေးလက်စ” ကို မေ့လျော့၍ သွားပါသည်။
ကျွန်တော် ဝတ္ထုတိုအသစ်များ ရေးဖြစ်သည်။ တချို့ကို ဆုံးသည့်တိုင်အောင် ရေးဖြစ်သည်။ တချို့က မဂ္ဂဇင်း စာမျက်နှာများပေါ် ရောက်ရှိသွားသည်။ တချို့က မရောက်။ တချို့ကိုတော့ ထုံးစံအတိုင်း အဆုံးမသတ်နိုင်ခဲ့။ ဝတ္ထုတိုရေးသူ တစ်ယောက်အဖြစ် ကျွန်တော်သည် ကျွန်တော့် ဝတ္ထုတိုများနှင့် ထွေးလုံးရစ်ပတ်အချိန်ကုန်နေဆဲ တစ်နေ့၌ ကျွန်တော့် စာကြည့်ခန်းထဲတွင် ထွက်ပေါ်နေသော အပုပ်နံ့ကို သတိပြုမိ လိုက်၏။ စာအုပ်စင်ထဲမှာ ကြွက်တစ်ကောင် သေဆုံးနေလေသလား။ ကျွန်တော့်စာအုပ်စင်ရှိ စာအုပ်များကို ကိုက်ဖြတ်ကာ ကြွက်များသည် မကြာ ခဏ အသိုက်လုပ်နေတတ်၏။ သို့သော် ကြွက်သေကောင် မတွေ့။ စာအုပ်များကြားတွင် မတော်တဆ ညှပ်မိကာ အိမ်မြှောင်များလည်း သေနေ တတ်ကြ၏။ သို့သော် အိမ်မြှောင် အသေကောင်ဟူ၍ ရှာမတွေ့။ နောက်ဆုံး အသေအချာ စူးစမ်းကြည့်သောအခါ ထိုအပုပ်နံ့သည် ကျွန်တော်၏ စာရေးစားပွဲ အံဆွဲတစ်ခုမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ထိုကြောင့် အံဆွဲ ဆွဲဖွင့်ကြည့်ကာ ရှာဖွေကြည့်လိုက်သောအခါ မတွေ့ရတာကြာပြီဖြစ်သော “ရေးလက်စ” ကို တွေ့ရလေသည်။ သူသည် ဘယ်အချိန်က သေဆုံးနေလေသည်မသိ။ သူ့ကိုယ်မှ အပုပ်နံ့ထွက်၍ပင်နေလေပြီ။

သစ္စာနီ (ဝတ္ထုတို ၆၀)

စကားပြေသက်သက်

ဘဦး ရေကူးနေသည်။ ကျွန်တော် ရေမကူးတတ်ပါ။ ငါ မသေဘူး ရေကူးတတ်တယ်ဟု ဇီးကွက်မျက်ပြူးက ပြောပါသည်။ (ဤနေရာတွင် ဇီးကွက် မျက်ပြူးအား မည်သည့်ဘာသာစကားဖြင့် ပြောသည်ဟု တိတိကျကျ ရေးသားထားခြင်း မရှိပါ။ ဇီးကွက်မျက်ပြူးကို ရေထဲတွန်းချသူမှာ မည်သူ ဖြစ်ပါ သနည်း။ ကျွန်တော်လား၊ ခင်ဗျားလား၊ ဂျော့ဘုရှ်လား၊ ဘင်လာဒင်လား။ တရားခံရှာဖွေရန် စုံထောက် မောင်စံရှားကို ငှားလိုက်ပါ။ စုံထောက် မောင်စံရှားကို အာသာကွန်နင်ဒိုင်းထံမှ ရွှေဥဒေါင်းက ငှားခဲ့ပါသည်။ ငှားရမ်းခြင်း သည်းခံပါ ဟူသော စာတန်းကို မြတ်သစ်၏ စာအုပ်စင်တွင် ချိတ်ဆွဲ ထားသည်အား လွန်ခဲ့သော အနှစ်၃၀ ခန့်က ကျွန်တော် မြင်ခဲ့ဖူးသည်ထင်ပါသည်။ မြတ်သစ် စာအုပ်စင်တွင် ရေနွားရှိမည်။ (ပြင်သစ် ပန်းချီကျော်၏ အမည် တူကာ၊ ပြင်သစ် ရုပ်ရှင်ဒါရိုက်တာ ဖြစ်ပါ၏)။ ဂျိမ်းဂျွိုက်ရှိမည်။ ဂျိမ်းဂျွိုက်သည် အိုင်ယာလန်နိုင်ငံသား ဖြစ်သော်လည်း အိုင်ယာလန်တွင် ကြာရှည်နေသူ မဟုတ်ပါ။ မောင်ချောနွယ်ရော အိုင်ယာလန် ရောက်နေပြီလား။ (သူ မသေခင် နောင်ဘဝရှိလျှင် ဝိုင်အရက် ကောင်းကောင်းလည်း ပေါ၊ အနုပညာရှင်လည်း ပေါ၊ တော်လှန်ရေးလည်း ပေါသော အိုင်ယာလန်တွင် လူဖြစ်ချင်သည်ဟု ကဗျာတစ်ပုဒ်ထဲတွင် ပြောဖူးပါသည်။) မောင်ပြည့်မင်းက မောင်ချောနွယ် သေပြီ၊ သူကိုယ်တိုင် မြင်လိုက်တာဟု ကဗျာတစ်ပုဒ်ထဲတွင် ပြောပါသည်။ ပြည်မြစ်ထဲတွင် (ဧရာဝတီ) မောင်ချောနွယ် ရေကူးနေသည်ကို မြင်လိုက်သည်ဟု မပြောပါ။ ကျွန်တော် မြင်လိုက်တာက (ပထမတန်းဖတ်စာထဲတွင်) ဘဦး ရေကူး နေသည်ကို ဖြစ်ပါသည်။ ကျွန်တော် ရေမကူးတတ်ပါ။ မြင်ရုံနှင့် တတ်သော ပညာများထဲတွင် ရေးကူးခြင်း ပါပုံမရပါ။ ငါမသေဘူး ရေကူးတတ်တယ် ဟု ဇီးကွက်မျက်ပြူးက ပြောပါသည်။ ဇီးကွက်မျက်ပြူးကို အဘယ် အကြောင်းကြောင့် ရေထဲတွန်းချရပါသနည်း။ မျက်စိပြူးသည့် အပြစ်ကြောင့် လား။ အပြစ်ဆိုသည်မှာ ဝေဖန်ရေးသမား ပျောက်သွားသည့် မှန်ဘီလူးတစ်လက် ဖြစ်ပုံရပါသည်။ ထိုဝေဖန်ရေးသမား နှင့် ကျွဲယောင်ဆောင်ထားသော သကြားမင်း တွေ့သွားပြီဟူသော သတင်းကို ကျွန်တော် မကြားမိသေးပါ။ ကျွန်တော် ကြားမိသည်မှာ အီရတ်သတင်းများသာ ဖြစ်သည်။ ဘဂ္ဂဒက်မြို့ကို သွားလည်ချင်သော စိတ်ကူးငယ်စဉ်က ရှိခဲ့ဖူးပါသည်။ တစ်ထောင့်တစ်ည ပုံပြင်များဖတ်ရှုပြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ဆင်းဘတ် ကိုတွေ့ချင်သည်။ အာလာဒင်ကို တွေ့ချင်သည်။ အလီဘာဘာနှင့် ခိုးသားလေးဆယ်ကိုမူ မတွေ့ချင်ပါ။ သို့သော် လောကဆိုသည်မှာ တွေ့ချင်တာ မတွေ့ချင်တာတွေ ရွေးချယ်ခွင့် မရှိသော အရပ်ဖြစ်သည်။ ကြားချင်တာ မကြားချင်တာတွေ၊ ဖြစ်ချင်တာ မဖြစ်ချင်တာတွေ၊ ခံစားချင်တာ မခံစားချင် တာတွေ၊ ရွေးချယ်ခွင့်မရှိသော အရပ်ဖြစ်သည်။ ဆန္ဒရှိတာ မရှိတာတွေ၊ သင့်တော်တာ မသင့်တော်တာတွေ ရွေးချယ်ခွင့် မရှိသော အရပ်ဖြစ်သည်။ ဘဦး ရေကူးနေသည်။ ရေကူးခြင်းကို ဘဦး ရွေးချယ်ခဲ့ပါသလား။ ရွေးချယ်ခြင်းက ဘဦးကို ရွေးချယ်ခဲ့ပါသလား။ ရေကူးခြင်းက ဘဦးကို ရွေးချယ် ခဲ့ပါသလား။ ထိုကြောင့် ဘဦး ရေကူးနေသည်။ ကျွန်တော် ရေမကူးတတ်ပါ။ ငါမသေဘူး ရေကူးတတ်တယ်ဟု ဇီးကွက်မျက်ပြူးက ပြောပါသည်။ ဇီးကွက်မျက်ပြူးက ဘာကြောင့် ရေကူးတတ်နေရသနည်း။ ကုက္ကိုင်းရေကူးကလပ်တွင် အသင်းဝင်ဖြစ်ခဲ့ဖူးသည့်အတွက်ကြောင့်လား။ ဇီးကွက်က ဘာကြောင့် လေထဲတွင် မပျံဘဲ ရေထဲတွင် ကူးနေရသနည်း။ မဟာဇနက္ကကို အားကျသောကြောင့်လား။ မော်စီတုန်းကို အားကျသောကြောင့်လား။ သူ့ကို တစ်ယောက်ယောက်က ရေထဲတွန်းချသောကြောင့်လား။ ထိုသူသည်(ငါ မသေဘူး ရေကူးတတ်တယ်။) ဆိုသော ဇီးကွက်စကားကို မှန် မမှန် စမ်းသပ်ကြည့်လိုပုံရပါသည်။ ထိုသူသည် စမ်းသပ်ခြင်း၌ အထုံဝါသနာကြီးလှသည့် အက်ဒီဆင်များလား။ အက်ဒီဆင်သည် လျှပ်စစ်မီးကို တီထွင်ခဲ့ သူ ဖြစ်သည်။ ထို့ကြောင့် မီးပျက်ခြင်းကို သွယ်ဝိုက်တီထွင်ခဲ့သူဟု ခေါ်ဆိုလျှင်လည်း မှားမည် မထင်ပါ။ အမှားနှင့် အမှန်ဆိုသည်မှာ မသေချာမှု နိယာမအရ ဆုန်းဆုန်းဖြတ်ဖြတ် ဆုံးဖြတ်ရန် ခက်ခဲသော အကြောင်းကို ဇော်ဇော်အောင် ပြောခဲ့ဖူးပါသလား။ သူ ပြောခဲ့ဖူးတာက ခင်မေရီ၊ မြတ်သစ် ပြောခဲ့ဖူးတာက ခင်မေဆက်၊ ကျွန်တော် ပြောခဲ့ဖူးတာက ခင်မေအောင်၊ တာရာမင်းဝေ ပြောခဲ့ဖူးတာက ခင်မေဝင်း တို့အကြောင်း ဖြစ်ပါသည်။ သူတို့ချင်း အမျိုးတော်စပ်ပုံ မရသည့် ဤအမျိုးသမီး လေးယောက်၏ အမည်များသည် အဘယ်ကြောင့် ဆက်စပ်မှု ရှိနေရသနည်း။ ထို အကြောင်းမှာ အကြောင်းရှာမရသော အကြောင်းဖြစ်၏။ ဘဦး ရေကူးနေသည်ကို အကြောင်းရှာရပါသလား။ ဘဦး ဘာအကြောင်းကြောင့် ရေကူး နေရပါသနည်း။ ပူအိုက်လွန်းသောကြောင့်လား။ သင်္ဘောပျက်လို့လား။ ကျန်းမာရေး လိုက်စားချင်၍လား။  အစွမ်းပြချင်သောကြောင့်လား။ မျောသွားသော လှေကို လိုက်ဆယ်ချင်လို့လား။ ဟိုဘက်ကမ်းကို သွားချင်သောကြောင့်လား။ (ယင်းမှာ ဒီဘက်ကမ်းတွင် မနေချင်သောကြောင့်လား နှင့် ဆက်စပ်မှု ရှိနေပါသည်။) သို့မဟုတ် ရေမကူးချင်ဘဲနဲ့တစ်စုံတစ်ယောက် ရေထဲ တွန်းချခဲ့သောကြောင့်လား။ ပထမတန်း ဖတ်စာပြုသူက ဘဦး ဘာကြောင့် ရေကူးနေသည်ကို ထည့်သွင်း ရေးသားခဲ့ခြင်းမရှိပါ။ သို့သော်... ဘဦး ရေကူးနေသည်။

မှတ်ချက်။ ။ ဤစာစုကို ဖတ်ရှုကာ ကြားဖူးနားဝ ဗဟုသုတ အနည်းအကျဉ်းဖြင့် ဇာတ်သိမ်းဇာတ်ကွက် ဇာတ်အချိတ်အဆက်၊ ဇာတ်ကောင် စရိုက် အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ ရေးထုံး၊ သဒ္ဒါ စည်းကမ်း၊ ဦးတည်ချက် ဒဿန စသဖြင့် တစ်စုံတစ်ရာကို ရှာဖွေခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ဤစာစုမှာ ဝတ္ထုတစ်ပုဒ်မဟုတ်ပါ။ စာညွန့်မဟုတ်ပါ။ အက်ဆေးမဟုတ်ပါ။ တခြား ဘာမှလည်း မဟုတ်ပါ။ စကားပြေသက်သက် ဖြစ်ပါသည်။

သစ္စာနီ (ဝတ္ထုတို ၆၀)

Sunday, August 14, 2011

လူသိရှင်ကြား ဖုံးကွယ်ခြင်း

၁၉၄၆ ခုနှစ် အောက်တိုဘာ ၃၀
လောင်ဂျီကျု ၉၆ ဒီဂရီ ၄၈ မိနစ်
လတ္တီကျု ၁၆ ဒီဂရီ ၄၈ မိနစ်
ဗုဒ္ဓဟူးနေ့ ...
မြန်မာစံတော်ချိန် ၀၄ နာရီ ၂၀ မိနစ်ဖွား
သစ္စာနီ၏ ကြိစက္ကဇာတာ။

ဇာတာရှင်သည် ကန်ရာသီလဂ်
ဓနုရာသီစန်း ဟဿတနက္ခတ်
ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်
ကံဂြိုလ်သည် ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ်စီး
မနူဿာဂီရိကျမ်းနှင့်
နာဒရသံဟိတာကျမ်းအလိုအရ။


( ၁ )
၃၀.၁၀.၄၆
ဒါဟာ အစမဟုတ်ဘူး။

ကြက်ဥလား ကြက်မလား
အဝိဇ္ဇာ သင်္ခါရလား
မဟာပေါက်ကွဲမှု သီအိုရီလား
အစဟာလည်း
အစ မဟုတ်ဘူး။

အဲဒီနေ့က
ဗြိတိသျှပိုင်
ကိုလိုနီနိုင်ငံငယ်တခုမှာ
ဥက္ကာမပျံ
တော်လဲသံ မကြားဘဲ
ငါ ...
ငါဟာ
ဘုရားသခင်လက်က
လွတ်ကျတော်မူခဲ့တယ်။




( ၂ )
အဖေက
လခ သုံးရာ့ငါးဆယ်ရတဲ့
ဌာနခွဲစာရေးကြီး (သူကတော့... အဲဒီရာထူးကို ဒုရုံးအုပ်လို့ ပြောတတ်တယ်။)

လူဖြောင့်စိတ်တို (ခပ်ရိုးရိုးပဲ)
ရိုးတာမှ ...
ဘာမှရေးမထားတဲ့
စက္ကူအလွတ်တရွက်လို
(ဒီ ဥပမာက သိပ်မဟုတ်လှဘူး)

ဘောလုံးပွဲကြိုက်
ဆေးပေါ့လိပ်ကြိုက်
(သူ အသက်ရှစ်ဆယ်အထိ ဆယ့်သုံးကြိမ်တိတိ ဆေးလိပ်ဖြတ်ခဲ့တယ်။)
ပျင်းရတာလည်း ကြိုက်ပုံရတယ်
ပင်စင်ယူပြီးတော့
ဝရံတာက ပက်လက်ကုလားထိုင်မှာ
မပျင်းမရိ အနှစ် နှစ်ဆယ်လုံးလုံး
ပျင်းရိစွာ ထိုင်နေခဲ့တယ်။

အရက်မသောက်သူ
အပျော်အပါးမလိုက်စားသူ
တခါ တခါ
လက်ရုံးအားကိုးတတ်သူ
ရန်ကုန်တဖက်ကမ်း ပျော်ဘွယ်ဇာတိ
(အနာဂမ် ဆရာသက်ကြီးတို့ရွာ)
သို့သော်...
ဝိပဿနာဆိုတာ ဘာမှန်းမသိသူ
သူ့ဘဝတလျှောက်လုံး
ကျားထိုးတာကလွဲလို့
ဉာဏ်ကို အသုံးပြုခဲ့ပုံလည်း မရ
ရည်ရွယ်ချက် ကြီးကြီးမားမားလည်း မရှိ
စည်သွပ်ဗူးစက်ရုံက မန်နေဂျာလို
သားသမီး တွေကိုတော့ ...
တပုံစံတည်း ထွက်စေချင်ခဲ့တယ်
ဘွဲ့ရ အရာရှိ ပေါက်စလေးတွေပေါ့။

ကျွန်တော်ကတော့
သူ့ခြံထဲက သိုးမည်းတကောင်ပါ။

မင်းမှာ ငါနဲ့တူတာဆိုလို့
ထိပ်ပြောင်တာပဲရှိတယ် တဲ့
ကျေးဇူးတင်ပါတယ် အဖေ။

အမေကတော့ မြေလတ်သူ
ဗမာစာ ရေးတတ် ဖတ်တတ်
(ဒါပေမယ့် ဘုရင်ခံသမီးလို စိတ်ကြီးလည်း ဝင်တတ်တယ်။)

လက်ကဖွာဖွာ ပါးစပ်ကဖွာဖွာ
ဗေဒင်ဆရာတွေ ညာစားတဲ့အတိုင်း
သူ့ကို သူရဿတီစောင့်တယ်လို့
တကယ်ယုံကြည်တယ်။

ဗမာရုပ်ရှင် ( အခုတော့ အများနည်းတူ ကိုရီးယားဇာတ်လမ်း အတွဲတွေပေါ့)
တရုတ်သိုင်းဝတ္တုနဲ့
ဝတ်ကောင်းစားလှ ကြိုက်တယ်။

အင်္ဂလိပ်ခေတ်မှာ ရွှေဆိုင်ဖွင့်တယ်
ဂျပန်ခေတ်မှာ အထည်ဆိုင်ဖွင့်တယ်
မဆလ ခေတ်မှာ ကုန်စုံဆိုင်ဖွင့်တယ်
အရင်းပြုတ်တာနဲ့
နိဂုံးချုပ်ရတာချည်းပဲ
ဒီလိုနဲ့ ...
သူ့ တသက်လုံး
အမှီခိုခံဘဝနဲ့
ကျဆုံးခဲ့သူပေါ့။

အဖေက
ညိုညို ထောင်ထောင်မောင်းမောင်း (စိတ်ပျော့တယ်)
အမေက
ဖြူဖြူ ခပ်ညှက်ညှက် (စိတ်မာတယ်)
ဒီနှစ်တွေအတွင်း ...
သူတို့ ...
နှစ်ယောက်လုံး ဒေါသမှန်မှန်ကြီးတယ်
နှစ်ယောက်လုံး အသက်မှန်မှန်ကြီးတယ်
နှစ်ယောက်လုံး မျက်မှန်ထူထူလာတယ်
နှစ်ယောက်လုံး ရောဂါထူထူလာတယ် ။

သူတို့နဲ့ ကျွန်တော်
အနှစ်ခြောက်ဆယ်ကျော်လုံးလုံး
တအိမ်တည်းနေလျှက်နဲ့
ခေါင်းနဲ့ပန်းလို ဝေးခဲ့ကြတယ်။

အနေကြာလွန်းလို့
စိမ်းသွားတာလည်း ဖြစ်နိုင်တယ်
ဒါဟာ ဝမ်းနည်းစရာလား
လိပ်ပြာမလုံစရာလား
သံသရာမှာ...
ကံပါလာတာတောင် ယုံရခက်ခဲ့။


( ၃ )
ကျွန်တော်ငယ်ငယ်က
နဖူးမောက်တယ် ပါးဖောင်းတယ်
အသားညိုလွန်းလို့ “ကော်ဖီရောင်” တဲ့
နာမည်ပြောင် ရခဲ့တယ်။

ကျွန်တော်ငယ်ငယ်က
တောက်တဲ့ ကြောက်တယ်
လူစိမ်းတွေကို ကြောက်တယ်
ငန်းနီကျော် (အဖျားဖြတ်ဆေး) ကို ကြောက်တယ်။

ကျွန်တော်ငယ်ငယ်က
အကြွေနည်းနည်းထည့်ထားတဲ့
စုဗူးလေး တဗူးနဲ့
လိုချင်တာတွေ ဝယ်လို့ရမယ်ထင်ခဲ့တယ်။

ကျွန်တော်ငယ်ငယ်က
အိမ်နောက်ဖေး တောအုပ်မှာ
ရော်ဘင်ဟုဒ် လုပ်ဖူးတယ်။

ကျွန်တော်ငယ်ငယ်က
ခပ်နုံနုံ ခပ်အအ
စာကလည်း ခပ်ချာချာ
(အားကစား ဘာညာပေါ့)
ထူးချွန်မယ့် အရိပ်အယောင်မပြ
စိတ်ဓာတ်ကလည်း ပျော့လွန်းတယ်
ကြယ်ကြွေတာကို ကြည့်ပြီးငိုတယ်
(နတ်သမီးလေးတွေ သေတာထင်လို့)
မိုးရေမချိုးရရင် စိတ်ညစ်တယ်
အက္ခရာသင်္ချာ တွက်မရတာကို
ဘဝပျက်တော့မလို ...
ဈေးဖိုးကျပျောက်ရင်
ခြေမကိုင်မိ လက်မကိုင်မိ
(အမေက ဈေးလွှတ်လေ့ရှိတယ် ကျွန်တော်က နမော်နမဲ့)။

ကျွန်တော် မဖြေရှင်းနိုင်တဲ့
ပုစ္ဆာတွေက ...
ဘဝမှာအများကြီး
ငါးကျည်းနဲ့ ငါးခူကို
ဘယ်လိုခွဲခြားရမယ်ဆိုတာက အစ
အတန်းထဲက ခပ်လှလှကောင်မလေးကို
ဘယ်လိုချည်းကပ်ရမယ်ဆိုတာ အဆုံးပေါ့။

ဒီလိုနဲ့...
နည်းနည်းအရွယ်ရလာ
ဒီအရွယ်မှာပဲ
တော်လှန်ရေးကောင်စီ တက်လာ၊
ကျွန်တော် ဆေးလိပ်သောက်တတ်လာ၊
ဘုရားရှိခိုးတွေ မေ့လာ၊
လွယ်အိတ်ထဲမှာ ...
ပလေးဘွိုင်းစာအုပ် နဲ့ ချိန်းကြိုးနဲ့ ...
အဖေနဲ့ မတည့်တာကို
မျိုးဆက်ကွာဟမှုလို့ ပြောတတ်လာ၊
မိန်းမတွေကိုကြည့်ရင်
ရင်နဲ့တင်ကို ကြည့်တတ်လာ၊
ကျောင်းပြေးဖြစ်လိုက်
အိမ်ပြေးဖြစ်လိုက်နဲ့
ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
ဆယ်တန်းကို ငါးခါ ကျခဲ့တယ်။

အဲဒီအရွယ်မှာပဲ...
ကောင်မလေးတယောက်ကို ရူးရူးမူးမူးစွဲလမ်း
မတော်တဆ အသည်းကွဲရာမှ
ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာခဲ့၊ အဲဒါ
ကျွန်တော် ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလား
အခုအချိန်ထိ
ဝေခွဲလို့မရ။


( ၄ )
ခေတ်က
မာ့က်စ်ဝါဒီ မဖြစ်ရင်ဘဲ
နူတော့မလို ခေတ်
ကျွန်တော်လည်း လက်ဝဲစာပေလေး ဘာလေး
နာမည်ပျက်ရုံဖတ်
ကုတင်ခေါင်းရင်းမှာ
ချီဂွေဗားရားပုံကို
မာရီလင်မွန်ရိုးပုံ အောက်ကချိတ်
(ပြန်လမ်းမရှိတဲ့မြစ် ဇာတ်ကားထဲက
ပေါင်တချောင်းမြှောက် က နေတဲ့ပုံပေါ့ )
ဝမ်းနည်းဝမ်းသာရုပ်ရှင်ဟာ
ကိုယ့်အကြောင်းပဲ ရိုက်ထားသလိုလို
ဖာသည်မတောင်မရှိဘဲ
မြတ်လေးလိုဝတ်စားပြီး
ဂျိမ်းစ်ဒင်းလို နေထိုင်ခဲ့တယ်
(ငါးပြားတန်စီးကရက်ကို နူတ်ခမ်းမှာခဲလို့)။

အဲဒီအချိန်မှာ...
လူတွေဟာ ခွဲတမ်းကိုမျှော်လို့
သွားတိုက်ဆေးဗူးမဲပေါက်တာ
ပျော်ကြတဲ့အခါပေါ့
ဆိုက္ကားသမားက တရားသူကြီးဖြစ်
(သူက ယူနစ်ကော်မတီဝင်လေ)


ဆီအစိပ်သားရဖို့ တန်းစီ
ကြက်သွန်နီ အစိပ်သားရဖို့ တန်းစီ
“ကျေးဇူးတင်ပါသည် လမ်းစဉ်ပါတီ”
ရေဒီယိုက သီချင်းဟာ
ပျင်းရင်နားထောင်ဖို့ ကောင်းတယ်။

ကျွန်တော်ကတော့
အမောက်က ထောင်ထောင်
ကော်လံက ထောင်ထောင်
စိတ်က ထောင်ထောင်
တကိုယ်ရည် အာသာဖြေရတာ သာယာတယ်
ကဗျာဆရာဖြစ်ရတာ သာယာတယ်
လက်ဖက်ရည်ဆိုင်ထိုင်ရတာ သာယာတယ်
ဒါလည်း ...
ထွက်ပြေးလွတ်မြောက်မှုတမျိုးထင်ပ။

ဒါပေမယ့် ...
ဒီငနဲကပဲ
ရင်ထဲမှာ သံမှိုစွဲထားသလို
ဒီမိုကရေစီကိုတော့ ယုံကြည်ခဲ့တယ်
နေထွက်မဲ့ညကို ယုံကြည်ခဲ့တယ်
သမိုင်းရဲ့ဒဏ်ခတ်မှုကို ယုံကြည်ခဲ့တယ်။


( ၅ )
ကျွန်တော်ဟာ
မျက်မှန်နဲ့ အဝတ်အစားပါ
ပေါင်ကိုးဆယ်သာသာ လေးတယ်
မတ်တတ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ ငါးပေ ပိုနီးတယ်
ပိရမစ်ကို မဆောက်ခဲ့သူ
လေဒီဒိုင်ယာနာနဲ့ လက်မထပ်ခဲ့သူ
ဂျူးတွေကို မသတ်ဖြတ်ခဲ့သူ။
အဲဒီသူဟာ ...
အခုတော့ ...
ကဗျာရေးတာ
အနှစ်လေးဆယ်ကျော်လာ၊
ဆေးလိပ်ဖြတ်ခဲ့တာ
အနှစ်သုံးဆယ်ကျော်လာ၊
ကျန်စစ်သားလည်း ကြုံဖူး
ဘုရင့်နောင်လည်း ကြုံဖူး

ဓားထစ်ရာတွေနဲ့ မန်ကျည်းတပင်လို
ထိုက်ထိုက်တန်တန်ကို လူဖြစ်
ပုတီးစိပ်လိုက် အပြာကားကြည့်လိုက်
ပန်းချီရေးလိုက် နိုင်ငံရေးစကား ပြောလိုက်
ကမ္ဘာကြီးပူနွေးလာတဲ့အထဲ ဝင်ပါလိုက်
တူမလေးတွေကို စူပါမားကတ်ပို့လိုက်
အားဆေးသောက်လိုက်၊ နှုတ်ခမ်းမွှေးရိတ်လိုက်
တခါတလေ
အကုသိုလ်ကို ပီကေလို ဝါးစားလိုက်
ကဗျာတပုဒ်ထဲမှာ ရေးခဲ့သလို
“ခင်ဗျား တို့ပါးစပ်တွေထဲက
ထွေးထုတ်ချင်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
(သူများ မုန်းတာကိုလည်း ပျော်ပျော်ရွှင်ရွှင် အရသာခံတတ်သေးတယ်။)

အနုပညာမှာ ပို့စ်မော်ဒန်နစ်
ဘာသာရေးမှာက ဗုဒ္ဓစ်
နိုင်ငံရေးမှာက လစ်ဘရယ်ဒီမိုကရက်တစ်

သူ့အတွက်
စာပေဆု မလို
ဒစ်ပလိုမေစီ မလို၊
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု မလို
အိမ်မွေးတိရိစ္ဆာန် မလို
ဒညင်းသီးဆားရည်စိမ် မလို
ရွှေဆွဲကြိုး မလို
နိုင်ငံကူးလက်မှတ် မလို
ကွန်ဒုံး မလို။


( ၆ )
သူဟာ ...
ယခုချိန်ထိ
ညံ့စရာရှိတာ ညံ့ဆဲပါ၊
စက်ဘီးမစီးတတ်
ရေမကူးတတ်၊
ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတောင်
ဘာသွေးမှန်းမသိသူ။

ကာရာအိုကေနဲ့ အနှိပ်ခန်း မရောက်ဖူး
ပင်လယ်ရေ မချိုးဖူး
လေယာဉ်လက်မှတ်နဲ့
ရေမွှေးပုလင်း မဝယ်ဖူး
တောမခိုဖူး
ဘိန်းမရှုဖူး
အလံဖြူ မပြဖူး
ရေကို ကြိုချက်မသောက်ဖူး
မလုပ်ဖူးတာတွေ ခပ်များများ။

ဒါပေမယ့် ...
အသက်အရွယ်နည်းနည်းရလာတော့
ဖြေသိမ့်တတ်လာပါပြီ
(တရားရသလို ဘာလိုလိုနဲ့)
စားစရာ ထမင်းနည်းနည်းနဲ့
ဖတ်စရာ စာအုပ်နည်းနည်းရှိရင်
ငါ့ကို လူနည်းနည်း သိသားပဲ၊
ခွေးအိုကြီး လက်ပေးသင်သလို
အသက်ကြီးမှ ရည်းစားတွေ ဘာတွေရ
(သူနဲ့ ကျွန်တော့်အသက်က
မိုက်ကယ် ဒေါက်ကလပ်နဲ့
ကက်သရင်းဇီတာဂျုံးလောက် ကွာတယ်)

ဘဏ်မှာ ငွေစာရင်းမရှိ
နောက်လိုက်မရှိလည်း
နေလို့ရတာပါပဲ
စီးပွားပျက်တာ ကြုံရပေမယ့်
ကမ္ဘာပျက်တာမှ မကြုံရသေးဘဲ
တမလွန်မှာ ဗြဟ္မာဖြစ်ချင်တဲ့သူဟာ
ဒုက္ခတွေကို
ကြက်မွှေးနဲ့ သပ်ချလို့။ ။


ဘာမှမဟုတ်ပါဘူး။ တကယ်ကို ဘာမှမဟုတ်ပါဘူး။ တဝက်တပျက် ဖုံးကွယ်ထားတဲ့ ကျွန်တော့်အကြောင်းကို တခြားရေးစရာ မရှိတုန်း၊ ကဗျာလိုလို ဘာလိုလို ပေါ့ပေါ့ပါးပါး (ပေါ့ရွှတ်ရွှတ်လို့တောင် ပြောရင်ရပါတယ်။) အဲသလို စာစီလွှတ်လိုက်တာပါပဲ။ ခင်ဗျား ဖတ်ပြီး အပျင်းပြေတယ်ဆိုရင် … ခင်ဗျားဖတ်ပြီး အပျင်းမပြေဘူးဆိုရင် ... ကျွန်တော့်ရည်ရွယ်ချက်ကလည်း ဒီထက်မပိုပါဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

သစ္စာနီ ( သို့ ဝေမှူးသွင် အမှတ်တရ မှ သစ္စာနီ)

ပို့စ်မော်ဒန်၊ ဂျေဒိုးနတ်နဲ့ ဇာတ်ကြီးဆယ်ဘွဲ့


တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် စာရေးစားပွဲ ခုံအနီးရှိ ပြတင်ပေါက်ကို ဖွင့်ကာ အပြင်သို့ ငေးမောကြည့်နေမိသည်။ ကျွန်ုပ် ပြတင်းနှင့် ကပ်လျက်တွင် ကုက္ကိုပင်ကြီးကား ကလေးကစားကွင်းကို လာရောက် ကစားကြကုန်သော ကလေးအပေါင်း၏ နားနေခိုလှုံရာ နေရာဖြစ်လာသည်။ ထိုသို့ လာရောက် အရိပ်ခိုကြသည့် ကလေးများ ထဲတွင် ကျွန်ုပ် စိတ်အဝင်စားဆုံး အဖွဲ့ကား နှပ်သုံးဖော်ဟု ကျွန်ုပ် အမည်ပေးထားသော နှပ်ချေးထူ၊ နှပ်ချေးယိုနှင့် နှပ်ချေးတွဲလောင်း တို့ ဖြစ်ပေသည်။ သူတို့၏ အမြင်နှင့် သူတို့၊ ထင်ရာကို ထင်သလို ပြောလေ့ရှိကြရာ သူတို့ စကားများကား ကြားရသူ ကျွန်ုပ်အဖို့ ရွှင်ပြုံး စရာများပင် ဖြစ်၍နေလေသည်။ ယနေ့တွင်မူ သူတို့သည် သူတို့အထဲမှ တစ်ဦးယူဆောင်လာသည့် ဆေးရောင်စုံ ကာတွန်း ဂျာနယ်တစ်စောင်ကို ခေါင်းချင်းဆိုင်၍ ဖတ်ရှုလျက်ရှိရာ အတန်ကြာ သည် အထိ စကားပြောသံ ပေါ်ထွက်မလာဘဲ ရှိလေသည်။

“ဒီကလေးကဏ္ဍမှာ တို့ပုံရော ပို့လို့ရလား”

နှပ်ချေးယို –- “မည်သူမဆို ပို့နိုင်သည်လို့ ရေးထားတာပဲ၊ ပို့လို့ ရတာ ပေါ့၊ ဒါပေမဲ့ နင်က သူတို့လို စတိုင်လ်ပေးပြီး ဓါတ်ပုံအရိုက်ခံရအောင် သူတို့လို အဝတ်အစား ကောင်းကောင်းတွေ ရှိလို့လား။ စွပ်ကျယ်ချိုင်း ပြတ် အပြဲနဲ့ ဘောင်းဘီတိုအစုတ်နဲ့ ဓာတ်ပုံရိုက်ပို့လို့ရတာ မဟုတ်ဘူး။”

နှပ်ချေးထူ –- “ဒူးနေရာ ဒူး၊ တော်နေရာတော်ပဲ ကောင်းပါတယ်ကွာ၊ နေပါဦး … ဒီမှာ အမေးအဖြေတွေ ပါသေးတယ်။ ဒီကောင်လေးက သူအကြိုက်ဆုံး ဆိုတာ ဂျေးဒိုးနတ်လို့ပြောတယ်။ အဲဒီ ဂျေဒိုးနတ် ဆိုတာ ဘာကြီးလဲ။ ၃၇ မင်း နတ်ထဲမှာလည်း မကြားဘူးဘူး။ အိမ်သာစောင့်နတ်လား။”

နှပ်ချေးတွဲလောင်း –- “ညံ့ပါ့ … နှပ်ချေးယိုရာ၊ ဂျေမောင်မောင်တဲ့၊ ဂျေညီညီတဲ့၊ ဂျေညီမလေးတဲ့၊ အခုဂျေမီတဲ့ ဒီတော့ ဂျေဒိုးနတ် ဆိုတာ နတ်မဟုတ်ဘူး။ နောက်ဆုံးပေါ် အဆိုတော်ပဲ ဖြစ်ရမယ်။”

နှပ်ချေးယို -– “မင်းတို့က တုံးတယ်ပြောရင်လည်း မခံချင်ဘူး၊ တစ်သက်နဲ့ ခြောက်လမှတ်ထား၊ ဂျေဒိုးနတ်ဆိုတာ အင်္ဂလိပ်မုန့် လက်ကောက်ကိုခေါ်တာ၊ သူက ထန်းလျက်ရည်နဲ့ တို့စားစရာ မလိုဘူး၊ ချောကလက် အရည်လောင်းထားတာ၊ နောက်ပီဇာဆိုတာ ရှိသေးတယ်၊ အဲဒါက အီတလီဘိန်းမုန့် ခေါ်တယ်။”

နှပ်ချေးထူ –- “ဟေ့ကောင် တို့က မြန်မာတွေကွ။ ဒါတွေတော့ ဘယ်သိ ပါမလဲ။ မြန်မာလိုတော့ အကုန်သိတယ်။”

နှပ်ချေးယို -– “ဒါဆို ဇာတ်ကြီးဆယ်ဘွဲ့ သိသလား။”

နှပ်ချေးထူ –- “သိတာပေါ့။ တောက ဘုန်းကြီးကျောင်းမှာ နေကတည်းက အကုန်ဖတ်ခဲ့ပြီးသား။ မင်း မေးချင်တာမေး။”

နှပ်ချေးယို - “ဒါဆို မဟာဇနက္ကမင်းသား ပင်လယ်ထဲမှာ သင်္ဘောပျက် တော့ ရွက်တိုင်ဖျားပေါ် တက်ပြီးရေထဲ ဒိုင်ဗင်ထိုးချတယ်။ အဲသလို ဒိုင်ဗင်ထိုးမချခင် ရွတ်သွားတဲ့ စကားကြီး သုံးခွန်းက ဘာလဲ။”

နှပ်ချေးထူ -– “ဆရာတော်ဦးသြဘာသ ရေးတာပဲ၊ ငါဖတ်ဖူးပါတယ်။ အဲဒီနား မေ့တေ့တေ့ ဖြစ်နေတယ်။”

နှပ်ချေးယို -– “ပင်လယ်ထဲ ဒိုင်ဗင်ထိုးမချခင် ရွတ်သွားတဲ့ စကားကြီး သုံးခွန်းက ရယ်ဒီ ဝမ်း၊ တူး၊ သရီး တဲ့။ မင်းတကယ်မသိပါဘူး။ တကယ်သိတာက ဟောဒီနှပ်ချေးတွဲလောင်း။”

နှပ်ချေးတွဲလောင်း –- “ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့ကိုမေး၊ ငါဖြေမယ်။”

နှပ်ချေးယို -– “မင်းဝေဿန္တရာဇာတ်တော် သိသလား။”

နှပ်ချေးတွဲလောင်း –- “သိတာပေါ့၊ လှူတာ အကုန်စားတဲ့ ဇူဇကာ ပုဏ္ဏား၊ ပြီးတော့ ဂဏှာနဲ့ ဇာလီ။”

နှပ်ချေးယို - –“ဟုတ်ပြီ၊ မေးမယ်၊ ဝေဿန္တရာမင်းကြီးနဲ့ မိသားစု ပြည်နှင်ဒဏ်ခံရတော့ ဟိမဝန္တာတော အစပ် အထိ မြင်းလှည်းနဲ့ လိုက်ပို့တယ်။ ဝေဿန္တရာမင်းကြီး လှည်းပေါ်တက်ခါနီး ဘာပြော သလဲ။”

နှပ်ချေးတွဲလောင်း - –“ပန်းပေးတယ်ကွာ၊ အဲဒါတော့ ငါ မေ့နေတယ်။ ဝေဿန္တရာမင်းကြီး လှည်းပေါ်တက်ခါနီး ဘာပြောသလဲ။”

နှပ်ချေးယို –- “ဟိုဘက်နည်းနည်းတိုးစမ်းတဲ့။”

နှပ်ချေးတွဲလောင်း –- “မင်းကချည်း မေးမနေနဲ့။ ငါတို့ တစ်လှည့် မေးမယ်။ သုဝဏ္ဏသာမဇာတ် သိတယ် မဟုတ်လား။ သမင်တွေနဲ့ ရေခပ်ဆင်းလာတဲ့ သုဝဏ္ဏသာမကို ဘုရင်က သမင်နဲ့ မှားပြီး မြားနဲပစ်မိတယ်။ မြားမှန်တော့ သဝဏ္ဏသာမ ဘာပြောသလဲ။”

နှပ်ချေးယို –- “အမယ်လေး... နာလိုက်တာတဲ့၊ မြားမှန်တာပဲ နာလိုက်တာ မပြောလို့ ယားလိုက်တာလို့ ပြောရမလား။ မင်း ခံကြည့်စမ်းပါ။”

နှပ်ချေးယူ - – “ဒါဆို ငါမေးမယ်။ တေမိဇာတ်ကွာ။ တေမိမင်းသားဟာ နတ်ပြည်က စုတေပြီး လူ့ပြည်ကို ဝင်စားလာတာ၊ သူက အရွယ် ရောက်လာတော့ ဘာပြောလဲ။”

နှပ်ချေးယို - – “အေး . . . အဲဒါကတော့ နည်းနည်းခက်တယ်ကွ၊ ငါလည်း စဉ်းစားလို့ မရဘူး၊ သူ ဘာပြောလဲ ဟင်။”

နှပ်ချေးထူ –- “ဘာပြောရမှာလဲကွ၊ ဘာမှ မပြောဘူး၊ စကားမပြောလို့ တေမိလို့ ခေါ်တာပေါ့ကွ။”

နှပ်ချေးယို –- “အေး... မင်းတော်တယ်၊ ဒီလောက်ဆို မင်းလည်း အန်ကယ် မင်းခိုက်စိုးစန် တို့ရဲ့ ပဟေဠိနန်းတော်မှာ အစီအစဉ် တင်ဆက်သူ လုပ်လို့ရတယ်။”

နှပ်ချေးထူ –- “ဒါဆို ငါက အစ်မကြီးခင်ဖုန်းနဲ့ တွဲရမှပေါ့ကွ။ သူက အသားကလေးများ နည်းနည်းများ ညိုနေလားလို့။”

နှပ်ချေးတွဲလောင်း –- “အံမယ် …. နင်ကပဲ ချေးများနေတယ် ရှိသေး တယ်။ တော်တော့ တောစကား တောပျောက်။”

နှပ်ချေးထူ –- “တို့လည်း ဟိုစကား ဒီရောက်၊ ဒီစကား ဟိုရောက်နဲ့ အန်ကယ် သိမ်းတင်သား ရေးတဲ့ ကပေါက်တိ ကပေါက်ချာ ဂေဇက်နဲ့ တူနေပြီ။”

နှပ်ချေးယို - –“အံမယ်… အဲဒါ လွယ်တာမှတ်လို့ ဆရာ၊ ဦးလေး စိန်သန်းက ပြောတယ်။ သိမ်းတင်သားတို့ကမှ တကယ့်ပို့စ်မော်ဒန် ဂျာနယ်လစ်တဲ့။”

နှပ်ချေးတွဲလောင်း - –“ဘာလဲကွ၊ ပို့စ်မော်ဒန် ဆိုတာ…။”

နှပ်ချေးထူ - –“မင်းက မမ ချစ်သုဝေ နဲ့ မမလေး သင်ဇာဝင့်ကျော် တော့သိတယ်၊ ကစ်ဇုံ နဲ့ ပလုတ်တုတ်တော့ သိတယ်၊ စူပါမင်း နဲ့ ဂျူနင်ဂျာ တော့သိတယ်၊ ပို့စ်မော်ဒန်တော့ မသိဘူးလား၊ ဘဒွေး ဇော်ဇော်အောင် သိရင် တုတ်ကောက်နဲ့ ခေါက်တာ ခံနေရလိမ့်မယ်၊ ကဲ မြန်မြန် လူစုခွဲတာကောင်းတယ်။”

သစ္စာနီ (နှပ်ချေးခန်း ၂၊ သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၇ ခုနှစ်)


src: AUGUST 27