Saturday, August 20, 2011

အတ္ထုပ္ပတ္တိမဲ့ မှန်တစ်ချပ်

ခင်ဗျားအနေနဲ့ အပျင်းပြေလို့ သဘောထားနိုင်ပါတယ်။ တစ်ကယ်လည်း ကျုပ်တို့အားလုံး ပျင်းနေကြတယ် မဟုတ်လား။ မနက် ခင်ဗျား အိပ်နေကျ အိပ်ရာပေါ်က နိုးလာတဲ့အခါ အခန်းထဲမှာ ရောက်နှင့်နေတဲ့ နေရောင်ခြည်က မနေ့ကနဲ့ မတူဘူးလား။ လေကို ရှူရှိုက်ကြည့် တော့လည်း ခါတိုင်းရနေကျ ရနံ့ပဲ မဟုတ်လား။ အိမ်ရှေ့ကတ္တရာလမ်းပေါ် ဖြတ်သန်းသွားနေတဲ့ မော်တော်ကားတွေက ထွက်တဲ့ အိတ်ဇောအနံ့ ရယ်၊ နောက်ဖေးလမ်းကြားက ပုပ်အဲ့အဲ့အနံ့ရယ်၊ ခင်ဗျားရဲ့ အခန်းထဲက ညှင်းသိုးသိုး မှိုနံ့ရယ် ရောနှောလို့။

လေကောင်းလေသန့်ရလို့ရငြား အိပ်ရာကထပြီး ဘေးပြတင်းပေါက်ကို တွန်းဖွင့်လိုက်ဦး၊ မြင်နေကျ မြင်ကွင်းတွေက ဆီးကြို မနေဘူးလား။ အိမ်ခေါင်မိုးတွေပေါ်က ပြည့်ပြည့်ဝဝ မမြင်ရတဲ့ ကောင်းကင်က ပြာမှိုင်းမှိုင်း။ အဲ ခပ်စိမ်းစိမ်း သစ်ပင်ထိပ်ဖျားတချို့လည်း မြင်ရမယ်။ တိမ်တွေက လေးတိလေးကန် ခြေလှမ်းတွေနဲ့ ဦးတည်ရာမဲ့လမ်းလျှောက်လို့။ ဟော ရုတ်တရက် ကန့်လန့်ဖြတ်ပျံသွားတဲ့ ငှက်တစ် အုပ်ကြောင့် မြင်ကွင်းဟာ ဖြတ်ခနဲ အသက်ဝင် လှုပ်ရှားသွားပုံကအစ ကြုံဖူးပြီးသားနဲ့ တစ်ထေရာတည်း တူနေတယ်မဟုတ်လား။ အသံကိုရော နားထောင်ကြည့်ပါဦး။ ဈေးသည်တချို့အော်သံ၊ ကလေးငိုသံ၊ ကားဟွန်းသံ၊ ခွေးဟောင်သံ၊ ရုပ်မြင်သံကြားဖွင့်သံ၊ အိမ်နီးနားချင်း လင်မယား ရန်ဖြစ်သံ၊ ငှက်မြည်သံ၊ လေတိုးသံ။ ဒါတွေပဲ မဟုတ်လား။ ဘာများ ထူးလို့လဲ။

ဒါပေမယ့် ဒီဘက်မှာ (ဒီနေ့ကျုပ်ဖြစ်ရတဲ့ကိစ္စ) အပျင်းပြေသဘောထက်တော့လည်း မကဘူးလို့ထင်တယ်။ ကျွန်တော့မှာ မှန်တစ်ချပ်ရှိတယ်။ မှန်တစ်ချပ်ကတော့ သူတို့မှာလည်း ရှိတယ်။ ခင်ဗျားမှာလည်း ရှိတယ်။ လူအားလုံးမှာ လွယ်လွယ်ကူကူရှိနိုင်တဲ့အရာပါပဲ။ အမှန်တော့ မှန်တွေအကြောင်းကို ကျွန်တော်ကောင်းကောင်းမသိပါဘူး။ မှန်ဆိုတာ ဘာနဲ့လုပ်ထားမှန်းတောင် မသိပါဘူး။ ထားပါတော့။ မှန်တော့ ကြည့်တတ်တယ်ပေါ့။ မှန်ဆိုတာ လူ့သမိုင်းမှာ ကျောက်ခေတ်ကတည်းက ပေါ်တဲ့အရာလို့ထင်တာပဲ။ ပြောင်လက်အောင် ပွတ်တိုက်ထားတဲ့ ကြေးပြားပေါ်မှာ ထင်နေတဲ့ အရိပ်ကို ကြည့်မှာပေါ့။ ဒါကြောင့် ကြည့်မှန်တွေကို ကြေးမုံလို့ ခေါ်ကြတာ ထင်တယ်။

ဒါတွေ မတိုင်မီကတော့ ကြည်လင်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ကြည့်ချင် ကြည့်နေလိမ့်မယ်။ ကျုပ် ပြောချင်တာကတော့ လူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာ၊ ပြန်မြင်ရတာကို ခေတ်အဆက်ဆက်က ဝါသနာထုံခဲ့တယ်ဆိုတာပဲဗျ။ ခက်တာက အဲဒါပဲ။ ကျုပ်ကို ကျုပ် ပြန်ကြည့်ချင်လို့ မှန်ကြည့်တာ။ ကျုပ်ကို ကျုပ် မမြင်ရဘူးဆိုတာ မခက်ဘူးလား။ တကယ်တွေးကြည့်တော့ ဒီကိစ္စဟာ ရယ်စရာတော့ နည်းနည်းကောင်းသား။ ဒီနေ့မနက်က ကျုပ် မှန်ထဲကို ကြည့်လိုက်တော့ မြင်ရတဲ့ရုပ်က ကျုပ် ရုပ်မဟုတ်ဘူးဗျ။ ဘယ်သူ့ရုပ် ဖြစ်နေသလဲ ဟုတ်လား။ အဲဒါကြောင့် ခင်ဗျားကို ပြောချင်နေတာပေါ့။ မှန်ထဲမှာ ကြည့်လိုက်လို့ ကျုပ်မြင်ရတဲ့ရုပ်ဟာ ခင်ဗျားရုပ်ဖြစ်နေတယ်ဗျ။ ခင်ဗျား မယုံဘူးမဟုတ်လား။ ကျုပ်ပြောနေတာ အမှန်တွေပါ။

ကျုပ် လက်ဖက်ရည်ဆိုင် ထွက်လာခဲ့တယ်။ နီကျင်ကျင် လက်ဖက်ရည် တစ်ခွက်ရှေ့ရောက်လာတယ်။ ထိုင်နေကျ ဆိုင် ဆိုတော့ မှာပြုမနေရပါဘူး။ ကျုပ် ထိုင်လိုက်တယ်ဆို ကြည့်ဖျော်လိုက်တာပဲ။ ရှယ် မဟုတ်ဘူး။ ချက်နို့ဆီနဲ့ ဖျော်တဲ့ ရိုးရိုးလက်ဖက်ရည်ပါ။ ပြောမယ့်သာ ပြောရတယ်။ ကျုပ် လျှာကလည်း ဘယ်တုန်းကာလကမှ ချက်နို့ဆီနဲ့ လင်ခန်းမယားခန်းမြောက်သွားလဲမသိဘူး။ တစ်ခါတစ်လေ အဆင်ပြေတဲ့မိတ်ဆွေတချို့က ဒကာခံရင်းတိုက်တဲ့ ရှယ်လက်ဖက်ရည်(ဘူးနို့ဆီ)ဆို သောက်မရချင်ဘူးတောင် ဖြစ်နေပြီ။ ချိုကျပြင်း လက်ဖက်ရည်ကို တစ်ငုံချင်း သောက်၊ သတင်းစာကို တောင်လှန် မြောက်လှန်ကြည့်၊ ဆေးပေါ့လိပ်ကို ဇိမ်ယူပြီးဖွာ၊ အဲဒီဆိုင်မှာ မနက်ခင်းတိုင်း တွေ့နေကျ လူတွေနဲ့ပြောနေကျစကားတွေ ပြောလို့၊ (မနေ့ညက ချန်ပီယံလိဂ် ဖလားပွဲမှာ ဘယ်အသင်းတွေ နိုင်ကြ ရှုံးကြတယ်ဆိုတဲ့အကြောင်း အားကစားဂျာနယ် ပုံမှန်ဖတ်တဲ့လူတွေနဲ့၊ ဂြိုလ်တုစလောင်း ပုံမှန် ကြည့်သူတွေရဲ့ လေသံက အကျယ်ဆုံးပေါ့။ မနေ့က တော်တော်ပူတဲ့ အကြောင်း၊ အိုဇုန်းလွှာ ပေါက်ကွဲတာတို့၊ ဖန်လုံအိမ်အာနိသင် ဆိုတာလည်း ပါရသေးတယ်။ အဲဒီလို ပြောတဲ့လူကို အထင်ကြီးတယ်။ နောက်တော့ ခပ်တိုးတိုးပြောကြတဲ့ စကားတွေလည်း ရှိသေးတယ်။ နှစ်လုံး သုံးလုံးအကြောင်းပေါ့ဗျ။ ဒီရောဂါလည်း နေရခက်တဲ့ စာရင်းထဲပါနေပြီ။
ညက ကိုရီးယားဇာတ်လမ်းတွဲအကြောင်း ပြောတဲ့လူတွေလည်းရှိတယ်။ ဒါကတော့ မိန်းမနည်းနည်းဆန်းတယ်လို့ထင်တာပဲ) ရေနွေးအိုး သုံးအိုး လောက်ကျတော့ အိမ်ပြန်လာတာပေါ့။

မိန်းမထည့်ပေးတဲ့ ထမင်းချိုင့်လေးဆွဲ၊ အလုပ်သွားပေါ့။ ချိုင့်ထဲမှာ ဘာဟင်းပါမလဲ တွေးမနေတော့ဘူး။ မိန်းမကလည်း သူ အဆင်ပြေတာ စီစဉ်ပေးတယ်။ ကျုပ်ကလည်း ကြုံရာနဲ့ စားတတ်နေပြီကိုး။ တစ်ခါတလေ စားခါနီး ထမင်းချိုင့်ဖွင့်ကြည့်မှ ဟင်းအကောင်းလေး ဘာလေးမြင်ရရင် အိမ်က မိန်းမကိုတောင် အံအားသင့်နေမိတယ်။ အပြန်ကတော့ ထုံးစံအတိုင်းပါပဲ။ ညနေဆို ကားဂိတ်တွေမှာ ရုံးတွေ၊ စက်ရုံ တွေက လွှတ်လိုက်တဲ့အလုပ်သမားတွေ တပုံတပင်ကြီး။ ကားတစ်စီး ဆိုက်လာရင် ထန်းလျှက်ခဲကို ဝိုင်းအုံတဲ့ ယင်ကောင်တွေလိုပဲ တဝုန်းဝုန်းနဲ့၊ ကားတွေကလည်း အပြည့်အသိပ်တင်နိုင်သလောက်တင်ကြပါတယ်။ (သူတို့လည်း တွက်ခြေကိုက်တာကိုး)။ ဒါတောင် မှောင်စပျိုးမှ ကျုပ်တော့ အိမ်ပြန်ရောက်တယ်။ ကားပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် စီးခဲ့ရတော့ လူလည်း နုံးချိနေပြီ။ ဗိုက်ဆာနေပေမဲ့ ခဏ အပန်းဖြေပြီး ရေအရင်ချိုးရသေး တယ်။ အိမ်မှာ ရေပြတ်နေရင် ရေထည့်တဲ့လူ လိုက်ခေါ်ရသေးတယ်။ ကျွန်တော်တို့ဆီမှာ အဝီစိရေကို အိမ်တိုင်ရာရောက် ပိုက်နဲ့ လိုက်ထည့် ပေးတယ်။ တစ်ထမ်းမှ တစ်ဆယ်တည်းရယ်။

မိန်းမကတော့ ကျုပ်အတွက် ထမင်းခူးပေးပြီးရင် ကလေးတွေ လက်ဆွဲပြီး တီဗွီရှိတဲ့အိမ် ပြေးပြီ။ သူလည်း (၇) နာရီလာတဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို စွဲနေပြီ။ သူ့မှာလည်း ဒီဖျော်ဖြေရေးလေးပဲ ရှိတာကိုး။ ကျုပ်ကတော့ မီးလေး ဘာလေး မပျက်တဲ့အခါ စာအုပ်လေး ဘာလေး ဖတ်ပေါ့။ နိုင်ငံတကာသတင်းလေးလည်း မျက်ခြည်မပြတ်စေနဲ့။ အိုစမာဆိုတာ ဘာမှန်းမသိ၊ အီရတ်ဆိုတာ ဘာမှန်းမသိရင်လည်း မဖြစ် သေးဘူး။ သတင်းနည်းပညာဆိုတဲ့အိုင်တီခေတ် ရောက်နေပြီလို့ လူတွေပြောနေကြတယ် မဟုတ်လား။ များသောအားဖြင့်တော့ မီးပျက်တတ်တော့ စောစော အိပ်ရာဝင်ပေါ့ဗျာ။ ဒါပါပဲ။

အာ... ဒါ ခင်ဗျားအကြောင်းကို စောင်းပြောနေတာ၊ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေဗျာ။ တကယ်ပါ။ ပြီးတော့ မှန်ထဲမှာ ကျုပ် ကြည့်တာ ခင်ဗျားရုပ်ကိုပဲ မြင်နေရတာလည်း တကယ်ပဲ။ မယုံရင် ခင်ဗျားကိုယ်တိုင် မှန်ရှေ့ သွားရပ်ကြည့်လေ။ ကဲ... ယုံပြီမဟုတ်လား။ ကြည့်မှန်ထဲမှာ ခင်ဗျားရဲ့ရုပ် မဟုတ်လို့ အံ့အားသင့်နေပြီ မဟုတ်လား။ (အခု ခင်ဗျား မြင်နေရတာ) ဘယ်သူ့ရုပ်လဲ ဆိုတာရော သိချင်သေးလား။
အဲဒါ ကျုပ် ရုပ်ပဲဗျ။ ကျုပ် ရုပ်။

သစ္စာနီ (ဝတ္ထုတို ၆၀)

No comments: