Thursday, September 1, 2011

လှေခါး နှင့် လူ


စက္ကူပန်းရောင်စုံများ မှန်ဘီရိုထဲတွင် ပွင့်ဝေနေကြသည်။သတ္တုဖလား၏ ကိုယ်ထည်ပေါ်မှာ တောက်ပြောင်သော မဟော်သဓာဇာတ်၊ အရည်ဖြစ်သွားသော စပျစ်သီးများ (ပုလင်းထဲတွင်)၊ ပြည်တွင်းဖြစ် အထည်ကြမ်းများ နှင့် ကောင်တာနောက်မှ ကော်ပတ်ရုပ်တချို့၊ ခပ်ဖျော့ဖျော့ မီးချောင်းအလင်းရောင်တို့ဖြင့် ကုန်တိုက်ခန်းမသည် ခါတိုင်းလိုပင် အေးစက် မှိုင်းညိုနေ၏။

ခန်းမ တစ်ဖက်စွန်းတွင်ရှိသော စာအုပ်ရောင်းသည့် ကောင်တာသို့ ဦးတည်လျှောက်သွားလိုက်သည်။ ထိုအရောင်ဌာနမှာ လူသိနည်းသလို၊ ဝယ်ယူသူလည်း နည်းသော်လည်း အထူးသဖြင့် သာသနာရေး ဦးစီးဌာနမှ ထုတ်ဝေသော စာအုပ်ကောင်းတချို့ကို အမှတ်မထင် ဝယ်ယူရရှိတတ်သည်။ ထို့ကြောင့် လမ်းကြုံလျှင် ကျွန်တော်သည်  ဤကုန်တိုက် ထိုအထပ်သို့ တက်ကာ လိုချင်သော စာအုပ် ရှိလိုရှိငြား ရှာကြည့်တတ်သည်။ ယခုလည်း တောင်မြို့ဆရာတော်၏ “ကိုယ်ကျင့် အဘိဓမ္မာ” စာအုပ်ကို တွေ့ရသဖြင့် ဝယ်လိုက်မိသည်။ ဤစာအုပ်မှာ ယခင်က ကျွန်တော့်တွင် ရှိသော်လည်း ကိုယ်ကျင့်မကောင်းသော မိတ်ဆွေတစ်ယောက်က ငှားရမ်းကာ ပြန်မပေးပဲ ထားခဲ့၏။ စာအုပ်ကို ကိုင်ကာ ပြန်လှည့်ထွက်အလာ…

“ဟေ့ကောင်… ဘုန်းဝေ”

ဟူသော ရင်းရင်းနှီးနှီး နှုတ်ဆက်သံကို ကြားလိုက်ရသည်။ ကြည့်လိုက်တော့ အထက်တန်းကျောင်းတွင် အတူနေခဲ့ဖူးသော ကျောင်းနေဖက် သူငယ်ချင်းဟု ဆိုနိုင်သည့် အောင်မြင့် ဖြစ်နေလေသည်။ ယခုတော့ သူ့နာမည်ကို ထွန်းအောင်မြင့် ဆိုလား အောင်ထွန်းမြင့် ဆိုလား ပြောင်းထားသည်ဟု တစ်ကြိမ်ဆုံစဉ်က ပြောဖူးသည်။ ကျောင်းနေစဉ်ကတော့ သူ့အမေ မုဆိုးမရောင်းသော ဘိန်းမုန့်ကို အစွဲပြုကာ ဘိန်းမုန့်ဟုသာ ခေါ်ခဲ့ကြသည်။ သူနှင့် ကျွန်တော်သည် ငါးတန်းမှစ၍ ဆယ်တန်းရောက်သည့်တိုင် အထက်တန်းကျောင်းတစ်ကျောင်းတည်းတွင် အတူတကွ စာသင်ခဲ့ကြရသည်။

ယခင်က မည်းမည်း ပိန်ခြောက်ခြောက် အောင်မြင့်သည် နတ်ရေကန်ထဲ ကန်ချခံ လိုက်ရသလို ထူးခြားပြောင်းလဲစွာ စိုပြေ ဝဖြိုးနေ၏။

“မင်း ဘယ်လာတာလဲ”

သူ့မေးခွန်းကို ကျွန်တော်က လက်ထဲက စာအုပ် ထောင်ပြခြင်းဖြင့် အဖြေပေးလိုက်သည်။ သူက စာအုပ် အမည်ကြည့်၍ မထီတရီ ပြုံးကာ…

“အေး… မင်းလည်း စာရေးနေတယ်လို့ ကြားပါတယ်… ဘယ်နာမည်နဲ့လဲ… ငါလည်း အလုပ်များလွန်းလို့ စာဖတ်ချိန်တောင် မရပါဘူးကွာ… ဘာလုပ်လုပ် ကျော်ကြားအောင်လုပ်ပေါ့… ဒါမှ ငွေကောင်းကောင်းရမှာ…”

စေတနာနှင့် အကြံပေးသလိုလို၊ အထက်စည်းနှင့် သြဝါဒ ပေးသလိုလို ကျွန်တော် နားကလောလေ့ရှိသော မီးကျိုးမောင်းပျက် ဒဿနတို့ကို စိတ်ပျက်ဖွယ် ကြားရပြန်သည်။ သူက စာမူခတစ်အုပ်လျှင် သိန်းကျော်ရသည်ဆိုသော စာရေးဆရာတချို့၏ အမည်တွေကို ရွတ်ပြနေ၏။

“စာရေးဆရာ တစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ သူရတဲ့ ငွေကြေလည်း မဟုတ်ဘူး… လူသိများတယ်ဆိုတဲ့ ကျော်ကြားမှုလည်း မဟုတ်ဘူး… သူ့ စာအုပ် စောင်ရေ ဘယ်လောက်ရောင်းရတယ်ဆိုတာလည်း မဟုတ်ဘူး… စာပေလောက အပေါ်မှာ သူ့ စာပေသြဇာ ဘယ်လောက်ရှိသလဲ ဆိုတာ ပဲကွ”

ကျွန်တော့စကားကို သူ နားမလည်ကြောင်း ပြောသည်။

“မင်းသာမဟုတ်ဘူး… လူတော်တော်များများလည်း နားမလည်ပါဘူး… ခုခေတ် လူကြီးလူငယ် အားလုံးလောက်ဟာ ကျော်ကြားမှုနဲ့ ငွေကြေးနောက်ကိုပဲ အလုအယက် လိုက်နေကြတာကိုး…”

“လောကမှာ ဒီနှစ်ခုက အရေးကြီးဆုံး မဟုတ်လားကွ”

“အေး… မင်း မသိဘူးဆိုတာ ဖြစ်နိုင်တယ်… လောကမှာ အရေးကြီးဆုံးက ပညာ နဲ့ သိက္ခာပဲကွ… သူက ပျက်စီးနိုင်တဲ့ အရာမဟုတ်ဘူး… တန်းဖိုးလည်း မဖြတ်နိုင်ဘူး… ဝိဇ္ဖာ နဲ့ စရဏ လို့ပြောရင်လည်း မင်းနားလည်မှာ မဟုတ်ဘူး… ဉာဏ်ပညာ နဲ့ အကျင့်သီလ ဆိုတာ သံသရာ ကိုပါတဲ့ ပါရမီတွေဆိုတော့ ရင့်သန်သထက် ရင့်သန်တဲ့ သဘောပဲရှိတယ်”

သူ့မျက်နှာက ကောင်းစွာ သဘော မပေါက်နိုင်ကြောင်း ဖော်ပြနေသည်။ ခဏကြုံခိုက် စိတ်သဘောချင်း မတိုက်ဆိုင်ဖွယ် စကားများကို မပြောချင်ဘဲ ပြောမိပြန်သည်။ လူဆိုတာ ကိုယ့်အယူအဆနဲ့ကိုယ်၊ ကိုယ်သွားသော လမ်းကိုသာ အမှန်ဟု ထင်တတ်လွန်းသော သတ္တဝါ ဖြစ်သည်။

အောင်မြင့် ဆယ်တန်းအောင်သောအခါ ကျောင်းဆက်တက်နိုင်သော အင်အားမရှိ။ ထို့ကြောင့် သူ့ကို ကျောင်းဆက်ထားပေးမည်ဆိုသော ရပ်ကွက်ထဲက ဖိနပ်ထောင်ဆရာ၏ သမီးကို သူလက်ထပ်ယူလိုက်သည်။

ဖိနပ်ထောင်ဆရာ၏ သမီးမှာ ခပ်ဝဝ၊ အရုပ်ဆိုးဆိုး၊ မျက်ခုံးမွှေး သေးသေး၊ ရွှေကြိုးကြီးကြီး နှင့် သူ့ထက် အသက်လည်း အနည်းငယ်ကြီးသော မိန်းမဖြစ်သည်။ အောင်မြင့် ကိစ္စ၌ အောင်မြင့်သည် အသည်းနှလုံးနှင့် ဘွဲ့တစ်ခုကို လဲလှယ်ယူခဲ့၏ဟု စကားလှလှ ဆိုရန်ပင်ခက်၏။ အဘယ့်ကြောင့်ဆိုသော် အောင်မြင့်ရင်ထဲတွင် အသည်းနှလုံး ရှိမရှိ မသေချာသောကြောင့် ဖြစ်သည်။ သေချာတာကတော့ သူသည် မိုးထိအောင် လှေခါးတောင်ချင်သူ ဆိုသော အချက်ဖြစ်သည်။

သူသည် အဆက်အသွယ်ကောင်းရကာ အစိုးရဌာနတစ်ခု၏ အရာရှိပေါက်စ ဘဝမှ နှုတ်ထွက်ပြီး ကုန်သည်လုပ်နေသလို ကန်ထရိုက် လုပ်နေသလို ကြားရသည်။ တိုက်နှင့် ကားနှင့် ဖြစ်နေသည် ဟုလည်း သိရသည်။ သူ့ ပထမ အိမ်ထောင်နှင့်လည်း ကွဲကာ ညွှန်ကြားရေးမှူး တစ်ဦး၏ သမီးနှင့် ယူပြန်သည်။ အင်းယားလိပ်တွင် ကျင်းပသော သူ့မင်္ဂလာဆောင်ဖိတ်စာ ကျွန်တော့်ထံ ရောက်သော်လည်း ကျွန်တော် မသွားဖြစ်။ လက်ဖွဲ့ပင် မပို့ဖြစ်ဟု ထင်ပါသည်။

“မင်းရော ဘာလာလုပ်တာလဲ” ကျွန်တော်က မေးလိုက်သည်။

“ဒီ အပေါ်ထပ်ကို လာတာလေ… ငါ့ဆရာ တစ်ယောက် အိမ်သစ်ဆောက်တယ်… အဲဒီမှာ ခင်းဖို့ ကော်ဇော လက်ဆောင်ပေးချင်လို့ လာဝယ်တာ…”

ဒီတစ်ခါ ကျွန်တော် ပြုံးမိသည်။ သူက လိပ်စာ တစ်ခုရေရွတ်ရင်း “ငါ ကုမ္ပဏီ တစ်ခု ဖွင့်ထားတယ်... ရွှေလှေကားတဲ့... အင်ပို့ အိတ်စပို့ပေါ့... ကြုံရင် ဝင်လည်ပေါ့ကွာ”

သူ့ကုမ္ပဏီ နာမည်ကို ကြားရသောအခါ သူ့ကွယ်ရာတွင် သူငယ်ချင်း တစ်ဦးက သူ့ကို ဝေဖန်ဖူးသော စကားကို ပြန်အမှတ်ရလာ၏။

“ဒီ အောင်မြင့် ဆိုတဲ့ကောင်က လူတစ်ယောက်ကို ကြည့်ရင် ဒီလူ့ ကျောကုန်းပေါ်မှာ လှေကား ဘယ်နှစ်ထစ် ပါတယ်ဆိုတာ အရင်ကြည့်တဲ့ ကောင်ကွ”

ကျွန်တော်တို့ နှစ်ယောက် နှုတ်ဆက်ကာ ခွဲခွာလိုက်ကြသည်။ အလိုလျောက် ရွေ့လျားသော စက်လှေခါးပေါ်တွင် ရပ်ကာ အပေါ်သို့ တက်သွားသော သူ့ကို ကြည့်ပြီး အောက်သို့ဆင်းရန် ရိုးရိုးလှေကား ဆီသို့ ကျွန်တော့ခြေထောက်များ ဦးတည် ရွေ့လျားလိုက်လေသည်။


သစ္စာနီ (သရဖူ၊ ဇူလိုင် - ၁၉၉၄)


အိမ် နှင့် လူ

အနေကဇာဘိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။


ဥာဏ်တော်ကြီးမြတ် တော်မူလှပေသော အရှင်သည်၊ တစ်ခုတည်းသော သံသရာပုစ္ဆာ၏ အဖြေကို တွေ့သိတော်မူပေသည်။ ဘုရားအဖြစ်သို့ ရောက်တော် မူပြီးနောက်၊ “ခန္ဓာအိမ်ကို အကြိမ်ကြိမ် ဆောက်တတ်သော တဏှာယောက်ျား၊ ဟယ်... ပဲခွပ်သမား” ဟု ဥဒါန်းကျူးရင့်တော် မူနိုင်ခဲ့သည်။ ပါရမီ မရင့်သန်သူမို့ ခန္ဓာအိမ်ကို အဖန်ဖန် အကြိမ်ကြိမ် ဆောက်မိပါသည် ဘုရား။ အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို ရသောဘဝမှာ ထိုအိမ်ကလေးအား ထားရန် အိမ်ကြီးကို ရှာပြန်လေသည်။

သူ အိမ်တစ်လုံး ဆောက်ခဲ့ဖူးပါသည်။ မြက်ခင်းစိမ်းစိမ်းများ ဖုံးလွှမ်းနေသည့် မနိမ့်မမြင့် တောင်ကုန်းလေး တစ်ကုန်းပေါ်မှာ ပင်လယ်ပြာပြာကို မျက်နှာပြုထားသော မိသားစုလေးယောက် နေနိုင်ရုံ တစ်ထပ်သစ်သားအိမ်ကလေး တစ်လုံး ဖြစ်သည်။ နေရာလပ်မရှိအောင် ဆေးဖြူသုတ်ထားသော ထိုအိမ်ကလေးတွင် အလင်းရောင်ကောင်းကောင်း ရရန်နှင့် လေကောင်း ကောင်းရရန် မှန်တံခါးချပ်များ တပ်ဆင်၍ ပြတင်းပေါက် ကျယ်ကျယ်များ ဖောက်လုပ်ထားသည်။ အိမ်ဝရန်တာတွင် ခရမ်းနု ရောင် အပွင့်သေးသေးကလေးများ ပွင့်သည့် နွယ်ပင်များ တွယ်ကပ်နေကြသည်။ ခြံထဲမှာတော့ ပင်လယ်ကဗွီးပင်နှင့် ယူကလစ်ပင်များ ခပ်ကျဲကျဲ ပေါက်နေ၏။

ထိုအိမ်ကလေးတွင် အသားဖြူဖြူ ပါးချိုင့်ကလေးနှင့် ချစ်စရာကောင်းလောက်အောင် အရုပ်ဆိုးသော သူနှင့် အတူနေ သည့် မိန်းကလေးတစ်ယောက် လည်းရှိသည်။ (သူတို့ ဘယ်တုန်းကမှ လက်မထပ်ခဲ့) ပြီးတော့ သူ တစ်ခါတလေ ရေးသည့် ဆီဆေးပန်းချီကားပေါ်၌ သူ့အလစ်တွင် စုတ်တံဖြင့် ကြက်ခြေခတ်ရာ ဖြစ်အောင် ခြစ်တတ်သော မျက်လုံးပြူးပြူး သမီး ကလေးတစ်ယောက်နှင့် တခါတရံ မှန်ပြတင်းပေါက်များ ကွဲအောင် ဘောလုံးဖြင့် ကန်တတ်သော ဆံပင်ရှည်ရှည်နှင့် သားကလေးတစ်ယောက်လည်း ရှိသည်။ (နှစ်ခုလုံးမှာ ပျော်စရာကိစ္စများ ဖြစ်ခဲ့သည်။) ချစ်စရာကောင်းလောက်အောင် အရုပ်ဆိုးသော မိန်းကလေး ဈေးကအပြန် ဆံပင်ကောက်လာသောနေ့တွင် သူနှင့် ရန်ဖြစ်ကြသည်။ ထိုလိုခဏမှာတော့ ဆေး ဖြူသုတ်ထားသော အိမ်ကလေးအတွင်းမှာ အနည်းငယ် မှိုင်းညို့နေချင်နေပေမည်။ စာဖတ်ခန်းထဲ ဝင်ကာ စာဖတ်ချင်ယောင် ဆောင်နေဖို့ သူကောက်ကိုင်လိုက်သော စာအုပ်မှာ ပီ၊ဂျီ၊ဝုဒ်ဟောက်စ် စာအုပ် ဖြစ်နေတတ်၏။ သားနှင့်သမီးကတော့ သူတို့ ကြိုက်သော မက်ဒိုနာ၏ ဗီဒီယိုအခွေကို ဖွင့်ကာ ငြိမ်ငြိမ်ကုပ်ကုပ် ခြေထောက်ဖြူဖြူ ကလေးများနှင့် စည်းချက်လိုက် နေကြ မည်။ ဆံပင်ကောက်ကောက်အသစ်နှင့် စိတ်အသစ်ကောက်နေသော မိန်းကလေး မီးဖိုထဲမှနေ၍ သူ ကြိုက်တတ်သော ဝက် ပေါင်ခြောက်ကို တမင် သူ ညှော်နံ့ရအောင် ကြော်နေသည်။

ဆေးဖြူသုတ်ထားသော အိမ်ကလေးအတွင်းမှ မှိုင်းညို့မှုမှာ တာရှည်ခံလေ့ မရှိပါ။ တစ်ယောက်ယောက်က (သူသာ ဖြစ်ဖို့များသည်) ပြတင်းပေါက်ကျယ်ကျယ် တစ်ချပ်ကို တွန်းဖွင့်လိုက်လျှင် အပြာနုရောင် ပင်လယ်ဆီမှ လတ်လတ်ဆတ် ဆတ် လေအေးအေးက အိမ်ထဲကို တိုးဝင်လာကာ အထဲမှ မှိုင်းညို့မှုများကို အပြင်သို့ တိုက်ခတ် သယ်ယူသွားတတ်သည်။ ထိုခဏ၌ ရုတ်တရက် ဝင်လာသော အလင်းရောင်ကြောင့် အိမ်အတွင်းမှာ ပို၍လည်း ဖြူလက်သွားတတ်၏။

ထိုသို့ သူဆောက်ခဲ့ဖူးသော အိမ်ကလေးမှာ သူ့စိတ်ကူးအတွင်းမှာသာ ဖြစ်လေသည်။ “ခင်ဗျား ဒီနေ့ ဘယ်မှာအိပ်မှာလဲ”

လက်ဖက်ရည်ဆိုင်မှ အထတွင် အကြောင်းသိသော မိတ်ဆွေက မေးလိုက်သောစကားကို ချက်ချင်းပြန်မဖြေနိုင်။ “ရှိပါတယ်” ဟုသာ ပြီးစလွယ်ပြောရင်း ထွက်ခဲ့၏။ မိုးတဖွဲဖွဲ ကျလာပြန်သဖြင့် ပန်းခြံအနီးမှ အဆောက်အအုံ တစ်ခု၏ ဆင်ဝင် အောက်တွင် ခိုကပ်လိုက်ရပြန်သည်။ သူ့လိုပင် ခရီးသွားသူ တချို့ မိုးခိုနေကြ၏။ လှေကားထစ်များအောက် အုတ်ခုံပေါ်မှာ အိပ်ပျော်စဖြစ်ဟန် တူသော အိန္ဒိယလူမျိုး အဘိုးအို တစ်ဦးကို တွေ့ရ၏။ သည်ညအဖို့ ကျောခင်းစရာ တစ်နေရာ ပြေလည် သွားရှာသော လူသားတစ်ယောက်ကို သူ ဝမ်းမြောက်ဝမ်းသာ ကြည့်နေမိသည်။ နေဝင်တိုင်း ထိုကိစ္စအတွက် ပူပန်ရသော ဘဝမှ သူကော ဘယ်တော့ လွတ်မြောက်နိုင်ပါမည်နည်း။

ကိုယ်ယုံကြည်ရာမှာ ဘဝကို နောင်တမဲ့ စိုက်နစ်စွဲမက်တော့မည်ဟု မိဘအရိပ်ကို စွန့်ခွာလာကတည်းက နွေးထွေး သော၊ လုံခြုံသော၊ ငြိမ်းအေးသော၊ သက်တောင့်သက်သာဖြစ်သော “အိမ်” ဆိုသောအရာသည် အဝေးတွင် မှုန်ဝါး လွင့်စင် ကျန်ရစ်ခဲ့လေသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလကတော့ ရန်ကုန်မြို့ကြီးသည် အိပ်စရာနေစရာ မရှားလှသေး။ ရန်ကုန်ဘူတာကြီးမှာ၊ သင်္ဘောဆိပ်မှာ ခရီးသွားမည့်သူများနှင့် ရောနှော၍ ဟန်ဆောင်ကာ အိပ်နိုင်သည်။ ဒါမှမဟုတ် မိုးလင်းဖွင့်သော လက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ ညလုံးပေါက်ထိုင်နိုင်သည်။ (သည်အလုပ်ကတော့ လက်ဖက်ရည်တစ်ခွက်ဖိုး နှင့် ဆေးပေါ့လိပ်ဖိုး ငွေ တစ်ကျပ်တော့ အိတ်ထဲမှာ ရှိရသည်။) မိုးလင်းတော့မှ အမျိုးသား စာကြည့်တိုက်ဖြစ်ဖြစ်၊ ပြန်ကြားရေး စာကြည့်တိုက် ဖြစ် ဖြစ် တစ်ခုခုဆီ သွားပြီး စာအုပ်တစ်အုပ်ကို ရှေ့တွင် ဖြန့်ခင်းကာ ထိုင်လျက် ခိုးအိပ်နိုင်သည်။ သဘောကောင်းသော အလှည့် ကျ စာကြည့်တိုက်မှူးနှင့် ကြုံလျှင် စားပွဲပေါ် မှောက်အိပ်နိုင်သော အခွင့်အရေးပင် ရတတ်၏။ အခုတော့ ရန်ကုန်ဘူတာကြီး တွင် ခရီးသည်များ ညအိပ်နေရန် ခွင့်မပြုတော့။ မိုးအလင်းဖွင့်သော လက်ဖက်ရည်ဆိုင်များလည်း မရှိတော့။ သက်ဆိုင်ရာက ၁၁နာရီ ထိုးသည်နှင့် ဆိုင်တိုင်း သိမ်းစေသည်။ စာကြည့်တိုက်များကလည်း နေ့ခင်းဘက် လာအိပ်သူများကို (စာဖတ်ခန်းထဲ တွင် အိပ်စက်ခြင်း မပြုရ) ဟူသော စာတန်းများ ချိတ်ဆွဲကာ ကန့်ကွက်တားမြစ်ကြသည်။ အိပ်စရာ ခက်ခဲသော တစ်ညက မရောက်တာ ကြာပြီဖြစ်သော ကမ်းနားလမ်း ဗောတံတား တစ်ခုမှာ သွားအိပ်ခဲ့မိသေး၏။ မိုးလင်းတော့ ဘယ်သူ ဖြုတ်သွား မှန်းမသိ။ သူ့မျက်မှန် မရှိတော့။ မျက်မှန်က ဟောင်ကောင် ကော်ကိုင်းမို့ တန်ဖိုးမရှိလှ။ အဝေးကြည့် မျက်မှန်မို့သာ သူ စာရေးစာဖတ် မထိခိုက်သည်။ သူလည်း ကမ်းနားလမ်းကို လန့်သွားသည်။

တစ်ညနေကလည်း သူ ဗောတံတားပေါ်မှာ ထိုင်ပြီး ဆေးလိပ်သောက်နေစဉ် အင်္ကျီကျွတ်နှင့် ဗလကောင်းကောင်း လူတစ်ယောက် အနားရောက်လာကာ “ပေးစမ်း” ဟု တစ်ခွန်းတည်း ပြောရင်း လက်ထဲက သောက်လက်စ ဆေးလိပ်ကို လုယူသွားတာ ခံရဖူး၏။ ကိုယ်ကလည်း တွေတွေငေးငေး သမားမို့ ရုတ်တရက် ဘာဖြစ်သွားမှန်း နားမလည်။ ပထမတော့ ဆေးလိပ်မီးညှိရအောင် တောင်းသည်ဟုပင် ထင်သေး၏။ နောက်မှ သူ အနိုင်ကျင့် ခံရတာပဲဟု သဘောပေါက်ပြီး ပြုံးရယ်မိ၏။ လောကမှာ အတိတ်ဘဝကုသိုလ် ကြောင့် ငွေရတဲ့သူကရ၊ ဥာဏ်ရတဲ့လူကရ၊ ဗလရတဲ့လူကရပေမယ့် ကိုယ် အစွမ်းအစ ရှိတာပေါ်မှာ အားကိုးပြီး တခုခု ချို့တဲ့သူကို အနိုင်မကျင့်သင့်ပါဘူး။ အမှန်တော့ ကမ်းနားလို နေရာမျိုးက သူတို့လို အေးအေး ဆေးဆေး သမားတွေနှင့် မသင့်တော်။ သူ့ထက် ဗလကောင်းသော အင်္ကျီကျွတ်နှင့် လူက သူ့ကို ဘဝတူ ကလေကချေ တစ်ယောက်လို့ပဲ မှတ်ပေလိမ့်မည်။

သူဟာ ကလေကချေ တော့လည်း မဟုတ်ပါဘူး။ မျိုးရိုးကောင်းမိဘက ဆင်းသက်လာသူပါ။ လူတွေ အထင်ကြီးတယ် ဆိုတဲ့ အတန်းပညာကိုလည်း ကောင်းကောင်း သင်ခဲ့ဖူးတဲ့သူပါ။ ပြီးတော့ သူ့ခေါင်းထဲမှာလည်း အတန်းပညာ ထက် အဆပေါင်းများစွာ တန်ဖိုးရှိတယ်လို့ သူယူဆတဲ့ ပညာတွေနဲ့ ပြည့်တင်းနေတဲ့ သူပါ။ အသည်းနှလုံး ထဲမှာလည်း သူနေထိုင် တဲ့ ကမ္ဘာကြီးကို သူတတ်တဲ့ အနုပညာနဲ့ ကောင်းမြတ်ပြည့်စုံအောင် သွန်းလုပ်ဖန်တီးချင်တဲ့ စေတနာတွေနဲ့ ဖိတ်လျှံနေတဲ့ သူပါ။ အဲဒီလူကို နေစရာ အိမ်ကလေးမျှ မရှိတာနဲ့ ကလေကချေလို့တော့ မခေါ်သင့်ဘူးပေါ့။

သို့သော် ဘာပဲဖြစ်ဖြစ် လူတစ်ယောက် ဆိုတာကတော့ လူဆိုတဲ့ ဂုဏ်သိက္ခာကို လုံခြုံအောင် ထိန်းသိမ်းနိုင်လောက်ရုံ အိမ်ကလေးတစ်လုံး (သူ့စိတ်ကူးထဲက အိမ်မျိုးဖြစ်ရမည်) နှင့် ငွေသုံးသိန်းလောက်တော့ ရှိသင့်သည်ဟု ဝန်ခံပါသည်။ သူ့လို နေ့တိုင်း ကျောခင်းစရာ တစ်နေရာကိစ္စ အတွက် နေဝင်မှာ စိုးရွံ့ပူပန်နေသော ဘဝကတော့ မကောင်းလှဘူးပေါ့။

အနည်းဆုံး တစ်လ ငါးဆယ်လောက် ပေးရတဲ့ ဘော်ဒါဆောင်က တစ်ယောက်ခန်းကလေး တစ်ခုကိုတော့ ပိုင်ဆိုင်သင့် ပါသည်။ လွန်ခဲ့သော အနည်းငယ်အဆင်ပြေသည့် နှစ်များကတော့ (စိတ်ဆင်းရဲ အမြဲခံနေရသော ဘဝတွင်) ကိုယ်ဆင်းရဲ မခံချင်သဖြင့် ကမာရွတ် သို့မဟုတ် သမိုင်း၊ အင်းစိန် တစ်နေရာရာရှိ ဘော်ဒါဆောင် တစ်ခုခုမှာ အခန်းတစ်ခန်းတော့ ရအောင် ငှားနေတတ်ခဲ့သည်။

ကြိုတင်ငွေ နှစ်လခလောက် ပေးနိုင်လျှင် အခန်းတစ်ခန်း ရနိုင်သည်။ ပြီးတော့လည်း ထမင်းနပ်မှန်ရန် ခက်ခဲသော ဘဝ မှာနောက်လ နောက်လအတွက် အခန်းခများ သူမရှင်း ပေးနိုင်တော့။ သို့ဖြင့် ဘော်ဒါဆောင် တစ်ခုတွင် တတ်နိုင်သမျှ တွယ် ကပ်နေသော်လည်း လေးငါးလခန့်သာ လက်ခံကာ သူ ဆင်းပေးရလေ့ ရှိ၏။ တချို့ဘော်ဒါဆောင် ပိုင်ရှင်များက ဆင်းမပေးလျှင် ရဲတိုင်မည်၊ ကောင်စီတိုင်မည်ဟု ခြိမ်းခြောက်၏။ တချို့ကတော့ သူ့ ပစ္စည်းများကို အခန်းပြင်ထုတ်၍ ပုံထားပြီး အခန်း တံခါးကို သော့အသစ်လဲခတ်ကာ ပိတ်ထားလိုက်တတ်၏။


မိုးတိတ်သွား၏။ ညဥ့်လည်း ရင့်ရော်စပြုပြီ။ မိုးခိုသူများမှာ လိုရာသို့ အလျှိုလျှို ထွက်သွားကြသည်။ ဒီည သူ ဘယ်မှာ အိပ်ရ မည်နည်း။ သူ့အိတ်ထဲမှာ ငွေနှစ်ကျပ်လောက် ရှိရင်တော့ ကြည့်မြင်တိုင်ဘူတာဘက် သွားအိပ်မည်ဟု စိတ်ကူးသေး၏။ အိတ်ထဲမှာက ငွေနှစ်ကျပ် ပြည့်အောင်မရှိ။

ကြည့်မြင်တိုင် ဘူတာအနီးမှ အိမ်များသည် ထိုသို့ ညအိပ်မည့်သူများ အတွက် ဖျာငှားတတ်သည်။ ဖျာတစ်ချပ်ကို နှစ် ကျပ်ပေးရ၏။ စောစောသွားလျှင် ထိုဖျာငှားသော အိမ်များ၏ ဝရန်တာ၊ ဖိနပ်ချွတ်မှာ နေရာတစ်နေရာလောက် ရတတ်သည်။ ခုချိန်မှ သွားလျှင်တော့ ဖျာကိုယူကာ ဘူတာစင်္ကြပေါ် လွတ်ရာခင်း၍ အိပ်ရုံသာ ရှိသည်။ ညအိပ်ခရီးသည်များကို ရည်ရွယ် ငှားသော်လည်း ထိုနေရာတွင် ညအိပ်သူများမှာ ခရီးသွားများထက် ပျံကျများက များနေတတ်၏။

ရန်ကုန်မြို့ တိုက်ကြိုတိုက်ကြား လှေကားထစ်များအောက်မှာ ကလည်း အရင်လို အိပ်ရတာ မလွတ်လပ်တော့။ တိုက် ရှင်က နှင်ချင်နှင်၏။ ရုံးတစ်ရုံးဖြစ်လျှင်လည်း ညစောင့်က နှင်၏။ ညစောင့်ကို ပိုက်ဆံပေးအိပ်လျှင်လည်း ဖြစ်ပြန်သည်။ သူ အခြေအနေ သိပ်ဆိုးစဉ်က သူလည်း အိပ်ခဲ့ဖူး၏။ သို့သော် အခုအိပ်ဖို့ မစဉ်းစားရဲတော့။ သက်ဆိုင်ရာကတွေ့၍ မှောင်ရိပ်ခိုမှု နှင့် အရေးယူခံရလျှင် မလွယ်။ တကယ်တော့ တိုက်လှေကားထစ်အောက်မှာ အိပ်ဖို့ကိစ္စကပင် ခက်ခဲသေး၏။ နေရာလွတ် မှန်သမျှ ငါးနာရီ ခြောက်နာရီ လောက်ကတည်းက နေရာဦးထားနှင့်သူတွေ ရှိနေတတ်၏။ ယောင်လည်လည်နှင့် ထိုအနီးတဝိုက်တွင် ထိုင်နေတတ်သည်။ တချို့ကတော့ လူကိုယ်တိုင်ပင် မဟုတ်ဘဲ အုတ်နီခဲပင် ချကာ ဦးထားတတ်၏။ ပြီးတော့ သူတို့ ဦး ထားရသော နေရာကို ပြန်ရောင်းစားကြသည်။ မိုးကွယ်လေကွယ်၊ သက်ဆိုင်ရာကလည်း ဗြုန်းခနဲ လမ်းပေါ်က လှမ်းကြည့်ရုံ နှင့် မတွေ့နိုင်သော နေရာမျိုးဆိုလျှင် နေရာကောင်းဟုခေါ်ကာ သုံးကျပ်အထိ ပေးရတတ်၏။

လမ်းလျှောက်ရင်း ဒီတစ်ည သူသွားရောက် အိပ်စက်နိုင်မည့် မိတ်ဆွေသူငယ်ချင်းများ၏ အမည်ကို ခေါင်းထဲမှ တန်းစီကြည့်နေမိသည်။ အိပ်၍ မဖြစ်နိုင်သောသူများကို သူ့ခေါင်းထဲက စာရင်းမှ ပယ်ဖျက်ပစ်၏။ သူတို့မှာလည်း အကြောင်းပြစရာ ကိုယ်စီနှင့် ဖြစ်သည်။

“ကျွန်တော့်သမီးတွေ ကြီးပြီဗျာ၊ လူစိမ်းယောက်ျားတစ်ယောက် အိမ်မှာအိပ်တာကို လက်ခံဖို့ မသင့်လျော်တော့ဘူး” ဟု သူငယ်ချင်းတစ်ယောက်က ထူးထူးခြားခြား ငြင်းဖူး၏။ ဒီတော့မှ သူကိုယ်တိုင်၏ အသက်လည်း လေးဆယ်ထဲ ရောက် နေပြီကို သတိထားမိ၏။ သူငယ်ချင်း၏ သမီးကလေးများမှာ သူ ဂရုမပြုမိခိုက်မှာပင် အပျိုကလေးများ ဖြစ်နေသည်ကို အံသြ စွာ တွေ့ရ၏။ သူ အချိန်ပြည့် ထိုအိမ်တွင် အိပ်စားနေစဉ်က သူတို့လေးတွေမှာ သူခေါ်၍ နှပ်ညှစ်ပေးခဲ့ရသော ပီဘိကလေး ငယ်များသာ ဖြစ်ခဲ့ကြသည်။

နောက်ဆုံးတော့ မြို့သစ်မှာ နေထိုင်သော မိတ်ဆွေတစ်ယောက်၏ နာမည်ကို သူသွားအမှတ်ရသည်။ ထိုမိတ်ဆွေသည် ဆင်းရဲသော်လည်း သဒ္ဓါတရားကောင်းကာ သူ့အပေါ်မှာလည်း အလေးအမြတ်ရှိသူ ဖြစ်၏။ အလှမ်းဝေးသည်မို့ သူက သာ အရောက်အပေါက် နည်းနေခဲ့သည်။

မြို့သစ်သွား ဘတ်စ်ကားအိုအိုကြီး တစ်စီးပေါ်တွင် ထိုင်လိုက်လာရင်း နွေကာလ တလျှောက်က ကားတစ်စီးထဲမှာ သူ လနှင့်ချီကာ အိပ်ခဲ့ဖူးတာ အမှတ်ရလာပြန်သည်။ ဆင်ခြေဖုံးက သူငယ်ချင်းတစ်ယောက်သည် ဓာတ်ဆီထုတ်ရောင်းစားရန် ဟူသော ရည်ရွယ်ချက်ဖြင့် ရှစ်ထောင်ကျော်ပေးရသော ဘီးလှိမ့်နိုင်ရုံ ကားစုတ်ကလေးတစ်စီးကို ဝယ်ထားဖူး၏။ သူ့မှာက ထို ကားကို ထားရန်ဂိုဒေါင်မရှိ။ သူတို့မိသားစု ခုနစ်ယောက်ပင် ကားဂိုဒေါင်လောက်ရှိသည့် အိမ်ကလေးထဲတွင် နေထိုင်ကြသူ များဖြစ်၏။ သည်တော့ကားကို ဓာတ်ဆီထုတ်ချိန်မှ လွဲ၍ လမ်းဘေးတွင် အမြဲရပ်ထားရသည်။

“မင်း အိပ်စရာ မရှိရင် ငါ့ကားထဲ လာအိပ်လေ” ဟု သူငယ်ချင်းက ဖိတ်ခေါ်၏။ သူလည်း ညဘက် ကျောခင်းစရာ တစ်နေရာပြေလည်သွား၏။ ကားရှင်သူငယ်ချင်း အဖို့လည်း ညဘက်သူ့ကားကို စောင့်ပေးမည့်သူအား ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အလကားရလိုက်၏။ တစ်ခုတော့ရှိသည်။ ကားထဲမှာ အိပ်ရတာ နွေမို့ လှောင်အိုက်လှသည်။ ကားတံခါးများကို ဖွင့်အိပ်တော့လည်း ခြင်က မတန်တဆ ကိုက်ခဲလာ၏။ ဆောင်းတွင်းကျလျှင်တော့ ကားထဲမှာ အိပ်ရတာ အဆင်ပြေလိမ့်မည်ဟု သည်းခံနေဆဲ။ နှစ်လွန်ကားများ ဖျက်သိမ်းမည့် သတင်းက ထွက်လာ၏။ သူ့သူငယ်ချင်းလည်း ကားကို ရရာဈေးနှင့် နယ်မှဆင်းဝယ်သူ တစ်ယောက်ကို ရောင်းလိုက်လေသည်။

သို့သော် မိုးဖြိုင်ဖြိုင် ကျမလာမီ ကာလအထိတော့ သူ့အိပ်ရာထိုင်ခင်း ကိစ္စမှာ အခက်အခဲ သိပ်မရှိလှ။ ဤအချိန် များက ရန်ကုန်တွင် ပွဲလမ်းသဘင်ပြတ်သည် မရှိ။ ဘုရားပွဲ၊ ဇာတ်ပွဲ၊ မိုးအလင်းရုပ်ရှင်ရုံ စသဖြင့် ဆိုင်းသံဗုံသံနှင့် အသံချဲ့ စက်သံကိုသာ နားစွင့်နေဖို့ ရှိသည်။ ပြီးတော့ ပွဲခင်းထဲသွားကာ ပွဲဈေးတန်းမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည် တစ်ခွက် ဆေးပေါ့လိပ်တစ်လိပ်နှင့် ညဥ့်အတော်နက်သည်အထိ ထိုင်နေမည်။ များသောအားဖြင့် ၁၂ နာရီကျော်လျှင် ရုံဖွင့် တတ်၏။ ရုံဖွင့်လျှင် ရုံထဲဝင်ကာ နောက်ဆုံးမှ လွတ်ရာဖျာတစ်ချပ်အပေါ် ခွေခွေကလေး လှဲအိပ်လိုက်ရုံပင်။ ခွေခွေမအိပ်၍ တော့ မဖြစ်။ သိပ်မကျယ်သော ပွဲခင်းထဲမှာ ခြေဆန့်လက်ဆန့် လွတ်လွတ်လပ်လပ် အိပ်၍မဖြစ်နိုင်။ အဲသလို ခွေခွေကွေးရင်း ဖိနပ်ကိုလည်း ချွတ်ကာ ရင်ခွင်ထဲ ပိုက်အိပ်ရ၏။ သို့မဟုတ်လျှင် မိုးလင်းကျ ဖိနပ်ပျောက်နေတတ်သည်။ သူ့ကိုတွေ့သည့် လူတချို့က ဇာတ်ရုံထဲ အသားလွတ်လာအိပ်သည်ဟု မထင်ကြ။ ဇာတ်လာကြည့်ရင်း အိပ်ချင်စိတ်ကို မထိန်းနိုင်သူ တစ်ယောက်ဟုသာ ယူဆကြသည်။ ဆိုင်းသံတခြိမ်းခြိမ်းကို နားထောင်ရင်း အိပ်ရတာ တစ်မျိုးကောင်းသည်။ သုံးကားပေါင်း မိုးလင်း ရုပ်ရှင်ရုံထဲ ဝင်အိပ်လည်းရသည်။ အကြောင်းမသိသော မိတ်ဆွေတစ်ဦးက ပွဲခင်းတစ်နေရာဝယ် ဆုံခိုက် “ဘယ်နေ ရာမှာ ဇာတ်ကက ခင်ဗျားကို အမြဲတွေ့တယ်၊ တော်တော်ဇာတ်ဝါသနာပါတယ် ထင်တယ်” ဟု မှတ်ချက်ချဖူး၏။ သည်လိုနှင့် မိုးကျလာသည်။

ရန်ကုန်တွင် ပွဲလမ်းသဘင်မရှိတော့။ ဇာတ်များလည်း နယ်တက်သွားကြသည်။ သူလည်း အိပ်စက်နားနေရန် အခက်အခဲ ကြုံလာပြန်သည်။ သူ ဖြတ်သန်းသွားလာတတ်သော လမ်းတစ်နေရာရှိ ညောင်ပင်ကြီးတစ်ပင်အောက် အမြဲထိုင်နေသည့် အရူးတစ်ယောက် ရှိ၏။ မိုးကောင်းကင်နှင့် မြေကြီးအား အိမ်ပြုနေနိုင်သော ထိုအရူးဘဝကို အားကျချင်သလို ရှိမိဆဲ... မိုးတွေ သည်းထန်စွာ ရွာသည့် မိုးဦးကျတစ်ည၏ နောက်နေ့နံနက်ခင်းဝယ် ထိုသူ၏ တစ်ကိုယ်လုံး မိုးရေစက်များ နစ်ရွှဲလျက် မြက်ခင်းပေါ်၌ အေးစက်တောင့်တင်းစွာ အသက်ပျောက်နေရှာသည်ကို တွေ့ပြီး အကြီးအကျယ် တုန်လှုပ်ခဲ့ရ၏။

“မဖြစ်လို့ ပြောနေတာပါဗျာ” ဆိုသော သူ အားကိုးတကြီး လာခဲ့သည့် မိတ်ဆွေ၏ စကားက သူ့အသည်းနှလုံးကို အေးစက်တောင့်တင်းစေသည်။

“ကျွန်တော်တို့ ရပ်ကွက်တွေမှာ ခဏခဏ သန်းခေါင်စာရင်း စစ်တယ်ဗျ။ ဧည့်စာရင်းတိုင်ဖို့ အချိန်ကလည်း လွန်နေပြီ။ တိုင်မယ်ဆိုဦး ခင်ဗျားမှာက မှတ်ပုံတင် မရှိဘူး”
သူ မှတ်ပုံတင် ပျောက်နေတာ ကြာခဲ့ပြီ။

“ဒီလိုလုပ်ဗျာ၊ ညဥ့်သိပ်နက်နေတော့ တခြားသွားလို့လည်း မဖြစ်တော့ဘူး။ ကျွန်တော် ခင်ဗျားတို့အိမ်မှာ ညမအိပ်ဘူး၊ တစ်ညလုံး ပက်လက်ကုလားထိုင်တစ်လုံးနဲ့ ထိုင်စာဖတ်နေမယ်။ ကျွန်တော့်ကို မီးခွက်တစ်ခွက်သာ ထွန်းပေးထား”

“ဘာထူးမှာလဲဗျာ ကျွန်တော် တကယ်မဖြစ်လို့ ပြောနေတာပါ။ ဈေးလမ်းဆုံမှာ ကုန်စိမ်းကြိုတဲ့ကားတွေ စထွက် နေပြီ ခင်ဗျား လိုက်သွားရင် ရပါတယ်”
သူ့အိတ်ထဲကို ကျပ်တန်နွမ်းနွမ်းလေး သုံးလေးရွက် လုံးထွေးထည့်ပေးရင်း မိတ်ဆွေလုပ်သူက ယဉ်ယဉ်ကျေးကျေး နှင်နေသည်။

“ကျွန်တော် လိုက်ပို့ရဦးမလား”

“နေပါစေဗျာ”

သူ အိမ်ပေါ်က ဆင်းကာ လမ်းမပေါ် ပြန်ရောက်ခဲ့သည်။ လမ်းဓာတ်မီးတိုင်များ၏ ဝါကျင့်ကျင့် မီးရောင်ဖျော့ဖျော့က ညဥ့်အမှောင်ထုကို မထိုးဖောက်နိုင်။ မည်းမှောင်တိတ်ဆိတ်သော အိမ်တွေထဲမှာတော့ သူ့လို လူသားများ အိပ်စက်နေကြ ပေသည်။

သံသရာတွင် ခန္ဓာဆိုသော အိမ်ကလေး ရနေသရွေ့ အိမ်ကလေးကို ထားရန် အိမ်တစ်လုံးတော့ လိုပြန်သည်။ လူ့ဘုံ ဆိုတာကလည်း (တချို့ကြီးတဲ့ တချို့သေးတဲ့၊ တချို့ခမ်းနားတဲ့၊ တချို့နုံချာတဲ့) အဲသလို အိမ်တွေ စုဝေးနေသည့် အိမ် အကြီးကြီးတစ်လုံးမျှသာ ဖြစ်သည်။ ကျွန်တော်တို့ဟာ တစ်အိမ်တည်း နေတဲ့သူတွေပါ။

ဘယ်ဆီကမှန်းမသိ။ ပျံ့လွင့်လာသည့် ဆည်းလည်းသံသဲ့သဲ့ကို တိုးမျှင်းညင်သာစွာ ကြားရသည်။ အသံကြားရာ အရပ် သို့ မျက်နှာမူလှည့်ကာ သူ လမ်းမပေါ်မှာပင် လက်အုပ်ချီ ကန်တော့မိ၏။

ဘုရားရဟန္တာ အရှင်သူမြတ်များလို ပါရမီဥာဏ် မရင့်သန်ဘဲ၊ ခန္ဓာအိမ်ကို အဖန်ဖန် ဆောက်မိနေဆဲ ဘဝများမှာ သူ့ အသည်းနှလုံး ကို ဖြူစင်အောင် အားထုတ်ရမည်။ သံသရာ တစ်နေရာရာမှာတော့ ဤအသည်းနှလုံးနှင့် လျော်ညီသော ဖြူစင် သည့် အိမ်ကလေးတစ်လုံးကို တချိန်ချိန် သူ ရနိုင်ကောင်းပါပေသည်ဟု မျှော်လင့် ယုံကြည်ရပေသည်။ ။

သစ္စာနီ (ဒဂုန်၊ စက်တင်ဘာ ၁၉၈၆)

Wednesday, August 31, 2011

အမည်မဲ့


ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။

ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ။

ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။

ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။

ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့။

ကဲ… ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။


သစ္စာနီ (စတိုင်သစ် - ဇူလိုင်၊ ၂၀၀၃)

Saturday, August 20, 2011

အတ္ထုပ္ပတ္တိမဲ့ မှန်တစ်ချပ်

ခင်ဗျားအနေနဲ့ အပျင်းပြေလို့ သဘောထားနိုင်ပါတယ်။ တစ်ကယ်လည်း ကျုပ်တို့အားလုံး ပျင်းနေကြတယ် မဟုတ်လား။ မနက် ခင်ဗျား အိပ်နေကျ အိပ်ရာပေါ်က နိုးလာတဲ့အခါ အခန်းထဲမှာ ရောက်နှင့်နေတဲ့ နေရောင်ခြည်က မနေ့ကနဲ့ မတူဘူးလား။ လေကို ရှူရှိုက်ကြည့် တော့လည်း ခါတိုင်းရနေကျ ရနံ့ပဲ မဟုတ်လား။ အိမ်ရှေ့ကတ္တရာလမ်းပေါ် ဖြတ်သန်းသွားနေတဲ့ မော်တော်ကားတွေက ထွက်တဲ့ အိတ်ဇောအနံ့ ရယ်၊ နောက်ဖေးလမ်းကြားက ပုပ်အဲ့အဲ့အနံ့ရယ်၊ ခင်ဗျားရဲ့ အခန်းထဲက ညှင်းသိုးသိုး မှိုနံ့ရယ် ရောနှောလို့။

လေကောင်းလေသန့်ရလို့ရငြား အိပ်ရာကထပြီး ဘေးပြတင်းပေါက်ကို တွန်းဖွင့်လိုက်ဦး၊ မြင်နေကျ မြင်ကွင်းတွေက ဆီးကြို မနေဘူးလား။ အိမ်ခေါင်မိုးတွေပေါ်က ပြည့်ပြည့်ဝဝ မမြင်ရတဲ့ ကောင်းကင်က ပြာမှိုင်းမှိုင်း။ အဲ ခပ်စိမ်းစိမ်း သစ်ပင်ထိပ်ဖျားတချို့လည်း မြင်ရမယ်။ တိမ်တွေက လေးတိလေးကန် ခြေလှမ်းတွေနဲ့ ဦးတည်ရာမဲ့လမ်းလျှောက်လို့။ ဟော ရုတ်တရက် ကန့်လန့်ဖြတ်ပျံသွားတဲ့ ငှက်တစ် အုပ်ကြောင့် မြင်ကွင်းဟာ ဖြတ်ခနဲ အသက်ဝင် လှုပ်ရှားသွားပုံကအစ ကြုံဖူးပြီးသားနဲ့ တစ်ထေရာတည်း တူနေတယ်မဟုတ်လား။ အသံကိုရော နားထောင်ကြည့်ပါဦး။ ဈေးသည်တချို့အော်သံ၊ ကလေးငိုသံ၊ ကားဟွန်းသံ၊ ခွေးဟောင်သံ၊ ရုပ်မြင်သံကြားဖွင့်သံ၊ အိမ်နီးနားချင်း လင်မယား ရန်ဖြစ်သံ၊ ငှက်မြည်သံ၊ လေတိုးသံ။ ဒါတွေပဲ မဟုတ်လား။ ဘာများ ထူးလို့လဲ။

ဒါပေမယ့် ဒီဘက်မှာ (ဒီနေ့ကျုပ်ဖြစ်ရတဲ့ကိစ္စ) အပျင်းပြေသဘောထက်တော့လည်း မကဘူးလို့ထင်တယ်။ ကျွန်တော့မှာ မှန်တစ်ချပ်ရှိတယ်။ မှန်တစ်ချပ်ကတော့ သူတို့မှာလည်း ရှိတယ်။ ခင်ဗျားမှာလည်း ရှိတယ်။ လူအားလုံးမှာ လွယ်လွယ်ကူကူရှိနိုင်တဲ့အရာပါပဲ။ အမှန်တော့ မှန်တွေအကြောင်းကို ကျွန်တော်ကောင်းကောင်းမသိပါဘူး။ မှန်ဆိုတာ ဘာနဲ့လုပ်ထားမှန်းတောင် မသိပါဘူး။ ထားပါတော့။ မှန်တော့ ကြည့်တတ်တယ်ပေါ့။ မှန်ဆိုတာ လူ့သမိုင်းမှာ ကျောက်ခေတ်ကတည်းက ပေါ်တဲ့အရာလို့ထင်တာပဲ။ ပြောင်လက်အောင် ပွတ်တိုက်ထားတဲ့ ကြေးပြားပေါ်မှာ ထင်နေတဲ့ အရိပ်ကို ကြည့်မှာပေါ့။ ဒါကြောင့် ကြည့်မှန်တွေကို ကြေးမုံလို့ ခေါ်ကြတာ ထင်တယ်။

ဒါတွေ မတိုင်မီကတော့ ကြည်လင်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ကြည့်ချင် ကြည့်နေလိမ့်မယ်။ ကျုပ် ပြောချင်တာကတော့ လူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာ၊ ပြန်မြင်ရတာကို ခေတ်အဆက်ဆက်က ဝါသနာထုံခဲ့တယ်ဆိုတာပဲဗျ။ ခက်တာက အဲဒါပဲ။ ကျုပ်ကို ကျုပ် ပြန်ကြည့်ချင်လို့ မှန်ကြည့်တာ။ ကျုပ်ကို ကျုပ် မမြင်ရဘူးဆိုတာ မခက်ဘူးလား။ တကယ်တွေးကြည့်တော့ ဒီကိစ္စဟာ ရယ်စရာတော့ နည်းနည်းကောင်းသား။ ဒီနေ့မနက်က ကျုပ် မှန်ထဲကို ကြည့်လိုက်တော့ မြင်ရတဲ့ရုပ်က ကျုပ် ရုပ်မဟုတ်ဘူးဗျ။ ဘယ်သူ့ရုပ် ဖြစ်နေသလဲ ဟုတ်လား။ အဲဒါကြောင့် ခင်ဗျားကို ပြောချင်နေတာပေါ့။ မှန်ထဲမှာ ကြည့်လိုက်လို့ ကျုပ်မြင်ရတဲ့ရုပ်ဟာ ခင်ဗျားရုပ်ဖြစ်နေတယ်ဗျ။ ခင်ဗျား မယုံဘူးမဟုတ်လား။ ကျုပ်ပြောနေတာ အမှန်တွေပါ။

ကျုပ် လက်ဖက်ရည်ဆိုင် ထွက်လာခဲ့တယ်။ နီကျင်ကျင် လက်ဖက်ရည် တစ်ခွက်ရှေ့ရောက်လာတယ်။ ထိုင်နေကျ ဆိုင် ဆိုတော့ မှာပြုမနေရပါဘူး။ ကျုပ် ထိုင်လိုက်တယ်ဆို ကြည့်ဖျော်လိုက်တာပဲ။ ရှယ် မဟုတ်ဘူး။ ချက်နို့ဆီနဲ့ ဖျော်တဲ့ ရိုးရိုးလက်ဖက်ရည်ပါ။ ပြောမယ့်သာ ပြောရတယ်။ ကျုပ် လျှာကလည်း ဘယ်တုန်းကာလကမှ ချက်နို့ဆီနဲ့ လင်ခန်းမယားခန်းမြောက်သွားလဲမသိဘူး။ တစ်ခါတစ်လေ အဆင်ပြေတဲ့မိတ်ဆွေတချို့က ဒကာခံရင်းတိုက်တဲ့ ရှယ်လက်ဖက်ရည်(ဘူးနို့ဆီ)ဆို သောက်မရချင်ဘူးတောင် ဖြစ်နေပြီ။ ချိုကျပြင်း လက်ဖက်ရည်ကို တစ်ငုံချင်း သောက်၊ သတင်းစာကို တောင်လှန် မြောက်လှန်ကြည့်၊ ဆေးပေါ့လိပ်ကို ဇိမ်ယူပြီးဖွာ၊ အဲဒီဆိုင်မှာ မနက်ခင်းတိုင်း တွေ့နေကျ လူတွေနဲ့ပြောနေကျစကားတွေ ပြောလို့၊ (မနေ့ညက ချန်ပီယံလိဂ် ဖလားပွဲမှာ ဘယ်အသင်းတွေ နိုင်ကြ ရှုံးကြတယ်ဆိုတဲ့အကြောင်း အားကစားဂျာနယ် ပုံမှန်ဖတ်တဲ့လူတွေနဲ့၊ ဂြိုလ်တုစလောင်း ပုံမှန် ကြည့်သူတွေရဲ့ လေသံက အကျယ်ဆုံးပေါ့။ မနေ့က တော်တော်ပူတဲ့ အကြောင်း၊ အိုဇုန်းလွှာ ပေါက်ကွဲတာတို့၊ ဖန်လုံအိမ်အာနိသင် ဆိုတာလည်း ပါရသေးတယ်။ အဲဒီလို ပြောတဲ့လူကို အထင်ကြီးတယ်။ နောက်တော့ ခပ်တိုးတိုးပြောကြတဲ့ စကားတွေလည်း ရှိသေးတယ်။ နှစ်လုံး သုံးလုံးအကြောင်းပေါ့ဗျ။ ဒီရောဂါလည်း နေရခက်တဲ့ စာရင်းထဲပါနေပြီ။
ညက ကိုရီးယားဇာတ်လမ်းတွဲအကြောင်း ပြောတဲ့လူတွေလည်းရှိတယ်။ ဒါကတော့ မိန်းမနည်းနည်းဆန်းတယ်လို့ထင်တာပဲ) ရေနွေးအိုး သုံးအိုး လောက်ကျတော့ အိမ်ပြန်လာတာပေါ့။

မိန်းမထည့်ပေးတဲ့ ထမင်းချိုင့်လေးဆွဲ၊ အလုပ်သွားပေါ့။ ချိုင့်ထဲမှာ ဘာဟင်းပါမလဲ တွေးမနေတော့ဘူး။ မိန်းမကလည်း သူ အဆင်ပြေတာ စီစဉ်ပေးတယ်။ ကျုပ်ကလည်း ကြုံရာနဲ့ စားတတ်နေပြီကိုး။ တစ်ခါတလေ စားခါနီး ထမင်းချိုင့်ဖွင့်ကြည့်မှ ဟင်းအကောင်းလေး ဘာလေးမြင်ရရင် အိမ်က မိန်းမကိုတောင် အံအားသင့်နေမိတယ်။ အပြန်ကတော့ ထုံးစံအတိုင်းပါပဲ။ ညနေဆို ကားဂိတ်တွေမှာ ရုံးတွေ၊ စက်ရုံ တွေက လွှတ်လိုက်တဲ့အလုပ်သမားတွေ တပုံတပင်ကြီး။ ကားတစ်စီး ဆိုက်လာရင် ထန်းလျှက်ခဲကို ဝိုင်းအုံတဲ့ ယင်ကောင်တွေလိုပဲ တဝုန်းဝုန်းနဲ့၊ ကားတွေကလည်း အပြည့်အသိပ်တင်နိုင်သလောက်တင်ကြပါတယ်။ (သူတို့လည်း တွက်ခြေကိုက်တာကိုး)။ ဒါတောင် မှောင်စပျိုးမှ ကျုပ်တော့ အိမ်ပြန်ရောက်တယ်။ ကားပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် စီးခဲ့ရတော့ လူလည်း နုံးချိနေပြီ။ ဗိုက်ဆာနေပေမဲ့ ခဏ အပန်းဖြေပြီး ရေအရင်ချိုးရသေး တယ်။ အိမ်မှာ ရေပြတ်နေရင် ရေထည့်တဲ့လူ လိုက်ခေါ်ရသေးတယ်။ ကျွန်တော်တို့ဆီမှာ အဝီစိရေကို အိမ်တိုင်ရာရောက် ပိုက်နဲ့ လိုက်ထည့် ပေးတယ်။ တစ်ထမ်းမှ တစ်ဆယ်တည်းရယ်။

မိန်းမကတော့ ကျုပ်အတွက် ထမင်းခူးပေးပြီးရင် ကလေးတွေ လက်ဆွဲပြီး တီဗွီရှိတဲ့အိမ် ပြေးပြီ။ သူလည်း (၇) နာရီလာတဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို စွဲနေပြီ။ သူ့မှာလည်း ဒီဖျော်ဖြေရေးလေးပဲ ရှိတာကိုး။ ကျုပ်ကတော့ မီးလေး ဘာလေး မပျက်တဲ့အခါ စာအုပ်လေး ဘာလေး ဖတ်ပေါ့။ နိုင်ငံတကာသတင်းလေးလည်း မျက်ခြည်မပြတ်စေနဲ့။ အိုစမာဆိုတာ ဘာမှန်းမသိ၊ အီရတ်ဆိုတာ ဘာမှန်းမသိရင်လည်း မဖြစ် သေးဘူး။ သတင်းနည်းပညာဆိုတဲ့အိုင်တီခေတ် ရောက်နေပြီလို့ လူတွေပြောနေကြတယ် မဟုတ်လား။ များသောအားဖြင့်တော့ မီးပျက်တတ်တော့ စောစော အိပ်ရာဝင်ပေါ့ဗျာ။ ဒါပါပဲ။

အာ... ဒါ ခင်ဗျားအကြောင်းကို စောင်းပြောနေတာ၊ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေဗျာ။ တကယ်ပါ။ ပြီးတော့ မှန်ထဲမှာ ကျုပ် ကြည့်တာ ခင်ဗျားရုပ်ကိုပဲ မြင်နေရတာလည်း တကယ်ပဲ။ မယုံရင် ခင်ဗျားကိုယ်တိုင် မှန်ရှေ့ သွားရပ်ကြည့်လေ။ ကဲ... ယုံပြီမဟုတ်လား။ ကြည့်မှန်ထဲမှာ ခင်ဗျားရဲ့ရုပ် မဟုတ်လို့ အံ့အားသင့်နေပြီ မဟုတ်လား။ (အခု ခင်ဗျား မြင်နေရတာ) ဘယ်သူ့ရုပ်လဲ ဆိုတာရော သိချင်သေးလား။
အဲဒါ ကျုပ် ရုပ်ပဲဗျ။ ကျုပ် ရုပ်။

သစ္စာနီ (ဝတ္ထုတို ၆၀)

ဝတ္ထုတိုရေးသူရဲ့  ဝတ္ထုတို

ကျွန်တော်သည် ဝတ္ထုတိုရေးသူ ဖြစ်ပါသည်။ ဝတ္ထုတိုရေးသူ၏ အလုပ်မှာ ဝတ္ထုကို ရေးခြင်း ဖြစ်ပါသည်။ ကျွန်တော့်တွင် စာရေးစားပွဲတစ်လုံးရှိကာ ထိုစားပွဲတွင် ထိုင်၍ ဝတ္ထုတိုများကို ရေးသားလေ့ရှိပါသည်။ ကျွန်တော့်စားပွဲမှာ စာရေးဆရာတစ်ဦး၏ သာမန် စားပွဲမျိုးဖြစ်သဖြင့် ဇာချဲ့ဖော်ပြရန် လိုအပ်မည် မထင်ပါ။ ကျွန်တော့်အတွက်မူ ဤစားပွဲမှာ အထိုက်အလျှောက် တန်ဖိုးထားစရာဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် ဝတ္ထု တို တော်တော်များများမှာ ဤစားပွဲပေါ်မှပင် ပေါက်ဖွားကာ မဂ္ဂဇင်းစာမျက်နှာပေါ် ရောက်ရှိသွားပြီး၊ စာဖတ်သူများထံ စိမ့်ဝင်ပျံ့နှံ့သွားသော ကြောင့် ဖြစ်ပါသည်။ ထိုဝတ္ထုတိုများကို လူတို့ ဖတ်ရှုသိရှိသွားကြသော်လည်း ဝတ္ထုတိုရေးသူအကြောင်းကိုတော့ သိရှိကြလိမ့်မည် မထင်ပါ။ သိရန် လည်း လိုအပ်လှသည် မထင်ပါ။ မုန့်ဟင်းခါး ဝယ်စားသူသည် မုန့်ဟင်းခါးချက်နည်းအကြောင်း သိဖို့မလိုသကဲ့သို့ ဖြစ်ပေလိမ့်မည်။

တစ်ရက်တွင် ထိုစားပွဲသို့ ထိုင်၍ ဝတ္ထုတိုတစ်ပုဒ် ရေးသားနေစဉ် ကျွန်တော့် စားပွဲဆီသို့ လျှောက်လာသော ခြေသံကို ကြားရကာ စားပွဲရှေ့မှ ကုလားထိုင်ကိုပါ ဆွဲယူထိုင်လိုက်သော အသံကို တစ်ဆက်တည်း ကြားလိုက်ရပါသည်။ စာရေး ရပ်ကာ မော့ကြည့်လိုက်သော် လူစိမ်း တစ်ယောက်ကို တွေ့ရပါသည်။ (လူစိမ်းတစ်ယောက်ဟု သုံးနှုံးလိုက်ရသော်လည်း ဤမျက်နှာမျိုး မြင်ဖူးသလို ခံစားလိုက်ရသည်။) နှစ်ရှည်လများ အသိအကျွမ်းဟောင်းထဲကတော့ မဟုတ်။ အသိအကျွမ်းအသစ်ထဲက ဖြစ်မည်။ ကျွန်တော်၏ အားနည်းချက်က လူများနှင့် အမည်များကို လွယ်လွယ် ကူကူ မမှတ်မိတတ်ခြင်းဖြစ်သည်။ လူတစ်ယောက်ကို (၅) ခါလောက် မြင်ဖူးရုံဖြင့် မမှတ်မိတတ်ပေ။ ကျွန်တော်၏ ဇဝေဇဝါမျက်နှာကို ငေးကြည့်ကာ ထို လူစိမ်းဟာ သဘောပေါက်သွားပုံ ရပါသည်။
ခင်ဗျား ကျုပ်ကို မမှတ်မိဘူး မဟုတ်လား
ဟု မေးပါသည်။
ဝန်မခံချင်သဖြင့် ကျွန်တော်ခေါင်းကို အလျှင်အမြန် အလုပ်ပေးလိုက်၏။ သူ့ကို ဘယ်မှာ တွေ့ဖူးခဲ့သလဲ။ ကာရာအိုကေ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ ဟော်တယ်၊ အရက်ဆိုင်၊ ပင်လယ်ကမ်းခြေ၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဝိပဿနာရိပ်သာ၊ ဤနေရာများသို့ ကျွန်တော် မရောက်ဖူးသဖြင့် ထိုနေရာများတွင် တွေ့ဆုံခဲ့ခြင်း မဖြစ်နိုင်။
ခင်ဗျားနဲ့ကျွန်တော် ဘတ်စ်ကားမှတ်တိုင်မှာ စကြုံခဲ့ကြတယ်လေ
ထိုသူက ထိုသို့အစဖော်ပေးလိုက်သည့်တိုင်အောင် ထိုလူစိမ်း၏ အမည်ကို ကျွန်တော် စဉ်းစား၍ မရသေး။ ထို့ကြောင့် . . .
ဆောရီးပဲ။ အစဖော်လို့မရဘူး။ ခင်ဗျားနာမည်ကို ပြောပါဦး
ဟု မေးလိုက်မိ၏။ လူစိမ်းက
ကျွန်တော့်မှာ နာမည်မရှိဘူး
ဗျာ... ဘာဖြစ်လို့လဲ
ခင်ဗျားမှ ပေးမှမထားပဲ
ခင်ဗျားရဲ့နာမည်ကို ကျွန်တော်က ဘာလို့ ပေးရမှာလဲ
ကျုပ်က ခင်ဗျားရဲ့ရေးလက်စ ဝတ္ထုတစ်ပုဒ်လေ
ဒီတော့မှ သူ့ကို ကျွန်တော် တစ်စွန်းတစ်စ မှတ်မိလေသည်။ လွန်ခဲ့သော သုံးလခန့်က ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် ဝတ္ထုတစ်ပုဒ် ရေးရန် အခြေခံစိတ်ကူးကို ရခဲ့သည်။ အိမ်ရောက်သောအခါ စားပွဲတွင် ထိုင်ကာ ချရေးကြည့်ခဲ့သည်။ ပြီးဆုံးအောင် အဆုံးမသတ်နိုင် ခဲ့။ ဤဝတ္ထုကို တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းထားခဲ့ရသည်။
ခင်ဗျား ကျုပ်ကို ဘယ်တော့မှ ဆက်ရေးဖြစ်မှာလဲ
ဤကိစ္စမှာ ကျွန်တော့်ရှေ့သို့သူ ရောက်လာခဲ့ခြင်း၏ အကြောင်းအရင်းဖြစ်ပုံရ၏။ သူ ကျေနပ်အောင်
ကျွန်တော် ဆက်ရေးမှာပါ။ ဒါပေမယ့် ဝတ္ထုတစ်ပုဒ် ရေးရတယ်ဆိုတာ မလွယ်ဘူးဗျ
ဟု ဆင်ခြေပေးရန် ကြိုးစားလိုက်သည်။ သူက လက်မခံ။
ဒီစကားဟာ ခင်ဗျားတို့စာရေးဆရာတွေ ထမင်းရေပူလျှာလွှဲ ပြောတတ်တဲ့စကားပါ။ ကိုယ့်အလုပ်ကို ကြီးကျယ်တယ်လို့လူတွေ အထင်ခံရအောင် တန်းတင်နေကြတာ မဟုတ်လား
ကျွန်တော့်တွင်တော့ တကယ်ပင် အခက်အခဲတွေ ရှိနေသည်။ ဝတ္ထုတစ်ပုဒ် ဖြစ်မြောက်ဖို့ရန်မှာ နှလုံးသား လိုသည်။ ပြီးတော့၊ ပြီးတော့ ကျွန်တော် ရှင်းပြတာတွေကို ငြိမ်သက်စွာ နားထောင်ကာ ပြန်သွားသည်။ သူက ပြန်ခါနီးတွင်
မြန်မြန်ရေးဗျာ
ဟု တောင်းဆိုသွားသေး သည်။

ရေးလက်စ (မပြီးသေးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် သူ့အမည်ကို ကျွန်တော်က သူ့ကွယ်ရာတွင် ခေါ်သော အမည်ဖြစ်သည်။ ပုံမှန် အားဖြင့်မူ ကျွန်တော်သည် ဝတ္ထုများကို ရေးပြီးမှ နာမည်ပေးလေ့ ရှိပါသည်။) ကို ရေးပါမည်ဟု ဝန်ခံလိုက်သော်လည်း တော်တော်နှင့် မရေးဖြစ်ခဲ့ ပြန်ချေ။ ဝတ္ထုတစ်ပုဒ်ရေးရတာ ပန်းစိုက်ရတာနဲ့မတူ။ ဘယ်ရာသီကျလျှင် ပွင့်မည်ဟု တိတိကျကျ သတ်မှတ်ထား၍ မရ။ ကျွန်တော့်ကို ဝတ္ထုတို ရေးပေးရန် တောင်းထားသော မဂ္ဂဇင်းတွေ အတော်အတန်ရှိပါသည်။ သို့သော် ဝတ္ထုရေးရတာ မလွယ်။ စိတ်ရော ကိုယ်ပါ ဝင်စားမှ၊ အချိန်အားမှ၊ အခါကိုက်မှ၊ အခြေအနေပေးမှ၊ အတိုင်းအဆ အကန့်အသတ် အဖိအဖော့ စသည်ဖြင့် အခက်အခဲတွေက တော်တော်များများ ရှိနေသည်။
ဤနောက်ပိုင်းတွင် ရေးလက်စ သည် ကျွန်တော့်ထံသို့ မကြာခဏ ရောက်ရောက်လာတတ်ကာ တစ်ကြိမ်ထက် တစ်ကြိမ် သူ့ကို ပြီးအောင် မရေးသည့်အတွက် သည်းမခံနိုင်အောင် ဖြစ်နေပုံလည်း ရလေသည်။ သူ ကျွန်တော့်ဆီမှ ပြန်သွားတိုင်း အခန်းတံခါးကို ဒေါသဖြင့် ဆောင့်ပိတ်သွားတတ်၏။ ကျွန်တော်ကတော့ သူ့ကို ကြည့်ရတာ အားမရ။ သွေးဆုတ်နေသည့် လူနာလို တစ်ကြိမ်ထက် တစ်ကြိမ် ဖျော့တော့အားနည်းလာသည် ထင်ရ၏။
ခင်ဗျား ကျွန်တော့်ကို ရေးဖြစ်တော့မယ် မထင်ပါဘူး
သူ့အသံမှာ စိတ်ပျက်အားလျော့မှုဖြင့် တိုးညှင်းနေသည်။
ကျွန်တော် ရေးမှာပါ
ဤသို့ပြောလိုက်သော ကျွန်တော့်အသံမှာလည်း တက်တက်ကြွကြွ မရှိလှကြောင်း မိမိဘာသာ သိရှိနေသည်။ သူ့ကို ရေးရန် ကျွန်တော်သည် အမှန်တကယ်ပင် ရည်ရွယ်ချက်ရှိခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့်...
အင်းလေ ခင်ဗျားမှာ အခက်အခဲရှိမှာပေါ့
နောက်ဆုံးတော့ သူလည်း သဘောပေါက် နားလည်သွားပုံရသည်။ ဖြည်းညှင်းစွာ ကျောခိုင်းလျှောက်ရင်း အခန်းထဲက ထွက်သွားခဲ့ သည်။ ခါတိုင်းထွက်လျှင် ဒိုင်းခနဲမြည်အောင် ဒေါသဖြင့် ဆောင့်ပိတ်ထားခဲ့တတ်သော တံခါးကို နောက်တစ်ခေါက် သူ ပြန်လာဦးမည့်အတိုင်း၊ ဒီအတိုင်းပင် ဖွင့်ထားခဲ့သည်။ သို့သော် သူသည် ကျွန်တော့်ထံသို့ အချိန်အတော်ကြာသည့်တိုင်အောင် ရောက်မလာခဲ့တော့ပါ။
မှန်သည့်အတိုင်းဝန်ခံရလျှင် ရေးလက်စ ရောက်မလာသည့်အတွက် ပထမပိုင်းတွင် ကျွန်တော် ဝမ်းမြောက်နေခဲ့မိသည်။ သူ ရောက်လာလျှင် သူ့ကို ဆင်ခြေပေးရန် စကားလုံးများ ကျွန်တော့်ထံတွင် တစ်နေ့တစ်ခြား ရှားပါးလာသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ကျွန်တော်သည် “ရေးလက်စ” ကို မေ့လျော့၍ သွားပါသည်။
ကျွန်တော် ဝတ္ထုတိုအသစ်များ ရေးဖြစ်သည်။ တချို့ကို ဆုံးသည့်တိုင်အောင် ရေးဖြစ်သည်။ တချို့က မဂ္ဂဇင်း စာမျက်နှာများပေါ် ရောက်ရှိသွားသည်။ တချို့က မရောက်။ တချို့ကိုတော့ ထုံးစံအတိုင်း အဆုံးမသတ်နိုင်ခဲ့။ ဝတ္ထုတိုရေးသူ တစ်ယောက်အဖြစ် ကျွန်တော်သည် ကျွန်တော့် ဝတ္ထုတိုများနှင့် ထွေးလုံးရစ်ပတ်အချိန်ကုန်နေဆဲ တစ်နေ့၌ ကျွန်တော့် စာကြည့်ခန်းထဲတွင် ထွက်ပေါ်နေသော အပုပ်နံ့ကို သတိပြုမိ လိုက်၏။ စာအုပ်စင်ထဲမှာ ကြွက်တစ်ကောင် သေဆုံးနေလေသလား။ ကျွန်တော့်စာအုပ်စင်ရှိ စာအုပ်များကို ကိုက်ဖြတ်ကာ ကြွက်များသည် မကြာ ခဏ အသိုက်လုပ်နေတတ်၏။ သို့သော် ကြွက်သေကောင် မတွေ့။ စာအုပ်များကြားတွင် မတော်တဆ ညှပ်မိကာ အိမ်မြှောင်များလည်း သေနေ တတ်ကြ၏။ သို့သော် အိမ်မြှောင် အသေကောင်ဟူ၍ ရှာမတွေ့။ နောက်ဆုံး အသေအချာ စူးစမ်းကြည့်သောအခါ ထိုအပုပ်နံ့သည် ကျွန်တော်၏ စာရေးစားပွဲ အံဆွဲတစ်ခုမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ထိုကြောင့် အံဆွဲ ဆွဲဖွင့်ကြည့်ကာ ရှာဖွေကြည့်လိုက်သောအခါ မတွေ့ရတာကြာပြီဖြစ်သော “ရေးလက်စ” ကို တွေ့ရလေသည်။ သူသည် ဘယ်အချိန်က သေဆုံးနေလေသည်မသိ။ သူ့ကိုယ်မှ အပုပ်နံ့ထွက်၍ပင်နေလေပြီ။

သစ္စာနီ (ဝတ္ထုတို ၆၀)

စကားပြေသက်သက်

ဘဦး ရေကူးနေသည်။ ကျွန်တော် ရေမကူးတတ်ပါ။ ငါ မသေဘူး ရေကူးတတ်တယ်ဟု ဇီးကွက်မျက်ပြူးက ပြောပါသည်။ (ဤနေရာတွင် ဇီးကွက် မျက်ပြူးအား မည်သည့်ဘာသာစကားဖြင့် ပြောသည်ဟု တိတိကျကျ ရေးသားထားခြင်း မရှိပါ။ ဇီးကွက်မျက်ပြူးကို ရေထဲတွန်းချသူမှာ မည်သူ ဖြစ်ပါ သနည်း။ ကျွန်တော်လား၊ ခင်ဗျားလား၊ ဂျော့ဘုရှ်လား၊ ဘင်လာဒင်လား။ တရားခံရှာဖွေရန် စုံထောက် မောင်စံရှားကို ငှားလိုက်ပါ။ စုံထောက် မောင်စံရှားကို အာသာကွန်နင်ဒိုင်းထံမှ ရွှေဥဒေါင်းက ငှားခဲ့ပါသည်။ ငှားရမ်းခြင်း သည်းခံပါ ဟူသော စာတန်းကို မြတ်သစ်၏ စာအုပ်စင်တွင် ချိတ်ဆွဲ ထားသည်အား လွန်ခဲ့သော အနှစ်၃၀ ခန့်က ကျွန်တော် မြင်ခဲ့ဖူးသည်ထင်ပါသည်။ မြတ်သစ် စာအုပ်စင်တွင် ရေနွားရှိမည်။ (ပြင်သစ် ပန်းချီကျော်၏ အမည် တူကာ၊ ပြင်သစ် ရုပ်ရှင်ဒါရိုက်တာ ဖြစ်ပါ၏)။ ဂျိမ်းဂျွိုက်ရှိမည်။ ဂျိမ်းဂျွိုက်သည် အိုင်ယာလန်နိုင်ငံသား ဖြစ်သော်လည်း အိုင်ယာလန်တွင် ကြာရှည်နေသူ မဟုတ်ပါ။ မောင်ချောနွယ်ရော အိုင်ယာလန် ရောက်နေပြီလား။ (သူ မသေခင် နောင်ဘဝရှိလျှင် ဝိုင်အရက် ကောင်းကောင်းလည်း ပေါ၊ အနုပညာရှင်လည်း ပေါ၊ တော်လှန်ရေးလည်း ပေါသော အိုင်ယာလန်တွင် လူဖြစ်ချင်သည်ဟု ကဗျာတစ်ပုဒ်ထဲတွင် ပြောဖူးပါသည်။) မောင်ပြည့်မင်းက မောင်ချောနွယ် သေပြီ၊ သူကိုယ်တိုင် မြင်လိုက်တာဟု ကဗျာတစ်ပုဒ်ထဲတွင် ပြောပါသည်။ ပြည်မြစ်ထဲတွင် (ဧရာဝတီ) မောင်ချောနွယ် ရေကူးနေသည်ကို မြင်လိုက်သည်ဟု မပြောပါ။ ကျွန်တော် မြင်လိုက်တာက (ပထမတန်းဖတ်စာထဲတွင်) ဘဦး ရေကူး နေသည်ကို ဖြစ်ပါသည်။ ကျွန်တော် ရေမကူးတတ်ပါ။ မြင်ရုံနှင့် တတ်သော ပညာများထဲတွင် ရေးကူးခြင်း ပါပုံမရပါ။ ငါမသေဘူး ရေကူးတတ်တယ် ဟု ဇီးကွက်မျက်ပြူးက ပြောပါသည်။ ဇီးကွက်မျက်ပြူးကို အဘယ် အကြောင်းကြောင့် ရေထဲတွန်းချရပါသနည်း။ မျက်စိပြူးသည့် အပြစ်ကြောင့် လား။ အပြစ်ဆိုသည်မှာ ဝေဖန်ရေးသမား ပျောက်သွားသည့် မှန်ဘီလူးတစ်လက် ဖြစ်ပုံရပါသည်။ ထိုဝေဖန်ရေးသမား နှင့် ကျွဲယောင်ဆောင်ထားသော သကြားမင်း တွေ့သွားပြီဟူသော သတင်းကို ကျွန်တော် မကြားမိသေးပါ။ ကျွန်တော် ကြားမိသည်မှာ အီရတ်သတင်းများသာ ဖြစ်သည်။ ဘဂ္ဂဒက်မြို့ကို သွားလည်ချင်သော စိတ်ကူးငယ်စဉ်က ရှိခဲ့ဖူးပါသည်။ တစ်ထောင့်တစ်ည ပုံပြင်များဖတ်ရှုပြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ဆင်းဘတ် ကိုတွေ့ချင်သည်။ အာလာဒင်ကို တွေ့ချင်သည်။ အလီဘာဘာနှင့် ခိုးသားလေးဆယ်ကိုမူ မတွေ့ချင်ပါ။ သို့သော် လောကဆိုသည်မှာ တွေ့ချင်တာ မတွေ့ချင်တာတွေ ရွေးချယ်ခွင့် မရှိသော အရပ်ဖြစ်သည်။ ကြားချင်တာ မကြားချင်တာတွေ၊ ဖြစ်ချင်တာ မဖြစ်ချင်တာတွေ၊ ခံစားချင်တာ မခံစားချင် တာတွေ၊ ရွေးချယ်ခွင့်မရှိသော အရပ်ဖြစ်သည်။ ဆန္ဒရှိတာ မရှိတာတွေ၊ သင့်တော်တာ မသင့်တော်တာတွေ ရွေးချယ်ခွင့် မရှိသော အရပ်ဖြစ်သည်။ ဘဦး ရေကူးနေသည်။ ရေကူးခြင်းကို ဘဦး ရွေးချယ်ခဲ့ပါသလား။ ရွေးချယ်ခြင်းက ဘဦးကို ရွေးချယ်ခဲ့ပါသလား။ ရေကူးခြင်းက ဘဦးကို ရွေးချယ် ခဲ့ပါသလား။ ထိုကြောင့် ဘဦး ရေကူးနေသည်။ ကျွန်တော် ရေမကူးတတ်ပါ။ ငါမသေဘူး ရေကူးတတ်တယ်ဟု ဇီးကွက်မျက်ပြူးက ပြောပါသည်။ ဇီးကွက်မျက်ပြူးက ဘာကြောင့် ရေကူးတတ်နေရသနည်း။ ကုက္ကိုင်းရေကူးကလပ်တွင် အသင်းဝင်ဖြစ်ခဲ့ဖူးသည့်အတွက်ကြောင့်လား။ ဇီးကွက်က ဘာကြောင့် လေထဲတွင် မပျံဘဲ ရေထဲတွင် ကူးနေရသနည်း။ မဟာဇနက္ကကို အားကျသောကြောင့်လား။ မော်စီတုန်းကို အားကျသောကြောင့်လား။ သူ့ကို တစ်ယောက်ယောက်က ရေထဲတွန်းချသောကြောင့်လား။ ထိုသူသည်(ငါ မသေဘူး ရေကူးတတ်တယ်။) ဆိုသော ဇီးကွက်စကားကို မှန် မမှန် စမ်းသပ်ကြည့်လိုပုံရပါသည်။ ထိုသူသည် စမ်းသပ်ခြင်း၌ အထုံဝါသနာကြီးလှသည့် အက်ဒီဆင်များလား။ အက်ဒီဆင်သည် လျှပ်စစ်မီးကို တီထွင်ခဲ့ သူ ဖြစ်သည်။ ထို့ကြောင့် မီးပျက်ခြင်းကို သွယ်ဝိုက်တီထွင်ခဲ့သူဟု ခေါ်ဆိုလျှင်လည်း မှားမည် မထင်ပါ။ အမှားနှင့် အမှန်ဆိုသည်မှာ မသေချာမှု နိယာမအရ ဆုန်းဆုန်းဖြတ်ဖြတ် ဆုံးဖြတ်ရန် ခက်ခဲသော အကြောင်းကို ဇော်ဇော်အောင် ပြောခဲ့ဖူးပါသလား။ သူ ပြောခဲ့ဖူးတာက ခင်မေရီ၊ မြတ်သစ် ပြောခဲ့ဖူးတာက ခင်မေဆက်၊ ကျွန်တော် ပြောခဲ့ဖူးတာက ခင်မေအောင်၊ တာရာမင်းဝေ ပြောခဲ့ဖူးတာက ခင်မေဝင်း တို့အကြောင်း ဖြစ်ပါသည်။ သူတို့ချင်း အမျိုးတော်စပ်ပုံ မရသည့် ဤအမျိုးသမီး လေးယောက်၏ အမည်များသည် အဘယ်ကြောင့် ဆက်စပ်မှု ရှိနေရသနည်း။ ထို အကြောင်းမှာ အကြောင်းရှာမရသော အကြောင်းဖြစ်၏။ ဘဦး ရေကူးနေသည်ကို အကြောင်းရှာရပါသလား။ ဘဦး ဘာအကြောင်းကြောင့် ရေကူး နေရပါသနည်း။ ပူအိုက်လွန်းသောကြောင့်လား။ သင်္ဘောပျက်လို့လား။ ကျန်းမာရေး လိုက်စားချင်၍လား။  အစွမ်းပြချင်သောကြောင့်လား။ မျောသွားသော လှေကို လိုက်ဆယ်ချင်လို့လား။ ဟိုဘက်ကမ်းကို သွားချင်သောကြောင့်လား။ (ယင်းမှာ ဒီဘက်ကမ်းတွင် မနေချင်သောကြောင့်လား နှင့် ဆက်စပ်မှု ရှိနေပါသည်။) သို့မဟုတ် ရေမကူးချင်ဘဲနဲ့တစ်စုံတစ်ယောက် ရေထဲ တွန်းချခဲ့သောကြောင့်လား။ ပထမတန်း ဖတ်စာပြုသူက ဘဦး ဘာကြောင့် ရေကူးနေသည်ကို ထည့်သွင်း ရေးသားခဲ့ခြင်းမရှိပါ။ သို့သော်... ဘဦး ရေကူးနေသည်။

မှတ်ချက်။ ။ ဤစာစုကို ဖတ်ရှုကာ ကြားဖူးနားဝ ဗဟုသုတ အနည်းအကျဉ်းဖြင့် ဇာတ်သိမ်းဇာတ်ကွက် ဇာတ်အချိတ်အဆက်၊ ဇာတ်ကောင် စရိုက် အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ ရေးထုံး၊ သဒ္ဒါ စည်းကမ်း၊ ဦးတည်ချက် ဒဿန စသဖြင့် တစ်စုံတစ်ရာကို ရှာဖွေခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ဤစာစုမှာ ဝတ္ထုတစ်ပုဒ်မဟုတ်ပါ။ စာညွန့်မဟုတ်ပါ။ အက်ဆေးမဟုတ်ပါ။ တခြား ဘာမှလည်း မဟုတ်ပါ။ စကားပြေသက်သက် ဖြစ်ပါသည်။

သစ္စာနီ (ဝတ္ထုတို ၆၀)

Sunday, August 14, 2011

လူသိရှင်ကြား ဖုံးကွယ်ခြင်း

၁၉၄၆ ခုနှစ် အောက်တိုဘာ ၃၀
လောင်ဂျီကျု ၉၆ ဒီဂရီ ၄၈ မိနစ်
လတ္တီကျု ၁၆ ဒီဂရီ ၄၈ မိနစ်
ဗုဒ္ဓဟူးနေ့ ...
မြန်မာစံတော်ချိန် ၀၄ နာရီ ၂၀ မိနစ်ဖွား
သစ္စာနီ၏ ကြိစက္ကဇာတာ။

ဇာတာရှင်သည် ကန်ရာသီလဂ်
ဓနုရာသီစန်း ဟဿတနက္ခတ်
ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်
ကံဂြိုလ်သည် ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ်စီး
မနူဿာဂီရိကျမ်းနှင့်
နာဒရသံဟိတာကျမ်းအလိုအရ။


( ၁ )
၃၀.၁၀.၄၆
ဒါဟာ အစမဟုတ်ဘူး။

ကြက်ဥလား ကြက်မလား
အဝိဇ္ဇာ သင်္ခါရလား
မဟာပေါက်ကွဲမှု သီအိုရီလား
အစဟာလည်း
အစ မဟုတ်ဘူး။

အဲဒီနေ့က
ဗြိတိသျှပိုင်
ကိုလိုနီနိုင်ငံငယ်တခုမှာ
ဥက္ကာမပျံ
တော်လဲသံ မကြားဘဲ
ငါ ...
ငါဟာ
ဘုရားသခင်လက်က
လွတ်ကျတော်မူခဲ့တယ်။




( ၂ )
အဖေက
လခ သုံးရာ့ငါးဆယ်ရတဲ့
ဌာနခွဲစာရေးကြီး (သူကတော့... အဲဒီရာထူးကို ဒုရုံးအုပ်လို့ ပြောတတ်တယ်။)

လူဖြောင့်စိတ်တို (ခပ်ရိုးရိုးပဲ)
ရိုးတာမှ ...
ဘာမှရေးမထားတဲ့
စက္ကူအလွတ်တရွက်လို
(ဒီ ဥပမာက သိပ်မဟုတ်လှဘူး)

ဘောလုံးပွဲကြိုက်
ဆေးပေါ့လိပ်ကြိုက်
(သူ အသက်ရှစ်ဆယ်အထိ ဆယ့်သုံးကြိမ်တိတိ ဆေးလိပ်ဖြတ်ခဲ့တယ်။)
ပျင်းရတာလည်း ကြိုက်ပုံရတယ်
ပင်စင်ယူပြီးတော့
ဝရံတာက ပက်လက်ကုလားထိုင်မှာ
မပျင်းမရိ အနှစ် နှစ်ဆယ်လုံးလုံး
ပျင်းရိစွာ ထိုင်နေခဲ့တယ်။

အရက်မသောက်သူ
အပျော်အပါးမလိုက်စားသူ
တခါ တခါ
လက်ရုံးအားကိုးတတ်သူ
ရန်ကုန်တဖက်ကမ်း ပျော်ဘွယ်ဇာတိ
(အနာဂမ် ဆရာသက်ကြီးတို့ရွာ)
သို့သော်...
ဝိပဿနာဆိုတာ ဘာမှန်းမသိသူ
သူ့ဘဝတလျှောက်လုံး
ကျားထိုးတာကလွဲလို့
ဉာဏ်ကို အသုံးပြုခဲ့ပုံလည်း မရ
ရည်ရွယ်ချက် ကြီးကြီးမားမားလည်း မရှိ
စည်သွပ်ဗူးစက်ရုံက မန်နေဂျာလို
သားသမီး တွေကိုတော့ ...
တပုံစံတည်း ထွက်စေချင်ခဲ့တယ်
ဘွဲ့ရ အရာရှိ ပေါက်စလေးတွေပေါ့။

ကျွန်တော်ကတော့
သူ့ခြံထဲက သိုးမည်းတကောင်ပါ။

မင်းမှာ ငါနဲ့တူတာဆိုလို့
ထိပ်ပြောင်တာပဲရှိတယ် တဲ့
ကျေးဇူးတင်ပါတယ် အဖေ။

အမေကတော့ မြေလတ်သူ
ဗမာစာ ရေးတတ် ဖတ်တတ်
(ဒါပေမယ့် ဘုရင်ခံသမီးလို စိတ်ကြီးလည်း ဝင်တတ်တယ်။)

လက်ကဖွာဖွာ ပါးစပ်ကဖွာဖွာ
ဗေဒင်ဆရာတွေ ညာစားတဲ့အတိုင်း
သူ့ကို သူရဿတီစောင့်တယ်လို့
တကယ်ယုံကြည်တယ်။

ဗမာရုပ်ရှင် ( အခုတော့ အများနည်းတူ ကိုရီးယားဇာတ်လမ်း အတွဲတွေပေါ့)
တရုတ်သိုင်းဝတ္တုနဲ့
ဝတ်ကောင်းစားလှ ကြိုက်တယ်။

အင်္ဂလိပ်ခေတ်မှာ ရွှေဆိုင်ဖွင့်တယ်
ဂျပန်ခေတ်မှာ အထည်ဆိုင်ဖွင့်တယ်
မဆလ ခေတ်မှာ ကုန်စုံဆိုင်ဖွင့်တယ်
အရင်းပြုတ်တာနဲ့
နိဂုံးချုပ်ရတာချည်းပဲ
ဒီလိုနဲ့ ...
သူ့ တသက်လုံး
အမှီခိုခံဘဝနဲ့
ကျဆုံးခဲ့သူပေါ့။

အဖေက
ညိုညို ထောင်ထောင်မောင်းမောင်း (စိတ်ပျော့တယ်)
အမေက
ဖြူဖြူ ခပ်ညှက်ညှက် (စိတ်မာတယ်)
ဒီနှစ်တွေအတွင်း ...
သူတို့ ...
နှစ်ယောက်လုံး ဒေါသမှန်မှန်ကြီးတယ်
နှစ်ယောက်လုံး အသက်မှန်မှန်ကြီးတယ်
နှစ်ယောက်လုံး မျက်မှန်ထူထူလာတယ်
နှစ်ယောက်လုံး ရောဂါထူထူလာတယ် ။

သူတို့နဲ့ ကျွန်တော်
အနှစ်ခြောက်ဆယ်ကျော်လုံးလုံး
တအိမ်တည်းနေလျှက်နဲ့
ခေါင်းနဲ့ပန်းလို ဝေးခဲ့ကြတယ်။

အနေကြာလွန်းလို့
စိမ်းသွားတာလည်း ဖြစ်နိုင်တယ်
ဒါဟာ ဝမ်းနည်းစရာလား
လိပ်ပြာမလုံစရာလား
သံသရာမှာ...
ကံပါလာတာတောင် ယုံရခက်ခဲ့။


( ၃ )
ကျွန်တော်ငယ်ငယ်က
နဖူးမောက်တယ် ပါးဖောင်းတယ်
အသားညိုလွန်းလို့ “ကော်ဖီရောင်” တဲ့
နာမည်ပြောင် ရခဲ့တယ်။

ကျွန်တော်ငယ်ငယ်က
တောက်တဲ့ ကြောက်တယ်
လူစိမ်းတွေကို ကြောက်တယ်
ငန်းနီကျော် (အဖျားဖြတ်ဆေး) ကို ကြောက်တယ်။

ကျွန်တော်ငယ်ငယ်က
အကြွေနည်းနည်းထည့်ထားတဲ့
စုဗူးလေး တဗူးနဲ့
လိုချင်တာတွေ ဝယ်လို့ရမယ်ထင်ခဲ့တယ်။

ကျွန်တော်ငယ်ငယ်က
အိမ်နောက်ဖေး တောအုပ်မှာ
ရော်ဘင်ဟုဒ် လုပ်ဖူးတယ်။

ကျွန်တော်ငယ်ငယ်က
ခပ်နုံနုံ ခပ်အအ
စာကလည်း ခပ်ချာချာ
(အားကစား ဘာညာပေါ့)
ထူးချွန်မယ့် အရိပ်အယောင်မပြ
စိတ်ဓာတ်ကလည်း ပျော့လွန်းတယ်
ကြယ်ကြွေတာကို ကြည့်ပြီးငိုတယ်
(နတ်သမီးလေးတွေ သေတာထင်လို့)
မိုးရေမချိုးရရင် စိတ်ညစ်တယ်
အက္ခရာသင်္ချာ တွက်မရတာကို
ဘဝပျက်တော့မလို ...
ဈေးဖိုးကျပျောက်ရင်
ခြေမကိုင်မိ လက်မကိုင်မိ
(အမေက ဈေးလွှတ်လေ့ရှိတယ် ကျွန်တော်က နမော်နမဲ့)။

ကျွန်တော် မဖြေရှင်းနိုင်တဲ့
ပုစ္ဆာတွေက ...
ဘဝမှာအများကြီး
ငါးကျည်းနဲ့ ငါးခူကို
ဘယ်လိုခွဲခြားရမယ်ဆိုတာက အစ
အတန်းထဲက ခပ်လှလှကောင်မလေးကို
ဘယ်လိုချည်းကပ်ရမယ်ဆိုတာ အဆုံးပေါ့။

ဒီလိုနဲ့...
နည်းနည်းအရွယ်ရလာ
ဒီအရွယ်မှာပဲ
တော်လှန်ရေးကောင်စီ တက်လာ၊
ကျွန်တော် ဆေးလိပ်သောက်တတ်လာ၊
ဘုရားရှိခိုးတွေ မေ့လာ၊
လွယ်အိတ်ထဲမှာ ...
ပလေးဘွိုင်းစာအုပ် နဲ့ ချိန်းကြိုးနဲ့ ...
အဖေနဲ့ မတည့်တာကို
မျိုးဆက်ကွာဟမှုလို့ ပြောတတ်လာ၊
မိန်းမတွေကိုကြည့်ရင်
ရင်နဲ့တင်ကို ကြည့်တတ်လာ၊
ကျောင်းပြေးဖြစ်လိုက်
အိမ်ပြေးဖြစ်လိုက်နဲ့
ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
ဆယ်တန်းကို ငါးခါ ကျခဲ့တယ်။

အဲဒီအရွယ်မှာပဲ...
ကောင်မလေးတယောက်ကို ရူးရူးမူးမူးစွဲလမ်း
မတော်တဆ အသည်းကွဲရာမှ
ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာခဲ့၊ အဲဒါ
ကျွန်တော် ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလား
အခုအချိန်ထိ
ဝေခွဲလို့မရ။


( ၄ )
ခေတ်က
မာ့က်စ်ဝါဒီ မဖြစ်ရင်ဘဲ
နူတော့မလို ခေတ်
ကျွန်တော်လည်း လက်ဝဲစာပေလေး ဘာလေး
နာမည်ပျက်ရုံဖတ်
ကုတင်ခေါင်းရင်းမှာ
ချီဂွေဗားရားပုံကို
မာရီလင်မွန်ရိုးပုံ အောက်ကချိတ်
(ပြန်လမ်းမရှိတဲ့မြစ် ဇာတ်ကားထဲက
ပေါင်တချောင်းမြှောက် က နေတဲ့ပုံပေါ့ )
ဝမ်းနည်းဝမ်းသာရုပ်ရှင်ဟာ
ကိုယ့်အကြောင်းပဲ ရိုက်ထားသလိုလို
ဖာသည်မတောင်မရှိဘဲ
မြတ်လေးလိုဝတ်စားပြီး
ဂျိမ်းစ်ဒင်းလို နေထိုင်ခဲ့တယ်
(ငါးပြားတန်စီးကရက်ကို နူတ်ခမ်းမှာခဲလို့)။

အဲဒီအချိန်မှာ...
လူတွေဟာ ခွဲတမ်းကိုမျှော်လို့
သွားတိုက်ဆေးဗူးမဲပေါက်တာ
ပျော်ကြတဲ့အခါပေါ့
ဆိုက္ကားသမားက တရားသူကြီးဖြစ်
(သူက ယူနစ်ကော်မတီဝင်လေ)


ဆီအစိပ်သားရဖို့ တန်းစီ
ကြက်သွန်နီ အစိပ်သားရဖို့ တန်းစီ
“ကျေးဇူးတင်ပါသည် လမ်းစဉ်ပါတီ”
ရေဒီယိုက သီချင်းဟာ
ပျင်းရင်နားထောင်ဖို့ ကောင်းတယ်။

ကျွန်တော်ကတော့
အမောက်က ထောင်ထောင်
ကော်လံက ထောင်ထောင်
စိတ်က ထောင်ထောင်
တကိုယ်ရည် အာသာဖြေရတာ သာယာတယ်
ကဗျာဆရာဖြစ်ရတာ သာယာတယ်
လက်ဖက်ရည်ဆိုင်ထိုင်ရတာ သာယာတယ်
ဒါလည်း ...
ထွက်ပြေးလွတ်မြောက်မှုတမျိုးထင်ပ။

ဒါပေမယ့် ...
ဒီငနဲကပဲ
ရင်ထဲမှာ သံမှိုစွဲထားသလို
ဒီမိုကရေစီကိုတော့ ယုံကြည်ခဲ့တယ်
နေထွက်မဲ့ညကို ယုံကြည်ခဲ့တယ်
သမိုင်းရဲ့ဒဏ်ခတ်မှုကို ယုံကြည်ခဲ့တယ်။


( ၅ )
ကျွန်တော်ဟာ
မျက်မှန်နဲ့ အဝတ်အစားပါ
ပေါင်ကိုးဆယ်သာသာ လေးတယ်
မတ်တတ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ ငါးပေ ပိုနီးတယ်
ပိရမစ်ကို မဆောက်ခဲ့သူ
လေဒီဒိုင်ယာနာနဲ့ လက်မထပ်ခဲ့သူ
ဂျူးတွေကို မသတ်ဖြတ်ခဲ့သူ။
အဲဒီသူဟာ ...
အခုတော့ ...
ကဗျာရေးတာ
အနှစ်လေးဆယ်ကျော်လာ၊
ဆေးလိပ်ဖြတ်ခဲ့တာ
အနှစ်သုံးဆယ်ကျော်လာ၊
ကျန်စစ်သားလည်း ကြုံဖူး
ဘုရင့်နောင်လည်း ကြုံဖူး

ဓားထစ်ရာတွေနဲ့ မန်ကျည်းတပင်လို
ထိုက်ထိုက်တန်တန်ကို လူဖြစ်
ပုတီးစိပ်လိုက် အပြာကားကြည့်လိုက်
ပန်းချီရေးလိုက် နိုင်ငံရေးစကား ပြောလိုက်
ကမ္ဘာကြီးပူနွေးလာတဲ့အထဲ ဝင်ပါလိုက်
တူမလေးတွေကို စူပါမားကတ်ပို့လိုက်
အားဆေးသောက်လိုက်၊ နှုတ်ခမ်းမွှေးရိတ်လိုက်
တခါတလေ
အကုသိုလ်ကို ပီကေလို ဝါးစားလိုက်
ကဗျာတပုဒ်ထဲမှာ ရေးခဲ့သလို
“ခင်ဗျား တို့ပါးစပ်တွေထဲက
ထွေးထုတ်ချင်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
(သူများ မုန်းတာကိုလည်း ပျော်ပျော်ရွှင်ရွှင် အရသာခံတတ်သေးတယ်။)

အနုပညာမှာ ပို့စ်မော်ဒန်နစ်
ဘာသာရေးမှာက ဗုဒ္ဓစ်
နိုင်ငံရေးမှာက လစ်ဘရယ်ဒီမိုကရက်တစ်

သူ့အတွက်
စာပေဆု မလို
ဒစ်ပလိုမေစီ မလို၊
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု မလို
အိမ်မွေးတိရိစ္ဆာန် မလို
ဒညင်းသီးဆားရည်စိမ် မလို
ရွှေဆွဲကြိုး မလို
နိုင်ငံကူးလက်မှတ် မလို
ကွန်ဒုံး မလို။


( ၆ )
သူဟာ ...
ယခုချိန်ထိ
ညံ့စရာရှိတာ ညံ့ဆဲပါ၊
စက်ဘီးမစီးတတ်
ရေမကူးတတ်၊
ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတောင်
ဘာသွေးမှန်းမသိသူ။

ကာရာအိုကေနဲ့ အနှိပ်ခန်း မရောက်ဖူး
ပင်လယ်ရေ မချိုးဖူး
လေယာဉ်လက်မှတ်နဲ့
ရေမွှေးပုလင်း မဝယ်ဖူး
တောမခိုဖူး
ဘိန်းမရှုဖူး
အလံဖြူ မပြဖူး
ရေကို ကြိုချက်မသောက်ဖူး
မလုပ်ဖူးတာတွေ ခပ်များများ။

ဒါပေမယ့် ...
အသက်အရွယ်နည်းနည်းရလာတော့
ဖြေသိမ့်တတ်လာပါပြီ
(တရားရသလို ဘာလိုလိုနဲ့)
စားစရာ ထမင်းနည်းနည်းနဲ့
ဖတ်စရာ စာအုပ်နည်းနည်းရှိရင်
ငါ့ကို လူနည်းနည်း သိသားပဲ၊
ခွေးအိုကြီး လက်ပေးသင်သလို
အသက်ကြီးမှ ရည်းစားတွေ ဘာတွေရ
(သူနဲ့ ကျွန်တော့်အသက်က
မိုက်ကယ် ဒေါက်ကလပ်နဲ့
ကက်သရင်းဇီတာဂျုံးလောက် ကွာတယ်)

ဘဏ်မှာ ငွေစာရင်းမရှိ
နောက်လိုက်မရှိလည်း
နေလို့ရတာပါပဲ
စီးပွားပျက်တာ ကြုံရပေမယ့်
ကမ္ဘာပျက်တာမှ မကြုံရသေးဘဲ
တမလွန်မှာ ဗြဟ္မာဖြစ်ချင်တဲ့သူဟာ
ဒုက္ခတွေကို
ကြက်မွှေးနဲ့ သပ်ချလို့။ ။


ဘာမှမဟုတ်ပါဘူး။ တကယ်ကို ဘာမှမဟုတ်ပါဘူး။ တဝက်တပျက် ဖုံးကွယ်ထားတဲ့ ကျွန်တော့်အကြောင်းကို တခြားရေးစရာ မရှိတုန်း၊ ကဗျာလိုလို ဘာလိုလို ပေါ့ပေါ့ပါးပါး (ပေါ့ရွှတ်ရွှတ်လို့တောင် ပြောရင်ရပါတယ်။) အဲသလို စာစီလွှတ်လိုက်တာပါပဲ။ ခင်ဗျား ဖတ်ပြီး အပျင်းပြေတယ်ဆိုရင် … ခင်ဗျားဖတ်ပြီး အပျင်းမပြေဘူးဆိုရင် ... ကျွန်တော့်ရည်ရွယ်ချက်ကလည်း ဒီထက်မပိုပါဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

သစ္စာနီ ( သို့ ဝေမှူးသွင် အမှတ်တရ မှ သစ္စာနီ)

ပို့စ်မော်ဒန်၊ ဂျေဒိုးနတ်နဲ့ ဇာတ်ကြီးဆယ်ဘွဲ့


တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် စာရေးစားပွဲ ခုံအနီးရှိ ပြတင်ပေါက်ကို ဖွင့်ကာ အပြင်သို့ ငေးမောကြည့်နေမိသည်။ ကျွန်ုပ် ပြတင်းနှင့် ကပ်လျက်တွင် ကုက္ကိုပင်ကြီးကား ကလေးကစားကွင်းကို လာရောက် ကစားကြကုန်သော ကလေးအပေါင်း၏ နားနေခိုလှုံရာ နေရာဖြစ်လာသည်။ ထိုသို့ လာရောက် အရိပ်ခိုကြသည့် ကလေးများ ထဲတွင် ကျွန်ုပ် စိတ်အဝင်စားဆုံး အဖွဲ့ကား နှပ်သုံးဖော်ဟု ကျွန်ုပ် အမည်ပေးထားသော နှပ်ချေးထူ၊ နှပ်ချေးယိုနှင့် နှပ်ချေးတွဲလောင်း တို့ ဖြစ်ပေသည်။ သူတို့၏ အမြင်နှင့် သူတို့၊ ထင်ရာကို ထင်သလို ပြောလေ့ရှိကြရာ သူတို့ စကားများကား ကြားရသူ ကျွန်ုပ်အဖို့ ရွှင်ပြုံး စရာများပင် ဖြစ်၍နေလေသည်။ ယနေ့တွင်မူ သူတို့သည် သူတို့အထဲမှ တစ်ဦးယူဆောင်လာသည့် ဆေးရောင်စုံ ကာတွန်း ဂျာနယ်တစ်စောင်ကို ခေါင်းချင်းဆိုင်၍ ဖတ်ရှုလျက်ရှိရာ အတန်ကြာ သည် အထိ စကားပြောသံ ပေါ်ထွက်မလာဘဲ ရှိလေသည်။

“ဒီကလေးကဏ္ဍမှာ တို့ပုံရော ပို့လို့ရလား”

နှပ်ချေးယို –- “မည်သူမဆို ပို့နိုင်သည်လို့ ရေးထားတာပဲ၊ ပို့လို့ ရတာ ပေါ့၊ ဒါပေမဲ့ နင်က သူတို့လို စတိုင်လ်ပေးပြီး ဓါတ်ပုံအရိုက်ခံရအောင် သူတို့လို အဝတ်အစား ကောင်းကောင်းတွေ ရှိလို့လား။ စွပ်ကျယ်ချိုင်း ပြတ် အပြဲနဲ့ ဘောင်းဘီတိုအစုတ်နဲ့ ဓာတ်ပုံရိုက်ပို့လို့ရတာ မဟုတ်ဘူး။”

နှပ်ချေးထူ –- “ဒူးနေရာ ဒူး၊ တော်နေရာတော်ပဲ ကောင်းပါတယ်ကွာ၊ နေပါဦး … ဒီမှာ အမေးအဖြေတွေ ပါသေးတယ်။ ဒီကောင်လေးက သူအကြိုက်ဆုံး ဆိုတာ ဂျေးဒိုးနတ်လို့ပြောတယ်။ အဲဒီ ဂျေဒိုးနတ် ဆိုတာ ဘာကြီးလဲ။ ၃၇ မင်း နတ်ထဲမှာလည်း မကြားဘူးဘူး။ အိမ်သာစောင့်နတ်လား။”

နှပ်ချေးတွဲလောင်း –- “ညံ့ပါ့ … နှပ်ချေးယိုရာ၊ ဂျေမောင်မောင်တဲ့၊ ဂျေညီညီတဲ့၊ ဂျေညီမလေးတဲ့၊ အခုဂျေမီတဲ့ ဒီတော့ ဂျေဒိုးနတ် ဆိုတာ နတ်မဟုတ်ဘူး။ နောက်ဆုံးပေါ် အဆိုတော်ပဲ ဖြစ်ရမယ်။”

နှပ်ချေးယို -– “မင်းတို့က တုံးတယ်ပြောရင်လည်း မခံချင်ဘူး၊ တစ်သက်နဲ့ ခြောက်လမှတ်ထား၊ ဂျေဒိုးနတ်ဆိုတာ အင်္ဂလိပ်မုန့် လက်ကောက်ကိုခေါ်တာ၊ သူက ထန်းလျက်ရည်နဲ့ တို့စားစရာ မလိုဘူး၊ ချောကလက် အရည်လောင်းထားတာ၊ နောက်ပီဇာဆိုတာ ရှိသေးတယ်၊ အဲဒါက အီတလီဘိန်းမုန့် ခေါ်တယ်။”

နှပ်ချေးထူ –- “ဟေ့ကောင် တို့က မြန်မာတွေကွ။ ဒါတွေတော့ ဘယ်သိ ပါမလဲ။ မြန်မာလိုတော့ အကုန်သိတယ်။”

နှပ်ချေးယို -– “ဒါဆို ဇာတ်ကြီးဆယ်ဘွဲ့ သိသလား။”

နှပ်ချေးထူ –- “သိတာပေါ့။ တောက ဘုန်းကြီးကျောင်းမှာ နေကတည်းက အကုန်ဖတ်ခဲ့ပြီးသား။ မင်း မေးချင်တာမေး။”

နှပ်ချေးယို - “ဒါဆို မဟာဇနက္ကမင်းသား ပင်လယ်ထဲမှာ သင်္ဘောပျက် တော့ ရွက်တိုင်ဖျားပေါ် တက်ပြီးရေထဲ ဒိုင်ဗင်ထိုးချတယ်။ အဲသလို ဒိုင်ဗင်ထိုးမချခင် ရွတ်သွားတဲ့ စကားကြီး သုံးခွန်းက ဘာလဲ။”

နှပ်ချေးထူ -– “ဆရာတော်ဦးသြဘာသ ရေးတာပဲ၊ ငါဖတ်ဖူးပါတယ်။ အဲဒီနား မေ့တေ့တေ့ ဖြစ်နေတယ်။”

နှပ်ချေးယို -– “ပင်လယ်ထဲ ဒိုင်ဗင်ထိုးမချခင် ရွတ်သွားတဲ့ စကားကြီး သုံးခွန်းက ရယ်ဒီ ဝမ်း၊ တူး၊ သရီး တဲ့။ မင်းတကယ်မသိပါဘူး။ တကယ်သိတာက ဟောဒီနှပ်ချေးတွဲလောင်း။”

နှပ်ချေးတွဲလောင်း –- “ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့ကိုမေး၊ ငါဖြေမယ်။”

နှပ်ချေးယို -– “မင်းဝေဿန္တရာဇာတ်တော် သိသလား။”

နှပ်ချေးတွဲလောင်း –- “သိတာပေါ့၊ လှူတာ အကုန်စားတဲ့ ဇူဇကာ ပုဏ္ဏား၊ ပြီးတော့ ဂဏှာနဲ့ ဇာလီ။”

နှပ်ချေးယို - –“ဟုတ်ပြီ၊ မေးမယ်၊ ဝေဿန္တရာမင်းကြီးနဲ့ မိသားစု ပြည်နှင်ဒဏ်ခံရတော့ ဟိမဝန္တာတော အစပ် အထိ မြင်းလှည်းနဲ့ လိုက်ပို့တယ်။ ဝေဿန္တရာမင်းကြီး လှည်းပေါ်တက်ခါနီး ဘာပြော သလဲ။”

နှပ်ချေးတွဲလောင်း - –“ပန်းပေးတယ်ကွာ၊ အဲဒါတော့ ငါ မေ့နေတယ်။ ဝေဿန္တရာမင်းကြီး လှည်းပေါ်တက်ခါနီး ဘာပြောသလဲ။”

နှပ်ချေးယို –- “ဟိုဘက်နည်းနည်းတိုးစမ်းတဲ့။”

နှပ်ချေးတွဲလောင်း –- “မင်းကချည်း မေးမနေနဲ့။ ငါတို့ တစ်လှည့် မေးမယ်။ သုဝဏ္ဏသာမဇာတ် သိတယ် မဟုတ်လား။ သမင်တွေနဲ့ ရေခပ်ဆင်းလာတဲ့ သုဝဏ္ဏသာမကို ဘုရင်က သမင်နဲ့ မှားပြီး မြားနဲပစ်မိတယ်။ မြားမှန်တော့ သဝဏ္ဏသာမ ဘာပြောသလဲ။”

နှပ်ချေးယို –- “အမယ်လေး... နာလိုက်တာတဲ့၊ မြားမှန်တာပဲ နာလိုက်တာ မပြောလို့ ယားလိုက်တာလို့ ပြောရမလား။ မင်း ခံကြည့်စမ်းပါ။”

နှပ်ချေးယူ - – “ဒါဆို ငါမေးမယ်။ တေမိဇာတ်ကွာ။ တေမိမင်းသားဟာ နတ်ပြည်က စုတေပြီး လူ့ပြည်ကို ဝင်စားလာတာ၊ သူက အရွယ် ရောက်လာတော့ ဘာပြောလဲ။”

နှပ်ချေးယို - – “အေး . . . အဲဒါကတော့ နည်းနည်းခက်တယ်ကွ၊ ငါလည်း စဉ်းစားလို့ မရဘူး၊ သူ ဘာပြောလဲ ဟင်။”

နှပ်ချေးထူ –- “ဘာပြောရမှာလဲကွ၊ ဘာမှ မပြောဘူး၊ စကားမပြောလို့ တေမိလို့ ခေါ်တာပေါ့ကွ။”

နှပ်ချေးယို –- “အေး... မင်းတော်တယ်၊ ဒီလောက်ဆို မင်းလည်း အန်ကယ် မင်းခိုက်စိုးစန် တို့ရဲ့ ပဟေဠိနန်းတော်မှာ အစီအစဉ် တင်ဆက်သူ လုပ်လို့ရတယ်။”

နှပ်ချေးထူ –- “ဒါဆို ငါက အစ်မကြီးခင်ဖုန်းနဲ့ တွဲရမှပေါ့ကွ။ သူက အသားကလေးများ နည်းနည်းများ ညိုနေလားလို့။”

နှပ်ချေးတွဲလောင်း –- “အံမယ် …. နင်ကပဲ ချေးများနေတယ် ရှိသေး တယ်။ တော်တော့ တောစကား တောပျောက်။”

နှပ်ချေးထူ –- “တို့လည်း ဟိုစကား ဒီရောက်၊ ဒီစကား ဟိုရောက်နဲ့ အန်ကယ် သိမ်းတင်သား ရေးတဲ့ ကပေါက်တိ ကပေါက်ချာ ဂေဇက်နဲ့ တူနေပြီ။”

နှပ်ချေးယို - –“အံမယ်… အဲဒါ လွယ်တာမှတ်လို့ ဆရာ၊ ဦးလေး စိန်သန်းက ပြောတယ်။ သိမ်းတင်သားတို့ကမှ တကယ့်ပို့စ်မော်ဒန် ဂျာနယ်လစ်တဲ့။”

နှပ်ချေးတွဲလောင်း - –“ဘာလဲကွ၊ ပို့စ်မော်ဒန် ဆိုတာ…။”

နှပ်ချေးထူ - –“မင်းက မမ ချစ်သုဝေ နဲ့ မမလေး သင်ဇာဝင့်ကျော် တော့သိတယ်၊ ကစ်ဇုံ နဲ့ ပလုတ်တုတ်တော့ သိတယ်၊ စူပါမင်း နဲ့ ဂျူနင်ဂျာ တော့သိတယ်၊ ပို့စ်မော်ဒန်တော့ မသိဘူးလား၊ ဘဒွေး ဇော်ဇော်အောင် သိရင် တုတ်ကောက်နဲ့ ခေါက်တာ ခံနေရလိမ့်မယ်၊ ကဲ မြန်မြန် လူစုခွဲတာကောင်းတယ်။”

သစ္စာနီ (နှပ်ချေးခန်း ၂၊ သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၇ ခုနှစ်)


src: AUGUST 27


Sunday, July 31, 2011

စာရေးဆရာ သစ္စာနီပြောတဲ့ သမိုင်း


သစ္စာနီရဲ့ သမိုင်းကို ပြန်ကြည့်ရင် ၁၉၉၆ ခုနှစ်ကစပြီး ဒီနေ့အထိ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေ ရေးသားနေတဲ့ စာရေးဆရာ တစ်ယောက် အဖြစ် တွေ့မှာပါ။ “နစ်ရှေးရဲ့ ပင်လယ်” လို ကဗျာနဲ့ “တိမ်နှင့်လူ”လို ဝတ္ထုမျိုးတွေ ရေးခဲ့တဲ့ ဆရာ့ ရဲ့ စာပေ ဖြတ်သန်းမှုက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
“မပွင့်မီက ကြွေနှင့်သည်” ဝတ္ထုတိုလေး ၁၉၆၆ ခုနှစ်၊ ရုပ်ရှင်သစ် မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြ ခံရတုန်းက ဆရာ့ ကလောင်နာမည်က မင်းကျော်မိုးနဲ့လား၊ သစ္စာနီနဲ့လား…
သစ္စာနီနဲ့၊ ဒါပေမဲ့နောက်က “ဥက္ကလာ”လို့ပါသေးတယ်။ သစ္စာနီ (ဥက္ကလာ)ပေါ့။ ၁၉၇၈ ခုနှစ် နောက်ပိုင်းကျမှ ဥက္ကလာကို ဖြတ်ပစ် လိုက်တာ။

သစ္စာနီ ဆိုတဲ့ ကလောင် ဘယ်လို ရှင်သန်ခဲ့သလဲ ပြောပြပါ ဆရာ။
သိပ်ထူးထူးခြာခြားတော့ မဟုတ်ပါဘူး။ ကလောင်နာမည် မှာလည်း သူ့ခေတ်နဲ့သူ ရှိကြတယ်။ ဥပမာ “ယဉ်” ခေတ်ဆိုရင် မောင်ယဉ်ချော၊ မောင်ယဉ်မွှေး၊ မောင်ယဉ်မွန်ပေါ့။ “နီ” ခေတ်ကတော့ နေသွေးနီကစပြီး ပုလဲနီ၊ သဇင်နီပေါ့။ ဆရာကတော့ ခေတ်အလိုက် “နီ” လိုက်တာ မဟုတ်ဘူး။ စန္ဒရားချစ်ဆွေ သီချင်းကြိုက်လို့၊ “ချစ် ချစ် ချစ်တာသူ့ကို အို” ဆိုတဲ့ သီချင်းထဲမှာ “သစ္စာနီဦးထိပ်ချီ” လို့ဆိုတဲ့ စကားလုံးပါတယ်။ အဲဒါကိုကြိုက်လို့ ရွေးလိုက်တာ။ “မင်းကျော်မိုး” ဆိုတဲ့ ကလောင်အပြင် “သင်းလှိုင်မြင့်”၊ “မိချမ်းမြ” ကလောင် အမည်တွေနဲ့ လည်း ရေးဖူးတယ်။ ကိုယ့် လက်ရာကို စိတ်မချသေးလို့ စမ်းသပ်တာ။ ညံ့နေရင် “သစ္စာနီ” ဆိုတဲ့ ကဗျာရေးတဲ့ နာမည်ကို သွား မထိခိုက်အောင်ပေါ့။ ၁၉၇၆ လောက်က ရှုမဝ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ “ကုန်စိမ်းတွေ ပုပ်ကုန်လိမ့်မယ်” ဝတ္ထုကျတော့ ကြိုက်လည်း ကြိုက်၊ စိတ်လည်း ချသွားပြီမို့ အဲဒီနောက်ပိုင်း “မင်းကျော်မိုး” နဲ့ မရေးတော့ဘဲ “သစ္စာနီ” နဲ့ပဲ ဆက်ရေး ဖြစ်ခဲ့တယ်။

အိမ်နှင့်လူ၊ ပိုက်ဆံနှင့်လူ စတဲ့ လူစီးရီးလိုက် ဝတ္ထုတိုတွေကို ဘယ်လို စိတ်ကူးနဲ့ ဆရာ ရေးဖြစ်ခဲ့ တာလဲ။
အမှန်တော စီးရီးလိုက် ရေးဖို့ အစီအစဉ် မရှိပါဘူး။ ပထမဆုံး စရေးတာ “တိမ်နှင့်လူ”၊ အဲဒီ ဝတ္ထုကို ကြိုက်တဲ့သူ တော်တော် များတယ်။ငါးသိုင်းချောင်း ဝံသာဆို သုံး၊ လေးခေါက် ဖတ်မိတယ်လို့ လာပြောတယ်။ အယ်ဒီတာကလည်း ဆက်ရေးဖို့ တိုက်တွန်းတယ်။ ဒါနဲ့ စိတ်ကူးရပြီး ဆက်ရေး ဖြစ်သွားတာ။

ကဗျာတစ်ပုဒ် ဖြစ်ဖို့နဲ့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ဖို့ ဆရာ အားစိုက်ရတဲ့ အပိုင်းမှာ ဘယ်လို ကွာခြားမှု ရှိပါသလဲ။
ကျွမ်းကျင်ရာ လိမ္မာပေါ့။ ကိုယ်ကတော့ ဝတ္ထုရော၊ ကဗျာရော ရေးတဲ့သူ အနေနဲ့ ပြောရမယ် ဆိုရင် ကဗျာ ရေးရတာ ပို ခက်တယ်။

“တာရာလင်းနွယ်” အမည်နဲ့ သိပ္ပံဝတ္ထုတွေ ရေးဖြစ်ခဲ့တာက…
ကျွန်တော်က science fictionတွေ သဘောကျတယ်။ ရှုမဝမှာ ကိုကျော်စိန်မင်း ရေးတဲ့ သိပံ္ပဝတ္ထုတွေ သဘော ကျတော့ ရေးချင်စိတ် ပေါ်လာပြီး ဒဂုန်မဂ္ဂဇင်းမှာ ရေးဖြစ်သွားတယ်။ အာသာစီကလပ်၊ အိုင်းဇက်အက်စီမော့ တို့ ဝတ္ထု တွေဖတ်ပြီး အမှီးရေးတာပါ။ ပင်ကိုရေးက တစ်ပုဒ်၊ နှစ်ပုဒ် လောက်ပဲရှိတယ်။

“ရဲသျှ န္တီ” ကလောင်နဲ့ “သန္တ ရသ လွင်ပြင်” ဆိုပြီး ဘာသာရေး ဆောင်းပါးတွေ ဘယ်လို ရေးဖြစ် ခဲ့တာလဲ ဆရာ။
အဲဒါ ဒဂုန်မဂ္ဂဇင်းမှာ ရေးခဲ့တာ။ စာအုပ်အဖြစ် နှစ်အုပ် ထွက်သွားတယ်။ “ဖတ်ကြည့်ရင် သိလိမ့်မယ်”၊ “မျက်စိ ထဲက ဆူး”တို့ ဘာတို့ပေါ့။ ပညာတတ်လူငယ်တွေ ဦးနှောက်ထဲ ဘာသာရေးအသိ ဝင်စေချင်တဲ့ စေတနာနဲ့ ခေါင်းစဉ် ပေးတာကအစ “ပန်းပွင့်ကိုယ်ပေါ်က သက္ကာလိပ်ပြာ”ဆိုတာမျိုး၊ လူငယ်ကြိုက်ပေးပြီး ရေးခဲ့တယ်။ လယ်တီ ဆရာတော် နဲ့ မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ စာအုပ်တွေ အများကြီးရှိပေမဲ့ လူငယ်တွေကြားထဲ မရောက်ဘူးလေ။ ဒါကြောင့် လူငယ်တွေကို ဦးတည်ပြီိး အက်ဆေး ဆန်ဆန်လေးတွေ ရေးခဲ့တာ။ စရေးကတည်းက စရဏ၊ အဲဒီနောက် သီလ၊ သမာဓိခန်း၊ နောက်ဆုံး ဝိပသနာ အဆင့်ထိ ရောက်သွားတယ်။ သန္ထ လွင်ပြင်(တစ်) နဲ့ (နှစ်)တောင် မတူဘူး။ (နှစ်) က လူငယ်တွေ ဖတ်လို့ မရဘူး။ ဘာသာရေးဆိုတာ ဆုံးခန်းတိုင်အောင်ပြောမှ၊ ဒါနဲ့ပဲ နောက်ပိုင်းမှာ ကျယ်ပြန့်သွားခဲ့တယ်။

“မူယာ ပုံပြောမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားပြော အက်ဆေးတွေ ရေးဖြစ်တဲ့ အကြောင်းက……
ကိုယ်ကအစကတည်းက ဟာသဥာဏ် နည်းနည်း ရှိတယ်၊ ဆရာဇဝန တို့၊ ဆရာကြပ်ကလေး တို့ ရေးတာ တွေလည်း ကြိုက်တယ်။ ကြုံတိုင်း ပြောပါတယ်။ အဲဒါ ကိုယ့် အိုင်ဒီယာ မဟုတ်ဘူး၊ ဆရာဇဝန ရဲ့ အိုင်ဒီယာ၊ “အပါ ပုံပြောမယ်”ဆိုတာ ရှိတယ်။ ကလေးလေးက ဗုဒ္ဓဝင် နိပါတ် ဂန္တဝင်ပုံပြင်တွေကို သူ့အမြင် သူ့အတွေးနဲ့ ကျယ်ကျယ် ပြန့်ပြန့် ပြောတာပေါ့။ ဆရာဇဝနဆီက ပုံစံလေးကို ယူလိုက်တာပါ။ “အပါ”နေရာမှာ “မူယာ” ထည့်လိုက်တာပေါ့။

ဇာတ်ညွှန်ရေးတဲ့ အပိုင်းကိုလည်း ပြောပြပါဦးဆရာ။
ဇာတ်ညွှန်းက ပေါ့ပေါ့ပါးပါးပဲ။ ပိုက်ဆံရှာဖို့ သက်သက်လောက်ပဲ။ screen play ခေါ်တာပေါ့။ ဘယ်သူက ဘာပြော၊ ဘယ်သူက ဘာဝင်ပြော အဲဒီ လောက်ပဲ။ camera angle တွေ၊ movement တွေ ထည့်ရေးတောင်မှ ဒါတွေကို ဒါရိုက်တာတွေက မသုံးနိုင်ဘူး။ သူတို့မှာလည်း အခက်အခဲ အမျိုးမျိုးနဲ့။ ဒီတော့ လွယ်လွယ်ပေါ့ပေါ့ပဲ ရေးလိုက်တယ်။ အင်မတန် လေးနက်ပြီး အနုပညာမြောက်တဲ့ ဇာတ်ညွှန်းမျိုး ရေးဖို့ အခွင့်မသာပါဘူး။

ဆရာ ဘာစာအုပ်တွေ ဖတ်သလဲ သိပါရစေ။
မြန်မာ စာပေလောက စာအုပ် အကုန်နီးပါးလောက် ဖတ်ဖူးတယ်။ သိပံ္ပမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ကဗျာဆိုရင် ဒေါင်းနွယ်ဆွေ၊ ဝတ္ထုဆိုရင် ခင်နှင်းယု၊ တက္ကသိုလ်ဘုန်းနိုင်၊ ကြည်အေး၊ ရန်ကုန်ဘဆွေ၊ ဗန်းမော် တင်အောင် တို့ ထွက်သမျှ စာအုပ်တွေ အကုန် ဖတ်ဖူးတယ်။ ဂန္တဝင်စာပေ၊ ကုန်းဘောင်ခေတ်စာပေ၊ ကိုးခန်းပျို့၊ ရာမ ရကန်၊ ရတုဆိုလည်း နတ်သျှင်နောင်၊ နဝဒေးရတုပေါင်းချုပ်တွေ ဖတ်တယ်။ စာကတော့ မရွေးတာ ကောင်းတယ်။ စာ ဆိုရင် ဖတ်သင့် ဖတ်ထိုက်တဲ့စာ အကုန်ဖတ် ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှား တို့ ဖတ်တယ်။

အခု နောက်ပိုင်း ရသစာပေ အားနည်းလာတယ်လို့ ပြောသံတွေ ကြားလာ ရပါတယ်။ ဆရာ့အမြင် ကရော ဘယ်လို ရှိပါသလဲ။
ရသ စာပေက အားမနည်းပါဘူး။ ရသစာပေမှာလည်း ဘာကိုဆိုချင်မှန်း မသိဘူး။ literary လား၊ တကယ်အဆင့်မြင့် စာပေပြောတာလား။ entertain- ment ပြောတာလား။ commercial အပျော်ဖတ် ပြောတာလား။ သူ့ဟာ နဲ့ သူ ရှိနေတာပဲ။ သုတ စာပေတွေ အားကောင်း လာတာကို မြင်ပြီးမှ ရသဘက်မှာ အားနည်းတယ် လို့ ထင်တာ။ သုတစာပေ ဆိုတာလည်း ရှိကိုရှိသင့်တယ်။ ကိုကျော်ဝင်းတို့၊ မောင်စူးစမ်း တို့ အများကြီးပါပဲ။ အဲဒီစာပေကလည်း လက်ကမ်း ကြိုရမယ့် စာပေပဲ။ တိုင်းပြည် တိုးတက်ဖို့ အတွက် အသိဥာဏ် ဖွင့်ပေးလို့ အ ထောက်အပံ့ ဖြစ်တဲ့ စာပေပါ။ ရသစာပေ နဲ့ သုတစာပေက ရန်ဘက်မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ရှိတယ်၊လူရှိရင် ခံစားမှုလည်း ရှိတယ်။ ခံစားမှု ဆိုတာ ရသပေါ့။ ခံစားမှု ရှိနေသရွေ့ ရသစာပေ ဆိုတာ ပျောက်သွားစရာ၊ တုံးသွားစရာ အကြောင်း မရှိဘူး။ ကိုယ့်အမြင်ကတော့ ရသတွေ ပိုတောင် စုံလာသေး တယ်။ ဥပမာ အကြည်တော်တို့ ဆိုရင် ဟာသရသပေါ့။ သတိုးတေဇဆို သယာနကရသပေါ့။ ရသကို စုံနေတာပဲ။ အချစ်ဆို လည်း အချစ်၊ စုံထောက်ဆိုလည်း စုံထောက် ထွန်းကားပါတယ်။ စာ စဖတ်သူတွေလည်း အတွေးအခေါ်မြင့်တဲ့ စာမျိုးမဖတ် နိုင်ဘူး။ စာဖတ်သက် ရင့်လာရင်တော့ စာအုပ်ကို ရွေးချယ် ဖတ်တတ်လာတယ်။ ရသစာပေ မယုတ်လျော့ဘူးလို့ ပြောရမယ်။

အခု လက်ရှိ မဂ္ဂဇင်းတွေမှာ ကြော်ငြာတွေ များပြီး ဖတ်စရာ နည်းနေတယ်၊ အရင်က မဂ္ဂဇင်းတွေလို မဟုတ်တော့ဘူးလို့ ပြောသူတွေ ရှိတယ်။ ဆရာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အရ အရင် မဂ္ဂဇင်းတွေနဲ့ အခု မဂ္ဂဇင်းတွေကြားက အကွာအဟကိုရော ဘယ်လို မြင်မိပါသလဲ။
ခေတ်အလိုက် ပြောင်းလဲလာတာကိုတော့ လက်ခံရမှာပါပဲ။ တို့ရေးတုန်းက ရှုမဝ ရှိတယ်။ မိုးဝေက ၁၉၆၈ မှ ပေါ်တာ။ တို့စရေးတုန်းက ၁၉၆၅၊ ရှုမဝ နဲ့ သွေးသောက်ရှိတယ်။ ဟိုဘက်ကို ပြန်ကြည့်လိုက်တော့ မြဝတီ နဲ့ ငွေတာရီ ရှိတယ်။ တို့က မြဝတီနဲ့ ငွေတာရီမှာ မရေးဘူး။ ကိုယ့်မူနဲ့ကိုယ်ပေါ့။ ရှုမဝပဲရေးတယ်။ သွေးသောက်လည်း မရေးဖြစ် ခဲ့ဘူး။ ဒဂုန်မဂ္ဂဇင်း က ၁၉၈၀ ကျော်မှ ပေါ်တာ။ အဲဒီတော့ ရေးရတာ တော်တော်ခက်တယ်။ သူတို့ အရင်တုန်းက မူက တစ်မျိုး ရှိတယ်။ ရှုမဝက literature သူ့ဘာသာသူ သွားတယ်။ အဲဒီဘက်သွားတော့ အဲဒီအချိန်တုန်းက နာမည်ကြီးတဲ့ မေရီမြင့်တို့၊ ဇေယျာကြီးတို့အကြောင်း ပါစရာ မလိုဘူး။ တစ်ခါမှလည်း မပါဖူးဘူး။ ဒီခေတ်ကျတော့ တစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှု ရှိလာတယ်။ ခေတ်ကိုက တောင်းဆိုတာ။ မဂ္ဂဇင်းတွေက ကွာလတီကောင်းလာတယ်။ ကြော်ငြာလည်း ပါရမယ်။ စာအုပ် တစ်အုပ်က ၂၅၀၀ ရောင်းပေမဲ့ အကုန်အကျက ၃၅၀၀ လောက်ရှိတယ်။ စောင်ရေများများရိုက်လေ သူတို့ ထက်ရှုံးလေ ဖြစ်မှာပဲ။ ဘာနဲ့ ခုရမလဲဆိုတော့ ကြော်ငြာနဲ့ ခုရမယ်။ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ။ စာတွေက တော့ ပျံ့သွားတာပေါ့။ တို့လည်း အရင်တုန်းကဆို အကန့်နဲ့ ရေးတယ်။ အခုတော့ မဟုတ်ဘူး။ရတီမှာလည်း ရေးတယ်။ Facesမှာလည်း ရေးတယ်၊ Beaulty Max မှာလည်းရေးတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေများလာတော့ ရောသွားတဲ့ သဘောပါပဲ။ ပို့စ်မော်ဒန် သဘောကိုက pop culture နဲ့ high literature ပေါ့။ သူက အရောအနှောပဲ။ အင်ဒီဝါးဟိုးလ် တို့က စတာ။ ဆရာဇော်ဂျီလည်း ခဏခဏ ပြောတယ်။ အဆင့်မြင့် အနုပညာဆိုတာ မရှိတော့ဘူးတဲ့။ တကယ်တော့ high literature နဲ့ pop culture ရောသွားတဲ့ သဘောပါပဲ။ လက်ခံ ရမှာပါ၊ ဒါက ပြဿနာ မဟုတ်ဘူး။

အနာဂတ်မှာ ဆရာ ဘယ်လို စာတွေကို ဦးစားပေး ရေးဖွဲ့သွားချင်လဲ။
ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး ကြုံသလိုပေါ့လေ။ ကဗျာကတော့ အခုတလော သိပ်မရေးဖြစ်ဘူး။ ဝတ္ထုတိုဘက် အား သန်တယ်။ အဓိက ရည်းမှန်းကတော့ မော်ဒန်ဝတ္ထုရှည် ရေးဖို့ စီစဉ်ထားတာ ရှိတယ်။ အနည်းဆုံး သုံးအုပ်လောက်တော့ ရေးဖြစ်လိမ့်မယ်။

အောင်မြင်တဲ့ စာရေးဆရာဖြစ်ချင်တဲ့ သူတွေ၊ စာရေးဖို့ ဝါသနာပါသူတွေ အတွက် ဆရာ ဘယ်လို အကြံဥာဏ်မျိုး ပေးချင်ပါသလဲ။
များများဖတ်၊ များများရေးပေါ့။ အဲဒါ အဓိကကျပါတယ်။ လေ့ကျင့်မှုပေါ့။ practice makes perfect ပဲလေ။ များများ ရေးရင် များများ တိုးတက်လာမယ်။ များများရေးဖို့ ဆိုတာလည်း များများ ဝမ်းစာပြည့်ဖို့ လိုတယ်။ ဝမ်းစာပြည့်ဖို့ ဆိုတာ စာများများ ဖတ်ပြီး များများ ရေးကြည့်ပါလို့ ပြောချင်ပါတယ်။


credit: သွေး(စစ်ကိုင်း)
source: perfectmagazineonline.com

Sunday, July 3, 2011

သံသရာ

သူတို့ ...
ဘာမှမတော်ကြပါဘူး။
သူတို့မျက်နှာတွေက ခပ်ဆင်ဆင်
သူတို့ စကားလုံးတွေက ခပ်ဆင်ဆင်
သူတို့ ကောင်းကင်တွေက ခပ်ဆင်ဆင်
တစ်ယောက်ရဲ့ မျက်ရည်ကို
တစ်ယောက်က မီးလှုံကြ
တစ်ယောက်ရဲ့ အိပ်မက်ကို
တစ်ယောက်က ထွန်ယက်ကြ
တစ်ယောက်ရဲ့ ပင်လယ်မှာ
တစ်ယောက်က သောင်ထွန်းကြ
တစ်ယောက်ရဲ့ အသည်းနှလုံးကို
တစ်ယောက်က ဘာသာပြန်ကြ..။

သူတို့ ...
ဘာမှမတော်ကြပါဘူး
ကံက ကံမကောင်းဘူးတဲ့
လမ်းဟာ လမ်းပျောက်နေတယ်တဲ့
သူတို့ ...
ဘာမှမတော်ကြပါဘူး။

သစ္စာနီ (အနုပညာဂျာနယ်၊ အမှတ် ၁ဝဝပြည့်)

ရီဆက်ရှင်း တောလား


ယနေ့ကမ္ဘာတွင် အကျယ်ဆုံးကြားနေရသော အသံမှာ ရီဆက်ရှင်း (Recession) ဖြစ်သည်။ နိုင်ငံခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ကုန်သည်ကြီးတွေ၊ နိုင်ငံရေး သမားတွေ၊ တတ်သိသူတွေ တဖွဖွ ပြောဆိုနေကြသည်။ မြန်မာနိုင်ငံမှာလည်း အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သတင်း မီဒီယာတွေ အပေါ် ဤအကြောင်းက ရောက်ရှိလာသည်။ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ကျဆင်းမှု ဆိုတာကို မသိမကြားဖူး သော်လည်း ခေါင်းရွက် ဗျက်ထိုး ပျံကျ ဈေးသည်လေး များသည်ပင် ကိုယ်တွေ့ကြုံကြရသည်။ အားလုံးလိုလိုပင် ဈေးရောင်း မကောင်းဟု ညည်းညူသံတွေက ယိမ်းတိုက်ထားသလို ပြိုင်တူ ထွက်ပေါ်လာသည်။ ယနေ့ကြုံတွေ့နေရသော ရီဆက်ရှင်းမှာ (၂ဝဝ၈) စက်တင်ဘာက အမေရိကန်ရှိ ဘဏ်ကြီးတစ်ခု ဖြစ်သော လေမန်းဘဏ် ပြိုလဲခြင်းမှ အစပြုခဲ့သည်။ ယင်းမှ ဥရောပနှင့်အာရှ အာဖရိကနိုင်ငံများသို့ ကူးစက်ကာ ဂလိုဘယ်ရီဆက်ရှင်း (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်း (Global Financial Crisis) အဖြစ်ကူးပြောင်းခဲ့သည်။ သူ့ရိုက် ခတ်မှုက ဆူနာမီလှိုင်းလုံးထက် ပြင်းသည်။ အပျက်အစီးဆုံးရှုံးမှု ပိုကြီးမားသည်။ (၁၉၃ဝ) ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သော မဟာစီးပွားပျက်ကပ်ကြီး (The Great Depression) ၏ နောက်ပိုင်းတွင် အဆိုးရွားဆုံး အဖြစ်အပျက်ဟု သတ်မှတ်ကြသည်။ ကမ္ဘာ့ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) ၏အဆိုအရ ယခုနှစ်၂ဝဝ၈ စီးပွားရေးတိုးတက်မှုနှုန်းမှာ ဝ.၅ သာရှိမည် ဟုခန့်မှန်းရာ အနှစ်၆ဝအတွင်း အနိမ့်ဆုံးဖြစ်နေလေသည်။ ဒုတိယကမ္ဘာစစ်၏ နောက်ပိုင်း တွင် အဆိုးရွားဆုံး အခြေအနေဟု ဆိုသူကဆိုသည်။ ၂ဝရာစုအတွင်းတွင် စီးပွားရေး ကျဆင်းမှု(၉)ကြိမ်ကြုံခဲ့ရသည်။ ယင်းမှာယာယီအကျပ်အတည်း (Shortterm Crisis) ဖြစ်ကာ အချိန်တန်တော့ ဖြတ်ကျော်နိုင်ခဲ့သည်ချည်းဖြစ် သည်။ ယခုအကျပ်အတည်းမှာ (၂၁)ရာစုအတွင်း ပထမဦးဆုံးအကျပ်အတည်းပင်ဖြစ်ရာ ဘယ်လိုကျော်လွှားမလဲ အဖြေရှာကြသည်။

ကမ္ဘာပေါ်တွင် ကုန်ထုတ်စီးပွားနှင့် ဘဏ္ဍာစီးပွား (ငွေကြေးလှုပ်ရှားမှု) ဟူ၍ နှစ်မျိုး နှစ်စားသာရှိသည်။ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း (ကုန်သွယ်ခြင်း)မှာ လူ့အဖွဲ့အစည်း အတွက် အခြေခံကျသော စီးပွားရေးဖြစ်သည်။ လူ့သမိုင်းတွင် ဦးစွာပေါ်ခဲ့သော စီးပွားရေးလည်း ဖြစ်သည်။ တိုးတက်သောကမ္ဘာတွင်မူ ဘဏ္ဍာ စီးပွားကဏ္ဍမှာ အင်အားကြီးထွား လာသည်။ ဘဏ်ငွေချေးမှု၊ အက်ဆက်နှင့် စတော့ရှယ်ယာ အရောင်းအဝယ်သည် ရှေ့တန်း ရောက်လာသည်။ ယနေ့ဘဏ္ဍာ စီးပွားဟုခေါ်နိုင်သည့် ကမ္ဘာ့ငွေကြေးရပိုင်မှု (နိုင်ငံခြား ငွေဈေးကွက်တွင် နေ့စဉ် လည်ပတ်နေသော ငွေကြေးပမာဏမှာ ဒေါ်လာ (၄)ထရီလီယံ ရှိသည်။ ယင်းမှာ ကမ္ဘာ့ကုန်ထုတ် စီးပွားတန်ဖိုးတွက် (၄)ဆ ရှိလေသည်။ ဒီတော့လှေမျောလှေ နှင့်လိုက်သလို ငွေမျောငွေနှင့်လိုက်ဖို့ ကြံကြသည်။ လက်ရှိအခြေအနေမှာ ဘဏ်တွေက ငွေချေးမရ၊ ငွေသားတွေကို ငွေကြေး အဖွဲ့ အစည်းတွေက ဆုပ်ကိုင်ထားကြသည်။ ငွေလည်ပတ်မှုသာ မရှိလျှင် ယန္တရားမှာရပ်ဆိုင်း ရပေလိမ့်မည်။ အမေရိကန်သမ္မတ အိုဘားမားသည် စီးပွားရေးနာလန်ထ ကော်မတီ (Economic Recovery Committe) ကိုဖွဲ့စည်းကာ ဘဏ်လုပ်ငန်းနှင့် ကားလုပ်ငန်းလို လုပ်ငန်းကြီးများ အပါအဝင် ကူညီကယ်တင်ဖို့ ရန်ပုံငွေ (၇၈၇)ဘီလျံ လျာထားကြောင်း ကြေညာသည်။ တချို့ကတော့ ဤငွေကြေးပမာဏမှာ မနည်းလှဟု ဆိုနိုင်သော်လည်း တကယ့်အခက်အခဲက ကယ်တင်ဖို့အတွက်တော့ လုံလောက်မှုမရှိဟု ဝေဖန်သည်။ အမေရိကန်သမ္မတနှင့် နှစ်ကိုယ်ကြား ဖုန်းစကားပြောပြီး နောက်တစ်နေ့တွင် တရုတ်သမ္မတ ဟူကျင်တောင်ကလည်း ဤစီးပွားရေးကျဆင်းမှုကို ကယ်တင်ရန် (၂)နှစ်အတွင်းဒေါ်လာ ဘီလျံ(၅၈၆)ဘီလျံ အသုံးပြုမည့်အကြောင်း ထုတ်ဖော်ပြောလာသည်။ တရုတ်သည် အမေရိကန်အစိုးရထံမှငွေချေးစာချုပ် (၇၃၉)ဘီလျံ ဝယ်ယူထားကာ အရံနိုင်ငံခြားငွေ (၁)ထရီလီယံရှိလေသည်။ လက်ရှိ အခြေအနေအရသူသည် ဒေါ်လာကို အမှီပြုနေရသည်။ ဂျပန်ဝန်ကြီးချုပ်က စီးပွားပျက်ကယ်ဆယ်ရေး အတွက် ဒေါ်လာ(၅၄၇)ဘီလျံသုံးဖို့ လျာထား သည်။ လွှတ်တော်က ဂျပန်နိုင်ငံသားတိုင်းကို တစ်ဦးလျှင် (၁၂၁)ဒေါ်လာ ပေးကမ်း ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုင်းက ဒေါ်လာ(၃)ဘီလျံကျော်ကျော်၊ မလေးရှားက (၂.၇)ဘီလျံသုံးစွဲမည်ဟု ဘဏ္ဍာ ရေးဝန်ကြီးတွေက ကြေညာသည်။ ယင်းမှာမြွေကိုက် ခံရသူကိုအရေးပေါ်ကုသပုံနှင့်သာ တူသည်။ မြွေဆိပ်ဖြေဆေးကို အချိန်မီထိုးပေးနိုင်ဖို့ လိုသေးသည်။

တစ်နွယ်ငင်တစ်စင်ပါဖြစ်သည်။ အာရှနိုင်ငံများသည် ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အမှီပြုနေရသည်။ (ထိုင်းစီးပွားရေးတွင် ပို့ကုန်ကဏ္ဍမှာ (၇ဝ) ရာခိုင်နှုန်းရှိသည်) ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ (၃၅)ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဆိုနီကုမ္ပဏီသည် ယခုနှစ်၌ ဒေါ်လာ (၃)ဘီလျံကျော် ဆုံးရှုံးမည်ဟု ခန့်မှန်းသည်။ အမေရိကားနှင့် ဥရောပမှာ စီးပွားရေးကပ်ပျက်ကြောင့် ဝယ်လိုအား ကျဆင်းကုန်သည်။ ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်ကုန်သည်။ အဘက်ဘက်က ယိုယွင်းကျဆင်းသည့် အထဲတွင် ခရီးသွားလုပ်ငန်းတွေလည်း ပါသည်။ လေယာဉ်ကုမ္ပဏီတွေ အရှုံးပေါ်သည်။ ထိုင်းတွင် ဟိုတယ်(၁ဝဝ)ကျော် ပြန်ရောင်းရတော့မည်ဟု ဆိုသည်။ အဆိုးဝါးဆုံးမှာ ကမ္ဘာအရပ်ရပ်တွင် အလုပ်လက်မဲ့ဦးရေ တစ်ဟုန်ထိုး မြင့်တက်လာခြင်း ဖြစ်သည်။ (၁၉၃ဝ)စီးပွားပျက်ကပ်တွင်လည်း ဤလိုအဖြစ်မျိုး ကြုံဖူးသည်။ စက်ရုံမှ အလုပ်ပြုတ်ကုန်သော အလုပ်သမားများသည် တခြားလုပ်ငန်းခွင် အသစ်များသို့ တိုးဝင်ရန် ကြိုးပမ်းကြသည်။ ထိုသို့တိုးဝင်နိုင်ရန် ပညာတတ်ဖို့နှင့် ကျွမ်းကျင်ဖို့လိုသည်။ သို့ဖြင့်လုပ်ငန်းရှင် အသစ် အဆန်းများ ပေါ်ထွန်းလာသည်။ ဝန်ဆောင်စီးပွားရေး ဖွံ့ဖြိုးလာသည်။ အဆိုးထဲက အကောင်းဖြစ်သည်။ ယခုလည်းဂျီ(၂ဝ) ဆွေးနွေးပွဲ လန်ဒန်တွင် ကျင်းပသည်။ အလုပ်လက်မဲ့ ပြဿနာကြောင့် အာရှ၊အာဖရိတွင် လူမှုရေးမငြိမ်သက်မှုများ ဖြစ်ထွန်းလာနိုင်သည်။ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနိုင်ရန် ကြိုးစားကြရမည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ပြောကြားချက်အရ (၂ဝဝ၉)ခုနှစ်တွင် ကမ္ဘာ၌အလုပ်လက်မဲ့ သန်း(၂ဝဝ)ခန့် ရှိလာမည်ဟု ဆိုသည်။ (၂ဝ၁ဝ)ပြည့်နှစ်တွင် အလုပ်အကိုင် သန်း (၉ဝ)ခန့် ဖန်တီးပေးရမည်ဟု ဆိုသည်။ စီးပွားရေးနာလန်ထူရန် ကြိုးပမ်းရာတွင် အလုပ်အကိုင် ဗဟိုပြုမဟာဗျူဟာကို ကျင့်သုံးဖို့ တိုက်တွန်းခြင်းဖြစ်သည်။ (၅)ရက်ကြာခဲ့သော ဒါးဗို့စ်ဖိုရမ် ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင်ကျင်းပခဲ့သည်)သို့ နိုင်ငံ(၉၆)နိုင်ငံမှ လူ(၂၅ဝဝ)ကျော်တက်ရောက်ခဲ့သည်။ ထိုအထဲတွင် နိုင်ငံခေါင်းဆောင် (၄၁)ယောက် ဝန်ကြီး(၆ဝ)နှင့် ကုမ္ပဏီ(၁၄ဝဝ)ကျော်မှ ဥက္ကဋ္ဌတွေ၊ စီအီးအိုတွေ ပါဝင်သည်။ စီးပွားရေးပညာရှင်တွေလည်း တက်ရောက်ကာ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် နည်းလမ်းများ ရှာဖွေခဲ့သည်။ တခြားနိုင်ငံများမှာ အထိနာသည်ဆိုသော်လည်း လက်ရင်းကျသည့် အမေရိကား၊ ဥရောပစသည့် နိုင်ငံကြီးတွေလောက် မဆိုး။ အထူးသဖြင့် ခေတ်သစ်တွင် စီးပွားရေးအင်အား ကြီးနိုင်ငံတွေဖြစ်လာသော အိန္ဒိယ၊တရုတ်နှင့် ဘရာဇီးတို့ အခြေအနေမှာမဆိုးလှ။ ယင်းမှာ ထိုနိုင်ငံကြီးများ၌ဘဏ်လုပ်ငန်းစနစ်များ ခိုင်မာ ခြင်းနှင့် ကြီးမားသောပြည်တွင်းဈေးကွက် ရှိနေ ခြင်းဆိုသော အချက်များကြောင့် ဖြစ်နေတာ တွေ့ရ၏။ ထို့ကြောင့်ပြည်ပပို့ကုန်နေရာမှ ပြည်တွင်းဈေး ကွက်တိုးချဲ့ဖို့ပြင်ဆင်ကြသည်။ ထိုမှတစ်ဆင့် Economic Nationalism စီးပွားရေးဆိုင်ရာအမျိုးသားများ ပြန်လည်ထွန်း ကားလာမှာစိုးရိမ်ရသည်။ ကိုယ်ကျိုးစီးပွားကာ ကွယ်ရေးကို နိုင်ငံတိုင်း ရှေ့တန်းတင်လာကြလျှင် စီးပွားပျက်ကပ်မှာ ရေနစ်သူ ဝါးကူထိုးသကဲ့သို့ ဖြစ်ပေလိမ့်မည်။ တရုတ်ကို ဥပမာယူ၍ အစိုးရက စီးပွားရေး၌ ဝင်ရောက် စွက်ဖက်ရေးမူကို နိုင်ငံတချို့က ယိမ်းညွတ်လာဖွယ်ရှိသည်။ ဒါဆို Laissez Faire အယူ ဝါဒမှာ မျက်နှာငယ်စရာ ဖြစ်လာလိမ့်မည်။ ဤကြားထဲတရုတ်က ဒေါ်လာအစားခိုင်မာသည့် ကမ္ဘာ့ငွေကြေး စနစ်တစ်ခု အစားထိုးဖို့ တောင်းဆိုလာသည်။ နိုင်ငံအများစုက လက်မခံနိုင်။ ပြဿနာတွေက အများကြီး။

(၂ဝဝဝ)ပြည့်နှစ်က (၁၈၆)နိုင်ငံမှ ခေါင်းဆောင်တွေ စုဝေးဆုံးဖြတ်ကာ သဘောတူခဲ့ကြသော ထောင်စုနှစ်ပန်းတိုင်များ (ဆင်းရဲမွဲတေမှုပပျောက်ရေး) အစီအစဉ်များ၊ ဤအတိုင်းဆို ရွှေပြည်တော် မျှော်တိုင်းဝေးပုံ ဆိုက်နေ၏။ ကမ္ဘာ့ဘဏ်က ဆင်းရဲသောနိုင်ငံများပိုမို အထိနာမည်ဟု သတိပေးသည်။ တစ်နေ့တစ်ဒေါ်လာ အောက်ဝင်ငွေရသူ၊ နောက်ထပ်လူ (၄၆)သန်း၊ တစ်နေ့ (၂)ဒေါ်လာအောက် ဝင်ငွေရသူ (၅၃)သန်း တိုးလာဖွယ်ရှိသည်ဟု အကဲ ဖြတ်သည်။ အဲဒီကြားထဲ နူရာဝဲစွဲဆိုသလို၊ သဘာဝ ဘေးအန္တရာယ်တွေသာမက၊ A/H1N1 လိုကူးစက်ရော ဂါတွေကပါ ကမ္ဘာကြီးကို ဖိစီးနှိပ်စက်လာရာ ဤအတိုင်းဆိုတော်တော်နှင့် နာလန်ပြန်ထူနိုင်ပါ့မလားဟု စိုးရမ်သူက စိုးရိမ်ကြ၏။ ဘာလီတွင် ကျင်းပသည့် အာရှ ဖွံ့ဖြိုး ရေးဘဏ် (ADB)အစည်းအဝေးတွင် ဆင်းရဲတွင်း သက်ဆင်းရမည့်သူ သန်း(၁၆ဝ) ရှိလာမည်ဟု ခန့်မှန်းထား၏။ Financial Crisis မှ Mental Crisis သို့ ကူးပြောင်းသွားနိုင်သည်။

စီးပွားရေး အကျပ်အတည်းမှ လူမှုရေးပြဿနာ အထွေထွေ ပေါက်ဖွားလာနိုင်သည်။ စီးပွားရေး ကျပ်တည်းမှုကြောင့် ဗြိတိန်တွင် ခါးပိုက်နှိုက်၊ ခိုးဝှက်မှု၊ ဖောက်ထွင်းမှု၊ ဓား ထောက်လုယက်မှုတွေ (၂၅)ရာခိုင်နှုန်း တိုးမြင့်လာသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ (၂ဝဝ၈)နောက်ဆုံး သုံးလအတွင်း ဖောက်ထွင်းမှု (၇၅၆ဝဝ) အကြိမ် ဖြစ်ပွားခဲ့လေရာ (၂)မိနစ်တစ်ကြိမ် ဖြစ်နေတာနှင့်ညီမျှနေ၏။ လုယက်မှုမှာ နာရီဝက် တစ်ကြိမ်ဖြစ်နေသည်။ ကိုရီးယားတွင် ပြည်တော်ချစ် မင်းသားမင်းသမီးတွေ အပါအဝင် ကိုယ့်ကိုယ်ကို သတ်သေမှုတွေဖြစ်ပွားနေရာ (လူတစ်သိန်းလျှင် (၂၂)ဦးနှုန်း သတ်သေကြသည်) အများစုမှာ စီးပွားရေးကြောင့်ဖြစ်လေသည်။ စင်ကာပူ၊ ဟောင်ကောင်တို့တွင် လည်း သတ်သေကြသည်။ အာရှတွင် ဂျပန်သည် သတ်သေမှုအမြင့်ဆုံးဖြစ်၏။ (၁၉၉၈)ခုနှစ် စီးပွားရေး အကျပ်အတည်းကာလက လူသုံးသောင်းကျော် သတ်သေခဲ့ကြသည်။ တစ်လောကစီးပွားရေးကြောင့် သတ်သေကြသည့် မီလျံနာများကိုယ်တိုင် တွေ့လိုက်ရသည်။ စီးပွားပျက်ကပ်ကား ဆင်းရဲမွဲတေသူများ အပေါ်သာ ရိုက်ခတ်သည်မဟုတ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်း ဘီလျံနာစာရင်းတွင် (၂ဝဝ၈)က ဘီလျှံနာ (၁၁၂၅)ဦးရှိခဲ့သော်လည်း ယခု (၂ဝဝ၉) တွင် ၇၉၃ဦးသာ ရှိတော့၏။ ထိုသူတွေမှာလည်း သူတို့၏ပစ္စည်း ပိုင်ဆိုင်မှုမှာ တစ်ဝက်ခန့် လျော့ကျသွား၏။ ဥပမာကမ္ဘာ့ နံပတ်တစ်သူဌေးကြီး ဝါရန်ဘူဖောသည် ဒေါ်လာ (၂၅)ဘီလျံ ဆုံးရှုံးခဲ့သည်။ ဒုတိယဖြစ်သည့် ဘီလ်ဂိတ်က (၁၈)ဘီလျံဆုံးရှုံးခဲ့၏။ (ထိုကိစ္စကြောင့် ဘီလ်ဂိတ်သည် နံပတ်တစ်နေရာ ပြန်ရောက်သွားလေသည်)။ ဤကပ်ဆိုးကြီးမှာ ဆက်ကုမရသောရောဂါ မဟုတ်ပါ။ ဘယ်လောက် ရှည်ကြာဦးမည်နည်းဆိုသော် (၂)နှစ်(၃)နှစ်ထက် ပိုစရာမရှိ။ ယခုပင်တချို့နေရာများ၌ တည်ငြိမ်မှုရကာ တချို့နေရာများ၌ တိုးတက်မှုရနေလေပြီ။ ဤအခက်အခဲမှာ ကျွန်ုပ်တို့မကျော်လွှား မဖြတ်သန်းနိုင်သော အခက်အခဲမဟုတ်ချေ။ လူ့သမိုင်းသည် ဤသို့ပင် တိုးတက်ဖြစ်ထွန်း၍ နေလေသည်။

သစ္စာနီ (ရီဆက်ရှင်း တောလား)

source: snapshot-news.com

နှင်းဆီ တစ်ပွင့်ထဲမှာ

နှင်းဆီ တစ်ပွင့်ထဲမှာ
ဖျားလို့တုန်နေတဲ့ မိုးကုတ်စက်ဝိုင်းရှိတယ်။

နှင်းဆီ တစ်ပွင့်ထဲမှာ
တွဲလောင်းဆွဲထားတဲ့ ဗျောက်အိုးရဲ့ ဆူပူမှုရှိတယ်။

နှင်းဆီ တစ်ပွင့်ထဲမှာ
ဂျက်လေယာဉ်ရဲ့ တဒီးဒီးမြည်တဲ့ အသံရှိတယ်။

နှင်းဆီ တစ်ပွင့်ထည်းမှာ
ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ရဲ့ မြေပုံရှိတယ်။

နှင်းဆီ တစ်ပွင့်ထဲမှာ
မိန်းမဝတ် ဘော်လီထဲက ထွက်လာတဲ့ လက်နက်ရှိတယ်။

နှင်းဆီ တစ်ပွင့်ထဲမှာ
နှင်းဆီမရှိဘူး။ ။

သစ္စာနီ (ဂျပန် ခေတ်ပေါ်ကဗျာ စာအုပ်)


ဂျပန်ကဗျာဆရာ အရှိယိုအန်ဒို ၏ ကဗျာကို မြန်မာပြန်ဆိုထားခြင်းဖြစ်သည်။

နာရေး

ခေါင်းလည်း ကျလို့ရ
ပန်းလည်း ကျလို့ရတဲ့
ဒင်္ဂါးပြား တစ်ခုလိုပေါ့လေ။

လူတွေ...
အေးရာအေးကြောင်း ရှာပုံက
လေငင်ရာ ယိမ်းလို့
တစ်ယောက်နဲ့ တစ်ယောက် ထိပ်ပုတ်
ခေါင်းပုတ် လုပ်လို့

လူတွေ...
အေးရာအေးကြောင်း ရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့ လှော်လို့။

လူတွေ...
အေးရာအေးကြောင်း ရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မြော်လို့။

မြက်ခင်းစိမ်းစိမ်းတွေ ဖုံးနေတဲ့ မြေပုံမို့မို့
မနက်ဖြန်ကို
အဲ့ဒီမှာ မြှုပ်ခဲ့တာပေါ့။ ။


သစ္စာနီ(IMAGE မဂ္ဂဇင်း၊ ဇန်နဝါရီ ၂၀၀၃ )

နစ်ရှေးရဲ့ ပင်လယ်


ပင်လယ်ဆိုတာ...
ရေကူးတတ်ဖို့ မလိုဘူးတဲ့
နစ်ရှေးရဲ့ ပင်လယ်က ပြောတယ်။

အဲဒီ နစ်ရှေးရဲ့ ပင်လယ်ဟာ
ဇယသုစတြမှာ မွေးတာတဲ့
ဟစ်တလာနဲ့ သူငယ်ချင်းတဲ့
(ဒီတော့ ပန်းချီကားအတုလည်း လုပ်တတ်မှာပေါ့လေ)
သူက
နှုတ်ခမ်းမွှေးတော့ မရှိရှာဘူး။

နစ်ရှေးရဲ့ ပင်လယ်ဟာ
စင်ရော်ကို မမြင်ဖူးဘူးတဲ့
(စင်ရော်တွေက သူ့ဆီမလာတာလည်း ဖြစ်နိုင်တာပဲ)။

နစ်ရှေးရဲ့ ပင်လယ်ဟာ
ဟင်းခွက် သုံးရာပြည့်မှ
ပွဲတော်တည်တယ်တဲ့
(ငါးမန်းတောင် ဟင်းချိုမပါ)။

နစ်ရှေးရဲ့ ပင်လယ်ဟာ
ရေကူးကန်နဲ့အိမ်ကြီးမှာ နေတယ်
အဲဒီမှာ
နာမည်ကျော် “သင်္ဘောပျက်များ သမိုင်း” ကျမ်းကို
ရေးခဲ့တယ်
(အဲဒီစာအုပ်က ရေညှိမတက်တော့ဘူးတဲ့)။

နစ်ရှေးရဲ့ ပင်လယ်ဟာ
ဝံပလွေ လာဆင်နဲ့ နှစ်ယောက်ထဲချိန်း
ဂေါက်ရိုက်ရင်း လေချွန်နေတတ်တယ်
တေးသွားအလိုက်
“ဘုန်းမိုးသွန်းလောင်း” နဲ့ ခပ်ဆင်ဆင်

နစ်ရှေးရဲ့ ပင်လယ်ဟာ
ပြင်သစ်တော်လှန်ရေးနဲ့ ရန်ဖြစ်တယ်
ကွန်ပျူတာ သင်တန်းလဲ မတက်ဘူး
တစ်ခါတစ်လေ
မုန်တိုင်းကို ဝိုင်လုပ်သောက်တယ်
ဒါပေမယ့်
သောင်ပြင်မှာ သူသိမ်မွေ့နေပုံကတော့
ကျောသပ်ခံရတဲ့ ကြောင်လေးတစ်ကောင်လိုပဲတဲ့။

နစ်ရှေးရဲ့ ပင်လယ်ဟာ
ထာဝရဘုရားသခင်ကို ရေနှစ်သတ်ခဲ့တာ ငါပေါ့ လို့
မကြာခဏ
လှိုင်းတွေ ထ, ထပြတတ်တယ်။

ဒါပေမယ့်
နစ်ရှေးရဲ့ ပင်လယ်ဟာလည်း
အနိစ္စကိုတော့ မလွန်ဆန်နိုင်ရှာဘူး
(ပင်လယ်ဟာ ကမ်းခြေကို မလွန်ဆန်နိုင်သလိုပေါ့လေ)။

သူသေတာ
မြစ်တွေမစီးတဲ့ ရောဂါနဲ့တဲ့။
နစ်ရှေးရဲ့ ပင်လယ်မှာ
နာမည်ရှိသေးတယ်
(ဘာဆိုလား...)
ကျုပ်တော့ ခပ်မေ့တေ့တေ့ပဲ။

သစ္စာနီ (ဟန်သစ် – ဒီဇင်ဘာ၊ ၂၀၀၃)

ဆောင်း

စိမ့်အေးမှုဟာ သူ့သွားနဲ့
တို့ရဲ့ အရိုးကို ကိုက်ထားတယ်။

ရတုဦးဟာ
ပြာနှမ်းနှမ်း ယိုစီးလို့၊

ကောင်းကင်မှာ
နေမင်းဟာ အခဲပြုလို့၊

မြောက်လေရဲ့ တောင်ပံစိုစိုမှာလည်း
နှင်းဆီရနံ့အစက်များ ပြောက်စွန်းလို့၊

နှင်းကြောင့် ငွေရောင်ပျော်ဝင်နေတဲ့ မနက်ခင်းဟာ
(အသံအေးခဲ) တေးမြုံငှက်များနေရာ
မိုးမခပင် အရွက်များအကြား
လဲကျသွားလို့ပေါ့၊

အရာဝတ္ထုတိုင်းဟာ
အေးစက်မှုမှာ လောင်ကျွမ်း
ငြီးငွေ့ဖွယ်ရာ တွန့်လိမ်
မြူထဲမှာ ဆိတ်ငြိမ်နေရဲ့။

သစ္စာနီ (ဒီရေစီးသံ မဂ္ဂဇင်း - အမှတ်(၁) ၁၉၉၀)

Monday, May 16, 2011

အတ္ထုပ္ပတ္တိမဲ့  မှန်တစ်ချပ်


ခင်ဗျားအနေနဲ့  အပျင်းပြေလို သဘောထားနိုင်ပါတယ်။ တစ်ကယ်လည်း ကျုပ်တို့အားလုံး ပျင်းနေကြတယ် မဟုတ်လား။ မနက် ခင်ဗျား အိပ်နေကျ အိပ်ရာပေါ်က နိုးလာတဲ့အခါ အခန်းထဲမှာ ရောက်နှင့်နေတဲ့ နေရောင်ခြည်က မနေ့ကနဲ့ မတူဘူးလား။ လေကို ရှူရှိုက်ကြည့် တော့လည်း ခါတိုင်းရနေကျ ရနံ့ပဲ မဟုတ်လား။ အိမ်ရှေ့ ကတ္တရာလမ်းပေါ် ဖြတ်သန်းသွားနေတဲ့ မော်တော်ကားတွေက ထွက်တဲ့ အိတ်ဇောအနံ့ ရယ်၊ နောက်ဖေးလမ်းကြားက ပုပ်အဲ့အဲ့အနံ့ရယ်၊ ခင်ဗျားရဲ့ အခန်းထဲက ညှင်းသိုးသိုး မှိုနံ့ရယ် ရောနှောလို့။

လေကောင်းလေသန့် ရလိုရငြား အိပ်ရာကထပြီး ဘေးပြတင်းပေါက်ကို တွန်းဖွင့်လိုက်ဦး၊ မြင်နေကျ မြင်ကွင်းတွေက ဆီးကြို မနေဘူးလား။ အိမ်ခေါင်မိုးတွေပေါ်က ပြည့်ပြည့်ဝဝ မမြင်ရတဲ့ ကောင်းကင်က ပြာမှိုင်းမှိုင်း။ အဲ ခပ်စိမ်းစိမ်း သစ်ပင်ထိပ်ဖျားတချို့လည်း မြင်ရမယ်။ တိမ်တွေက လေးတိလေးကန် ခြေလှမ်းတွေနဲ့ ဦးတည်ရာမဲ့ လမ်းလျှောက်လို့။ ဟော ရုတ်တရက် ကန့်လန့်ဖြတ်ပျံသွားတဲ့ ငှက်တစ်အုပ်ကြောင့် မြင်ကွင်းဟာ ဖြတ်ခနဲ အသက်ဝင် လှုပ်ရှားသွားပုံကအစ ကြုံဖူးပြီးသားနဲ့ တစ်ထေရာတည်း တူနေတယ်မဟုတ်လား။ အသံကိုရော နားထောင်ကြည့်ပါဦး။ ဈေးသည်တချို့ အော်သံ၊ ကလေးငိုသံ၊ ကားဟွန်းသံ၊ ခွေးဟောင်သံ၊ ရုပ်မြင်သံကြားဖွင့်သံ၊ အိမ်နီးနားချင်း လင်မယား ရန်ဖြစ်သံ၊ ငှက်မြည်သံ၊ လေတိုးသံ။ ဒါတွေပဲ မဟုတ်လား။ ဘာများ ထူးလို့လဲ။

ဒါပေမယ့် ဒီဘက်မှာ (ဒီနေ့ကျုပ်ဖြစ်ရတဲ့ကိစ္စ) အပျင်းပြေသဘောထက်တော့လည်း မကဘူးလို့ထင်တယ်။ ကျွန်တော့မှာ မှန်တစ်ချပ်ရှိတယ်။ မှန်တစ်ချပ်ကတော့ သူတို့မှာလည်း ရှိတယ်။ ခင်ဗျားမှာလည်း ရှိတယ်။ လူအားလုံးမှာ လွယ်လွယ်ကူကူရှိနိုင်တဲ့ အရာပါပဲ။ အမှန်တော့ မှန်တွေအကြောင်းကို ကျွန်တော်ကောင်းကောင်းမသိပါဘူး။ မှန်ဆိုတာ ဘာနဲ့ လုပ်ထားမှန်းတောင် မသိပါဘူး။ ထားပါတော့။ မှန်တော့ ကြည့်တတ်တယ်ပေါ့။ မှန်ဆိုတာ လူ့သမိုင်းမှာ ကျောက်ခေတ်ကတည်းက ပေါ်တဲ့အရာလို့ထင်တာပဲ။ ပြောင်လက်အောင် ပွတ်တိုက်ထားတဲ့ ကြေးပြားပေါ်မှာ ထင်နေတဲ့ အရိပ်ကို ကြည့်မှာပေါ့။ ဒါကြောင့် ကြည့်မှန်တွေကို ကြေးမုံလို့ ခေါ်ကြတာ ထင်တယ်။

ဒါတွေ မတိုင်မီကတော့ ကြည်လင်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ကြည့်ချင်ကြည့်နေလိမ့်မယ်။ ကျုပ် ပြောချင်တာကတော့ လူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာ၊ ပြန်မြင်ရတာကို ခေတ်အဆက်ဆက်က ဝါသနာထုံခဲ့ တယ်ဆိုတာပဲဗျ။ ခက်တာက အဲဒါပဲ။ ကျုပ်ကို ကျုပ် ပြန်ကြည့်ချင်လို့ မှန်ကြည့်တာ။ ကျုပ်ကို ကျုပ် မမြင်ရဘူးဆိုတာ မခက်ဘူးလား။ တကယ်တွေးကြည့်တော့ ဒီကိစ္စဟာ ရယ်စရာတော့ နည်းနည်းကောင်းသား။ ဒီနေ့ မနက်က ကျုပ် မှန်ထဲကို ကြည့်လိုက်တော့ မြင်ရတဲ့ရုပ်က ကျုပ် ရုပ်မဟုတ်ဘူးဗျ။ ဘယ်သူ့ရုပ် ဖြစ်နေသလဲ ဟုတ်လား။ အဲဒါကြောင့် ခင်ဗျားကို ပြောချင်နေတာပေါ့။ မှန်ထဲမှာ ကြည့်လိုက်လို့ ကျုပ်မြင်ရတဲ့ ရုပ်ဟာ ခင်ဗျားရုပ်ဖြစ်နေတယ်ဗျ။ ခင်ဗျား မယုံဘူးမဟုတ်လား။ ကျုပ်ပြောနေတာ အမှန်တွေပါ။

ကျုပ် လက်ဖက်ရည်ဆိုင် ထွက်လာခဲ့တယ်။ နီကျင်ကျင် လက်ဖက်ရည် တစ်ခွက်ရှေ့ရောက်လာတယ်။ ထိုင်နေကျဆိုင် ဆိုတော့ မှာပြုမနေရပါဘူး။ ကျုပ် ထိုင်လိုက်တယ်ဆို ကြည့်ဖျော်လိုက်တာပဲ။ ရှယ် မဟုတ်ဘူး။ ချက်နို့ဆီနဲ့ ဖျော်တဲ့ ရိုးရိုးလက်ဖက်ရည်ပါ။ ပြောမယ့်သာ ပြောရတယ်။ ကျုပ် လျှာကလည်း ဘယ်တုန်းကာလကမှ ချက်နို့ဆီနဲ့ လင်ခန်းမယားခန်းမြောက်သွားလဲမသိဘူး။ တစ်ခါတစ်လေ အဆင်ပြေတဲ့ မိတ်ဆွေတချို့က ဒကာခံရင်းတိုက်တဲ့ ရှယ်လက်ဖက်ရည်(ဘူးနို့ဆီ)ဆို သောက်မရချင်ဘူးတောင် ဖြစ်နေပြီ။ ချိုကျပြင်း လက်ဖက်ရည်ကို တစ်ငုံချင်း သောက်၊ သတင်းစာကို တောင်လှန် မြောက်လှန်ကြည့်၊ ဆေးပေါ့လိပ်ကို ဇိမ်ယူပြီးဖွာ၊ အဲဒီဆိုင်မှာ မနက်ခင်းတိုင်း တွေ့နေကျ လူတွေနဲ့ ပြောနေကျစကားတွေ ပြောလို့ ၊ (မနေ့ ညက ချန်ပီယံလိဂ် ဖလားပွဲမှာ ဘယ်အသင်းတွေ နိုင်ကြ ရှုံးကြတယ်ဆိုတဲ့ အကြောင်း အားကစားဂျာနယ် ပုံမှန်ဖတ်တဲ့ လူတွေနဲ့၊ ဂြိုလ်တုစလောင်း ပုံမှန် ကြည့်သူတွေရဲ့ လေသံက အကျယ်ဆုံးပေါ့။ မနေ့က တော်တော်ပူတဲ့ အကြောင်း၊ အိုဇုန်းလွှာ ပေါက်တာတို့၊ ဖန်လုံအိမ်အာနိသင် ဆိုတာလည်း ပါရသေးတယ်။ အဲဒီလို ပြောတဲ့လူကို အထင်ကြီးတယ်။ နောက်တော့ ခပ်တိုးတိုးပြောကြတဲ့ စကားတွေလည်း ရှိသေးတယ်။ နှစ်လုံး သုံးလုံးအကြောင်းပေါ့ဗျ။ ဒီရောဂါလည်း နေရခက်တဲ့ စာရင်းထဲပါနေပြီ။ ညက ကိုရီးယား ဇာတ်လမ်းတွဲအကြောင်း ပြောတဲ့ လူတွေလည်းရှိတယ်။ ဒါကတော့ မိန်းမနည်းနည်းဆန်းတယ်လို့ ထင်တာပဲ) ရေနွေးအိုး သုံးအိုး လောက်ကျတော့ အိမ်ပြန်လာတာပေါ့။

မိန်းမထည့်ပေးတဲ့ ထမင်းချိုင့်လေးဆွဲ၊ အလုပ်သွားပေါ့။ ချိုင့်ထဲမှာ ဘာဟင်းပါမလဲ တွေးမနေတော့ဘူး။ မိန်းမကလည်း သူ အဆင်ပြေတာ စီစဉ်ပေးတယ်။ ကျုပ်ကလည်း ကြုံရာနဲ့ စားတတ်နေပြီကိုး။ တစ်ခါတလေ စားခါနီး ထမင်းချိုင့်ဖွင့်ကြည့်မှ ဟင်းအကောင်းလေး ဘာလေးမြင်ရရင် အိမ်က မိန်းမကိုတောင် အံအားသင့်နေမိတယ်။ အပြန်ကတော့ ထုံးစံအတိုင်းပါပဲ။ ညနေဆို ကားဂိတ်တွေမှာ ရုံးတွေ၊ စက်ရုံ တွေက လွှတ်လိုက်တဲ့ အလုပ်သမားတွေ တပုံတပင်ကြီး။ ကားတစ်စီး ဆိုက်လာရင် ထန်းလျှက်ခဲကို ဝိုင်းအုံတဲ့ ယင်ကောင်တွေလိုပဲ တဝုန်းဝုန်းနဲ့၊ ကားတွေကလည်း အပြည့်အသိပ် တင်နိုင်သလောက်တင်ကြပါတယ်။ (သူတို့လည်း တွက်ခြေကိုက်တာကိုး)။ ဒါတောင် မှောင်စပျိုးမှ ကျုပ်တော့ အိမ်ပြန်ရောက်တယ်။ ကားပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် စီးခဲ့ရတော့ လူလည်း နုံးချိနေပြီ။ ဗိုက်ဆာနေပေမဲ့ ခဏ အပန်းဖြေပြီး ရေအရင်ချိုးရသေးတယ်။ အိမ်မှာ ရေပြတ်နေရင် ရေထည့်တဲ့လူ လိုက်ခေါ်ရသေးတယ်။ ကျွန်တော်တို့ ဆီမှာ အဝီစိရေကို အိမ်တိုင်ရာရောက် ပိုက်နဲ့ လိုက်ထည့် ပေးတယ်။ တစ်ထမ်းမှ တစ်ဆယ်တည်းရယ်။

မိန်းမကတော့ ကျုပ်အတွက် ထမင်းခူးပေးပြီးရင် ကလေးတွေ လက်ဆွဲပြီး တီဗွီရှိတဲ့အိမ် ပြေးပြီ။ သူလည်း(၇) နာရီလာတဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို စွဲနေပြီ။ သူ့မှာလည်း ဒီဖျော်ဖြေရေးလေးပဲ ရှိတာကိုး။ ကျုပ်ကတော့ မီးလေး ဘာလေး မပျက်တဲ့အခါ စာအုပ်လေး ဘာလေး ဖတ်ပေါ့။ နိုင်ငံတကာသတင်းလေးလည်း မျက်ခြည်မပြတ်စေနဲ့။ အိုစမာဆိုတာ ဘာမှန်းမသိ၊ အီရတ်ဆိုတာ ဘာမှန်းမသိရင်လည်း မဖြစ်သေးဘူး။ သတင်းနည်းပညာဆိုတဲ့ အိုင်တီခေတ် ရောက်နေပြီလို့ လူတွေပြောနေကြတယ် မဟုတ်လား။ များသောအားဖြင့်တော့ မီးပျက်တတ်တော့ စောစော အိပ်ရာဝင်ပေါ့ဗျာ။ ဒါပါပဲ။


အာ... ဒါ ခင်ဗျားအကြောင်းကို စောင်းပြောနေတာ၊ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေဗျာ။ တကယ်ပါ။ ပြီးတော့ မှန်ထဲမှာ ကျုပ် ကြည့်တာ ခင်ဗျားရုပ်ကိုပဲ မြင်နေရတာလည်း တကယ်ပဲ။ မယုံရင် ခင်ဗျားကိုယ်တိုင် မှန်ရှေ့  သွားရပ်ကြည့်လေ။ ကဲ... ယုံပြီမဟုတ်လား။ ကြည့်မှန်ထဲမှာ ခင်ဗျားရဲ့ရုပ် မဟုတ်လို့ အံ့အားသင့်နေပြီ မဟုတ်လား။ (အခု ခင်ဗျား မြင်နေရတာ) ဘယ်သူ့ရုပ်လဲ ဆိုတာရော သိချင်သေးလား။ အဲဒါ ကျုပ် ရုပ်ပဲဗျ။ ကျုပ် ရုပ်။

သစ္စာနီ (ဝတ္ထုတို - ၆၀)

Sunday, April 17, 2011

ရှုခင်းများ- ၁


သစ်ပင်ပုပုတွေနဲ့ 
လက်ဖက်ရည်ဆိုင်။
ထိုင်ခုံပုပုမှာ
ခပ်ပုပုလူတွေ ထိုင်လို့ ။
သူတို့ …
အရိပ်တွေသာ ရှည်လျားကြတယ်။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

ရှုခင်းများ- ၂


တိမ်တွေ…
မာယာကော့စကီးရဲ့
ဘောင်းဘီဝတ် မိုးတိမ်လား။
ရှင်ဥတ္တမကျော်ရဲ့
တောင်ရှည်ဝတ် မိုးတိမ်လား။
အိုး… သက်တန့် ငဲ့
ဂျူးရဲ့ တိမ်နှင့်ချည်သည့်ကြိုးလား။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

Saturday, April 16, 2011

ရှုခင်းများ- ၃


ကြိုးတန်းပေါ် လမ်းလျှောက်သူ
မီးကွင်းထဲ ဒိုင်ဗင်ထိုးသူ
ခြင်္သေ့ပါးစပ်ထဲ ခေါင်းလျှိုသူ
အမြှောက်ကျည်ဆံလုပ် အပစ်ခံသူ
ဓားပေါက်သူတွေလည်း ပါ
ခွေးလိမ္မာတွေလည်း ပါ
လူပြက်တွေလည်း ပါ
ဘင်တီးသူတွေလည်း ပါ
ဆက်ကပ် ကမ္ဘာကြီးဟာ ပျော်စရာ။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

Friday, April 15, 2011

ရှုခင်းများ- ၎


သဘောင်္ပျက်တွေ ရတနာတွေ
အရိုးစုတွေကို သိုဝှက်လို့
ပင်လယ်ဟာ…
မေ့လွယ်ပျောက်လွယ်တဲ့ လူတွေ
ကမ်းခြေမှာ...
လှိုင်းကို အပျော်စီးကြတယ်။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

ရှုခင်းများ- ၅


အများနဲ့တစ်ယောက်လည်း
သူပဲ နိုင်တာပဲ
ယုတ္တိဗေဒတွေ ဘာတွေဘေးဖယ်ထား
ဒါက ကောင်းဘွိုင်ကား။
တစ်ဘဝလုံးလွဲလည်း
သေနတ်ပစ်မလွဲရင် ပြီးတာပဲ။
ဂျွန်ဝိန်းကြီးအိုပြီ
မင်းသားအဖြစ်က
တစ်ပြားမှ မလျော့ဘူး။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

Monday, March 28, 2011

ရော့ခ်ကဗျာ (၂)


နီရိုးဘုရင်နဲ့ နက်ကျွန်း
(ပင်လယ်စောင့်နတ်) ကို ချီးမွမ်းဖို့
တိုက်တင်းနစ်သင်္ဘောဟာ နစ်မြုပ်ခဲ့
လူတိုင်းအော်ကြ ဟစ်ကြ
မင်းဘယ်နေရာ ရောက်နေသလဲ
အက်ဇရာပေါင်းနဲ့ အလိယောတို့
ကပ္ပတိန်ရဲ့  မျှော်စင်မှာ
ရန်ဖြစ်နေကြရဲ့ 
ကက်ဆိုရဲ့   သီချင်းသည်တွေ
ရယ်မောတဲ့ အခါ
တံငါသည်တွေရဲ့   လက်ထဲမှာ
ပန်းတွေကိုင်ထားရဲ့

သစ္စာနီ (စကားလုံးများနှင့် ဆော့ကစားခြင်း)

နီရိုးဆိုတာ ရောမမြို့ကြီး မီးလောင်တုန်းက စောင်းတီးမပျက်တဲ့ ဘုရင်ပါ။ တိုက်တင်းနစ်ဆိုတာ ဂရိပုံပြင်ထဲက နတ်တစ်ပါးရဲ့   နာမည်ယူထားတဲ့ ဧရာမ ဇိမ်ခံသင်္ဘောကြီး ကမ်းကခွါတဲ့ ပထမဆုံးအကြိမ်ပဲ နစ်မြုပ်သွားတယ်။  နတ်ကျွန်းနဲ့ ကက်ဆို  ဆိုတာလည်း ဂရိနတ်တွေရဲ့  နာမည်ပါ။ အက်ဇရာပေါင်းနဲ့ အလိယော့ဆိုတာကတော့ မော်ဒန်ကဗျာဆရာနှစ်ဦးပါ။

 

ရှုခင်းများ- ၆


ကောင်းကင်မှာ
တိမ်တွေ တရွေ့ရွေ့။
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့။
နာရီထဲမှာ
လက်တံတွေ တရွေ့ရွေ့။
မှန်ထဲမှာ
ငါ့မျက်နှာ တရွေ့ရွေ့။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

Sunday, March 27, 2011

အလွမ်းမပါတဲ့ ပြဇာတ်


ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြေညာမှ လူသိတယ်
“မင်းကို ငါချစ်တယ်”
ဒီမောင်းသံကြား
ပန်းများပွင့်စေသတည်း။

ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့
သူကလေးရဲ့ ငနဲလည်းဖြစ်ချင်
(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)
နောက်တော့
ပဉ္စရူပ တစ်ကောင်လည်းဖြစ်ချင်
အခုတော့ …

သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ
ရုတ်တရက် မလိုင်ကုန်သွားတာမျိုး
ပလာတာဆိုင်ကညှော်
ကော်နီရယ် တော်ရုံအော်ပါ။

ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့
လိင်ကိစ္စသာ မရှိခဲ့လျှင်
ဒီလောကကြီးမှာ အနေခက်မည်ပင်
စိန္တိတကထာ ကိုကြောက်ရ
မိုးပြိုမှာ ကိုကြောက်ရ
အကုသိုလ် ကိုကြောက်ရ
နောက်ဆုံး ကော်ဖီတစ်ခွက် ကိုတောင်ကြောက်ရ
(အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့)

(ပွဲတော်ကျရင် ဖောက်မယ်)
အကြွေနည်းနည်းထည့်ထားတဲ့
စုဘူးလေးတစ်ဘူး ငါပိုင်ဖူးတယ်။

“ရှင့်ကိုမချစ်ဘူး”
ရေနွေးပူလည်းလောင်ဖူးတယ်
ထီလက်မှတ်အဟောင်းတွေ ထူထပ်
နောင်တမဲ့ပုံပြင်တွေ ထူထပ်
ဘတ်စ်ကားပေါ်မှာ
ထိုင်စရာတနေရာရဖို့
တိုက်ပွဲစပါပြီ
မိုးလင်းကမိုးချုပ်
(အကြိမ်ကြိမ် ရှုံးနိမ့်၊ အကြိမ်ကြိမ် အနိုင်ရ)
လွင့်စဉ်သွားနေပုံက
ကလေးရဲ့လက်က လွတ်ကျတဲ့ အံစာတုံးလို။

အကြောတွေ အကုန်ဆန့်ထုတ်
ကျန်းမာအောင်လုပ်ရ
သေးသေးမျှင်မျှင်(လက်သန်းလောက်)
မြက်ကလေး တစ်ပင်ကလဲ
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုဆန့်ကျင်
ဒါဝင်ပြောခဲ့သလိုပေါ့။

လာမယ့်တနင်္ဂနွေနေ့လို သေချာခဲ့
ဟောဒီဂစ်တာမှာ
တစ်,ကြိုးဟာ လဲဖို့လိုနေ
ခင်ဗျားဆံပင် တိုဖို့လိုနေ
ဝမ်းနှုတ်ဆေးထဲမှာ
ပျားရည်တစ်ဇွန်း ပါဖို့လိုနေ
ကောင်းကင်ဟာ အရောင်ပြောင်းဖို့လိုနေ
...
ကြမ်းပိုးများတဲ့ အိပ်ရာပေါ်
မောင်ချောနွယ် ပျော်တာဆန်းတယ်။

သစ္စာနီ (ရုပ်ရှင်တေးကဗျာ – ၁၉၉၀)

Saturday, March 26, 2011

နေထိုင်ခြင်းမိတ္တူ


ဥခွံကိုမေ့တဲ့ ငှက်တွေကတော့
ဓာတ်ကြိုးတန်းပေါ်မှာ သီချင်းတွေဆိုလို့ပေါ့။

ခရမ်းရောင် သစ်တောအုပ်၏ အလွန်၌
သံပတ်ပေးထားသော အိပ်မက်များ
အသင့်ဖျော်သောက်နိုင်သော ပန်းပွင့်များ
ရေခဲရိုက်ထားသော နောင်တများ
ဇက်ကြိုးတပ်ထားသော တိမ်တိုက်များ
ကိုက်ထိုးရောင်းနေသော စကားလုံးများ
(ဆေးခိုင်ကြောင်း အာမ မခံ)
ချိုင်းထောက်နှင့် လိပ်ပြာများ
ကံစမ်းမဲပေါက်တဲ့ သခင်များ
ခရမ်းရောင် သစ်တောအုပ်၏ အလွန်၌
ဌီတို့၏ မြစ်ကား
သန္တတိ ဖြစ်၏။

ခရမ်းရောင်သစ်ပင် တစ်ပင်ကို
မနေ့က သင် စိုက်လိမ့်မည်။

သစ္စာနီ

လူ၏ကွန်တိုမျဉ်းများ


ခင်ဗျားထိပ်ပြောင်နေပြီ။ ဖိုတိုဂရေးမျက်မှန်အောက်က ဆင်တစ်ကောင်ရဲ့မျက်လုံးနဲ့တူတဲ့ မျက်ပေါက်ကျဉ်းကျဉ်းလေးတွေက ကြယ်သေနှစ်လုံးလို မွဲပြာပြာနဲ့။ နားရွက်က ခပ်သေးသေး။ 'လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရုပ်အဆိုးဆုံး အင်္ဂါအစိတ်အပိုင်းတွေဟာ နားရွက်တွေဘဲဗျ' လို့ ခင်ဗျားကြုံရင်ပြောတတ်တယ်။ (ဗင်ဂိုးဟာ သူ့နားရွက်တစ်ဖက်ကို လှီးဖြတ်ပစ်ခဲ့တယ်ဆိုတာ တကယ်တော့ ရူးသွပ်လို့မဟုတ်ဘူး။ ကပ်ဖကာရဲ့ အဖျားချွှန်ချွှန်နားရွက်ကြီးတွေကလည်း ကြည့်ရတာ ရယ်စရာကောင်းတာပဲ။ သိပံ္ပရုပ်ရှင်ကား တွေမှာပါတတ်တဲ့ တခြားကမ္ဘာကလာတယ်ဆိုတဲ့ သတ္တဝါတွေရဲ့ နားရွက်နဲ့တူတယ်။ လူတွေဟာ ရှက်တတ်မယ်ဆိုရင် ကိုယ့်နားရွက် အတွက် ကိုယ်ရှက်သင့်တယ်) ခင်ဗျားရဲ့လက်ချောင်းကလေးတွေကိုတော့ ခင်ဗျားသဘောကျပါတယ်။ သွယ်သွယ်လေးတွေ ဖြစ်တာရယ်၊ အဲဒီလက်ချောင်းလေးတွေက တဆင့် ခင်ဗျားရဲ့ ပါရမီတွေ လင်းဖြာခွင့်ရတာရယ် ကြောင့်ပေါ့။ လူက ခပ်ညှပ်ညှပ်။ ဒါပေမယ့် အဲဒီခန္ဓာကိုယ်လေးက အမှုန့်ကြိတ်ထားတဲ့ ကမ္ဘာတစ်ခုရယ် တိုးလျှိုးပေါက်ဖြစ်နေတဲ့ သဘာဝဓမ္မတရားရယ်၊ မကြားစေချင်တဲ့ ရယ်သံရယ်ကို လုံလုံခြုံခြုံ ထုပ်သိမ်းထားဖို့တော့ လုံလောက်တယ်ဆိုပါတော့။

ခင်ဗျားအဖေကတော့ စိတ်ပျက်လက်ပျက်ပြောမယ်။ 'ဒီကောင့်မှာ ငါနဲ့ တူတာရယ်လို့ ထိပ်ပြောင်တာပဲရှိတယ်'လို့၊ သူက ခင်ဗျားကိုနားမလည်ဘူး။ (အမှန်တော့ ဘယ်သူမှနားမလည်ဘူး) သားသမီးတွေထဲမှာ အကြီးဆုံး၊ ငယ်ငယ်တုန်းက အပျော့ဆုံးလို့ (ထင်ရတဲ့) ဒီကောင့်ကို ဘာဖြစ်လို့ သူလိုချင်သလို ပုံသွင်းလို့ မရခဲ့သလဲဆိုတာလည်း သူ့အဖို့ အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေတာကိုး။ ခင်ဗျားအဖေက ပေါက်ကွဲလွယ်တယ်။ စိတ်ထားနုတယ်။ ဒေါသကြီးတယ်။ စိတ်မထိန်းချုပ်နိုင်ဘူး။ တာဝန်ကိုကြောက်တယ်။ နှမြောတွန့်တိုစိတ်လည်း ရှိတယ်။ သူဟာ ပန်းတပွင့် အယောင်ဆောင် ထားတဲ့ ချိန်ကိုက်ဗုံးနဲ့တူတယ်။ သူအရွယ်ကောင်းကောင်း၊ ဗလကောင်းကောင်းတုန်းက သေးသေးညုက်ညုက် ကျောင်းသားလေးကို (တစ်နေ့ကျရင် အထက်တန်းစား စာရေးဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့) မကြာမကြာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ဖူးသူ။ သူဟာ တခြားဖခင်တွေလိုပါဘဲ။ သားသမီးကိုမွေးမြူဖို့ထက် စည်သွတ်ဘူးစက်ရုံမှာ အုပ်ချုပ်သူလုပ်ဖို့ ပိုသင့်တော်တဲ့လူပေါ့။ အခုတော့ ခင်ဗျားအဖေမှာ အသင့်အတင့်ကောင်းမွန်တဲ့ ဒုတ်ကောက်တစ်ချောင်းရှိတယ်။ အသင့်အတင့်ကောင်းမွန်တဲ့ ဇနီးတစ်ယောက် ရှိတယ်။ အသင့်အတင့်ကောင်းမွန်တဲ့ သားသမီးငါးယောက် ရှိတယ်။ (အဲဒါကို သူက ကံကောင်းတယ်လို့ ထင်မှာပေါ့။) အခုတော့ ခင်ဗျားအဖေဟာ တခါတလေ ကလေးတွေနဲ့ကစား၊ တခါတလေ သီချင်းနားထောင်၊ တခါတလေ ဥပုသ်စောင့်၊ တခါတလေ ခွေးတွေကို လေးခွနဲ့ပစ်၊ တခါတလေ သွေးတိုး၊ များသောအားဖြင့် ပက်လက်ကုလားထိုင် တစ်လုံးမှာ (အဲဒီကုလားထိုင်ကလည်း သူ့လိုခပ်အိုအိုရယ်) ပုတီးတစ်လှည့်၊ ဆေးပေါ့လိပ်တလှည့် လက်ကကိုင်ကာ ထိုင်ရင်း သိန်းထီ မပျက်မကွက်ထိုးကာ မဖြစ်ခဲ့ရတာတွေနဲ့ မဖြစ်နိုင်တာတွေကို စိတ်ကူး လွင့်မျောနေတတ်တဲ့ အရင်ကလိုပဲ စိတ်ကို မထိန်းချုပ်နိုင်သေးတဲ့ အသက် ၇ဝ အရွယ်လူအိုကြီးပေါ့။

ခင်ဗျားအမေကတော့ စစ်ပြီးခေတ်မှာ လူလားမြောက်လာတဲ့ တခြားလူတွေလိုပဲ ရှေ့မရောက် နောက်မရောက်သူ။ စာရေးတတ် ဖတ်တတ်ရုံဆိုတော့ အမြင်ကျဉ်းတယ်။ သားသမီးတွေကို ချစ်ပုံရပေမဲ့ ဆုံးမစကားပြောရာမှာ ကြမ်းတမ်းတယ်။ ပြက္ခဒိန် မျက်နှာဖုံးပုံတွေကို ထရံမှာတုတ်ချောင်းနဲ့ ထိုးကပ်တတ်သူ။ (ခင်ဗျား ခဏခဏ ဆုပ်ဖြဲပစ်ရတယ်။) အိမ်ရှေ့မှာ ချဉ်ပေါင်ပင် စိုက်တတ်သူ။ သတင်းစာက နာရေးကြော်ငြာဖတ်သူ၊ (ခင်ဗျားစိတ်ပျက်တဲ့) သူရဿတီ ကိုးကွယ်သူ။ အသုံးအစွဲ လက်ဖွာပြီး အတန်အသင့်စိတ်မာသူ။ အဲဒီ ခင်ဗျားအမေကတော့ ဆေးလိပ်မသောက်၊ အရက်မသောက်၊ မိန်းမ မယူတဲ့ သိမ်သိမ်မွေ့မွေ့ အမူအရာရှိတယ်လို့ ထင်ရတဲ့ ခင်ဗျားရဲ့ ပါးစပ်က တခါတလေ သင်တုန်းဓားထုတ်တဲ့စက်ရုံလို့ ထင်ရလောက်အောင် ချောက်ချားစရာ အယူအဆတွေနဲ့ စကားလုံးတွေ ထွက်လာတတ်တာကြားရင် နားမလည်နိုင်ဘူးပေါ့။ (အံ့ဩပုံတော့မရပါဘူး) သူ မဖတ်တဲ့ ခင်ဗျားဖတ်နေတဲ့ စာအုပ်စင်ထဲက စာအုပ်တွေကများ သူမွေးထားတဲ့သားကို ဖျက်စီးပစ်လိုက်သလားလို့ သံသယပွားကောင်းပွားမယ်။

ခင်ဗျားရဲ့ညီ ညီမတွေကလည်းဒီလိုပါပဲ။ သူတို့ရှေ့မှာ အဖေနဲ့အမေကို (ဘယ်လိုစကားစပ်တည့် သွားတယ်မသိဘူး) ခင်ဗျားက 'မိဘမေတ္တာဆိုတာလည်း ပုထုဇဉ်မေတ္တာမို့ လောဘ၊ဒေါသ၊မောဟ ဖုံးလွှမ်းနေလို့ မခိုင်မာကြောင်း၊ ဘုရားရှင်ရဲ့ မေတ္တာနဲ့ တစ်တန်းတည်းထားပြီး ပြောဆိုနေကြတာဟာ မှားယွင်းကြောင်း' အလျှော့မပေးတမ်း ပြောနေတာကြားတော့ စိတ်ပျက်ကြတာပေါ့။ မိဘကို စိတ်မကောင်းအောင် ဒီလိုမပြောသင့်ဘူးလို့ သူတို့ထင်မှာပဲ။ သူတို့က ဒီနေရာမှာ ခင်ဗျားထက် ပိုပြီးလိမ္မာတယ်။ သူတို့ဟာ ရိုးသားတယ်။ (ဆေးလိပ်တောင်မှ ဘယ်သူမှ မသောက်တတ်ကြဘူး) မရိုင်းပျတဲ့ ပညာတတ်တွေ ဆိုပါတော့။ သဘာဝသိပ်မကျတဲ့ (ဘဝမှာ တကယ်အသုံးမဝင်တဲ့) အများသုံးခေတ်မီ အယူအဆတွေ လည်းရှိကြတယ်။ အရာရာကို သူများကြည့်မြင်သလို ကြည့်မြင်ပြီး သူများပြောဆိုသလိုလည်း ပြောဆိုတတ်ကြတယ်။ (အဲဒီလို နေထိုင်တာက လောကမှာ အန္တရာယ်လည်းကင်း၊ လွယ်လည်းလွယ်တာကိုး) ခင်ဗျားကတော့ သဘောမကျဘူး။ သူတို့ကို လွတ်လပ်စွာ တွေးခေါ်စေချင်တယ်။ သဘာဝကျတဲ့ ဆင်ခြင် ဉာဏ်မျိုး ရှိစေချင်တယ်။ ဒါကြောင့်လည်း လိုအပ်ရင်သူတို့နဲ့ အတိုက်အခံပြောတာပဲ။ သူတို့ကလည်း သူတို့အစ်ကိုကြီးအပေါ် မျိုးမတူတဲ့ အိမ်မွေးသတ္တဝါ တစ်ကောင်လို သဘောထားတဲ့အခါလည်း ရှိမှာပေါ့။ တခါတလေလည်း ခင်ဗျားအတွက် ဂုဏ်ယူချင်ယူကြမယ်။ သေချာတာတစ်ခုတော့ရှိတယ်။ အဲဒါ ခင်ဗျားကို နားမလည်ဘူးဆိုတာပဲ။

ခင်ဗျား မိတ်ဆွေဆိုတဲ့လူတွေ ကလည်း ဘာထူးလဲ။တစ်ယောက်ကဆို ဒီလူဟာ 'သမ္မကျမ်းစာရယ်၊ ကင်းမလက်မည်းရယ်၊ မိုးတိမ်ရယ် ရောမွေထားတဲ့လူပဲ' လို့ပြောခဲ့တာပဲ။ ခင်ဗျားကတော့ပြုံးမယ်။ ခင်ဗျားရဲ့ အဘိဓာန်မှာ မိတ်ဆွေဆိုတဲ့ အနက်ကိုဖွင့်ရင် အကူအညီတောင်းတဲ့သူ လို့ပဲ အဓိပ္ပါယ် ရတယ်မဟုတ်လား။ လမ်းစရိတ်တဲ့။ ဆေးဖိုးဝါးခတဲ့။ ထမင်းဖိုးတဲ့။ အဲဒီအထဲမှာ အဆိုးဆုံးက တန်ဖိုးဖြတ်ရခက်တဲ့ အချိန်နဲ့ အကျိုးအကြာင်းမဲ့တရားတွေ ရောပါသွား တတ်တာပဲ။

ခင်ဗျားက သဘာဝကျတယ်ဆိုရင် ကိုယ့်ခေါင်းကို ဖြတ်ပေးလိုက်ဖို့ ဝန်မလေးတဲ့သူ။ အဲ... သဘာဝမကျဘူး ဆိုရင်တော့ ကိုယ့်ဘွားအေကိုတောင် ယပ်ခက်ပေးဖို့ ငြင်းမယ့်သူ။ လူတစ်ယောက်ရဲ့ ဘဝမှာ တာဝန်တွေက အများသား။ ကိုယ်ခန္ဓာထဲကို ဝင်လာနိုင်တဲ့ နှာစေးချောင်းဆိုး ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ကအစ ကမ္ဘာမြေကြီးရဲ့ ပြင်ပလေထုအလွှာဖြစ်တဲ့ အိုဇုန်းလွှာပျက်စီးမှာကို ကာကွယ်နေကြရတယ်မဟုတ်လား။ ဒီအထဲမှာ ကိုယ့်ဘဝကိုတောင် တာဝန်မယူနိုင်တဲ့လူတွေက ခပ်မြင့်မြင့် အကြောလျှော့တဲ့ အလုပ် (အနုပညာကို တာဝန်မဲ့ခွင့် လိုင်စင်တစ်ခုလို ကိုင်စွဲနေတာတော့ ခွင့်လွှတ်စရာ မရှိဘူး။ လူတိုင်းဟာ ခင်ဗျား အလုပ်လုပ်သလို လုပ်နိုင်ပါတယ်။ ဥပမာ- ခပ်ပေါပေါ ဝတ္ထုတွေကိုရေး၊ ရောင်းစားတာမျိုး။ ကြောက်လန့် မသွားပါနဲ့။ အဲဒါဟာ စာပေ မဟုတ်ပါဘူး။ ဖျာရက်ရောင်းသလို၊ တံမြက်စည်း လုပ်ရောင်းသလိုပေါ့။ တစ်ခါက ခင်ဗျားပြောသလိုပေါ့။ (တရေးနိုးထ ဘယ်ဘက်ခြေမကို မင်တို့ပြီး နောက်ပြန် ရေးရင်တောင် ဖြစ်တဲ့ စာအုပ်မျိုးတွေလေ) ဒါမှမဟုတ် ခင်ဗျားလုပ်သလို မလုပ်ဘဲလည်း နေနိုင်ပါတယ်။ ဘယ်လိုဘဲနေနေ ကိုယ့်ဘဝကိုတာဝန်ယူရဲတဲ့ သတ္တိတော့ ရှိဖို့ လိုတာပေါ့။ မြို့မငြိမ်းရဲ့ သတ္တိမျိုးလောက်မှ မရှိရင် ကြီးကြီးကျယ်ကျယ် မပြောကြပါနဲ့။

ခင်ဗျားက 'အနုပညာဆိုတာ တံတွေးထွေးတိုင်းတောင် ပါသွားတတ်တဲ့အရာလို့ ထင်တဲ့သူ မဟုတ်လား။ အဲဒီလူတွေ စာမရေးခင် အရင်ဆုံး သူတို့ ဦးနှောက်တွေကို တံတောင်ဆစ်ရောက်အောင် ခွဲစိပ်ကုသပေးဖို့ လိုတယ်။' လို့ပြောတတ်တယ်။ တခြားသူ တော်တော်များများကို သနားတတ်သူ။ အနုပညာသမားဆိုတာ ယိမ်းသမလည်းမဟုတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်လည်း မဟုတ်လို့ ညီညွတ်စရာ မလိုဘူးလို့ ပြောတတ်သူ၊ တော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကို ခပ်ညံ့ညံ့လို့ သတ်မှတ်သူ၊ ကွန်မြူနစ်ပါတီ ဝင်ဖူးတာနဲ့ ဘောလုံးကန်ဖူးတာကြောင့် ကမူးရဲ့ဝတ္ထုတွေဟာ ဖတ်စရာမလိုဟု မှတ်ချက်ချသူ။ ဗစ်တိုးရီးယား ဒီစီကား ကို အီတလီသုခလို့ လှောင်တတ်သူ။ မြန်မာပြည်က ပန်းချီပြခန်းတွေထက် နိုင်ငံခြားဖြစ် ရှပ်အင်္ကျီရောင်းတဲ့ ဆိုင်တွေကို ပိုမိုတွယ်တာသူ (အဲဒီဆိုင်ကလေးတွေက ဒီဇိုင်းတွေကအာရုံကို ပိုလတ်ဆတ်စေတယ်။) စာပေလောကမှာ ဆရာခေါ်စရာ မထားသူ။ ယုံကြည်မှုအတွက် တစ်ကမ္ဘာလုံးကို ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ ဝန်မလေးသူ။ ခင်ဗျားက ဘဝရဲ့ လေကွယ်ရာအရပ်မှာ တစ်သက်လုံး (ခင်ဗျားအဖေလို၊ ပြီးတော့ တခြားသူတွေလို) ကျောက်ချကပ်ခိုချင်တဲ့ သူမှမဟုတ်ပဲ။ ပင်လယ်ပြင်ကျယ်သမျှ ရွက်လွှင့်ပြီး ကျွန်းအသစ်ရှာချင်တဲ့သူ။ ခင်ဗျားဟာ ငယ်ငယ်ကတည်းက ကျောင်းလေ့ကျင့်ခန်း စာအုပ်တွေကို ကဗျာရေးပစ်တယ်။ အတန်းထဲမှာ ဆရာနဲ့ ရန်ဖြစ်တယ်။ ကျောင်းပြေးတယ်။ အိမ်ကလည်း ပြေးတယ်။ ပန်းချီဆွဲတယ်။ စစ်တုရင် ကစားတယ်။လ္ဘက်ရည်ဆိုင်နဲ့ ရုပ်ရှပ်ရုံမှာ အချိန်ကုန်တယ်။ အားလုံးကို သရော်တော်တော် စကားပြောတယ်။ အယူအဆကလည်း နေရာတကာမှာ ကန့်လန့်လို့ ဆိုရမယ်။ (လူအများစုနဲ့ ဘယ်တော့မှ သဘောထားချင်းမတိုက်ဆိုင်ဘူး) ခင်ဗျားဟာ ဒုစရိုက်မှာ ပျော်မွေ့တဲ့ မိုက်ကန်းပေါ့သွမ်းသူ မဟုတ်ဘူး။ ဒါပေမဲ့ ပုံစံကိုက် လိမ္မာသိမ်မွေ့သူတော့လည်း မဟုတ်ပြန်ဘူး။ (သဘာဝတရားအတိုင်း ဖြစ်ပေါ်နေတဲ့ ချွှန်တက်တဲ့ ကျောက်စောင်းနဲ့ တူမလားပဲ) ဘာပဲဖြစ်ဖြစ် ခင်ဗျားကတော့ အရာရာ (အစဉ်အလာ ဖြစ်ထွန်းနေတာ) ကို သဘောမတွေ့တဲ့သူ။ အသက် လေးဆယ်ကျော်စမှာပဲ တစ်လောကလုံးကို သမ်းဝေစရာလို့ မြင်တတ်သူ။ ခင်ဗျားအဖေနဲ့လည်း မတူတဲ့သူ။ ခင်ဗျားအမေနဲ့လည်း မတူတဲ့သူ။ တခြား ဘယ်သူနဲ့မှလည်း မတူတဲ့သူကိုး။ မှန်ထဲမှာ နှုတ်ခမ်းလေးတွန့်ရုံ ခင်ဗျားပြုံးနေတာ မြင်ရတယ်။ ဗြဟ္မာကြီးတစ်ယောက်တောင် ခင်ဗျားရှေ့မှာ ရှက်ပြီး လဲသေသွားနိုင်တဲ့ အပြုံးမျိုးနဲ့ပေါ့။ ။

သစ္စာနီ (ရုပ်ရှင်တေးကဗျာ-၁၉၉ဝ)

ရှုခင်းများ- ၇


ငါ
ရင်ခုန်ခဲ့ဖူးတယ်။
ဟောဒီမှာ…
တိုက်တာတွေ ပိုကြီးလာတယ်
လူတွေ ပိုသေးလာတယ်
မော်တော်ကားတွေ ပိုများလာတယ်
သစ်ပင်တွေ ပိုရှားလာတယ်
ဆိုင်ဘုတ်တွေ ပိုပေါလာတယ်
တံတွေးတွေ ပိုပေါလာတယ်
ရန်ကုန်…
သွေးဆုံးတာ ကြာပြီ။

သစ္စာနီ (နာမ်၊ ကဗျာစာအုပ်)



သူငယ်ချင်း ချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ၊ ပြဇတ်မင်းသား၊ ပုံပြောသူ စတာတွေ ကိုဖတ်ရှုပြီး အားကျတဲ့စိတ်နဲ့  “ရှုခင်းများ” ကိုရေးဖွဲ့ ဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲဒီထဲက တချို့ပါပဲ။ အာရုံငါးပါးအပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဋ္ဌမအာရုံကို အားပြုပြီး ရေးဖွဲ့ ထားပါတယ်။ ခင်ဗျားတို့  ကျွန်တော်တို့ ကိုယ်တိုင် ရှုခင်းများဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ။ ။
သစ္စာနီ
ဇန်နဝါရီ၊ ၂၀၀၉

ကံရုပ်သေး


(၁)
ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘဝ၌ အကောင်းအဆိုးနှင့် ကြုံကြလေတိုင်း၊ “ကံစီမံရာ ခံရတာပဲ” ဟု ပြောဆိုလေ့ ရှိကြပါသည်။ ထို့ကြောင့် ဘာသာခြားများသာမက ဗုဒ္ဓဘာသာဝင်ဆိုသူ တချို့ ကိုယ်တိုင်ပင် ဗုဒ္ဓဝါဒကို ကမ္မဝါဒဟု လွဲမှားစွာ ထင်မြင်ယူဆ နေကြကြောင်း ထင်ရှားပါသည်။ ထိုအယူအဆမှာ တက်တက်စင်အောင် လွဲမှားနေပါသည်။ ဗုဒ္ဓဝါဒကား အရာရာကို စီစစ် ဝေဖန်ပိုင်းခြား လက်ခံသော ဉာဏ်ကို ဦးထိပ်ထားသည့် ဝိဘဇ္ဖဝဒသာ ဖြစ်ပေသည်။

ကံစီမံရာ ခံနေသရွေ့ ကျွန်တော်တို့သည် သုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်စရာလမ်း မမြင်ပါ။ ဉာဏ်စီမံမှသာ၊ ဤ သုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်ပါမည်။ ထိုဉာဏ်ကား မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ပါသည်။ လောကတွင် လူတို့ ကြီးပွားချမ်းသာခြင်း၊ နိမ့်ကျနွမ်းပါးခြင်းဆိုသော အကျိုးစီးပွားဟူသမျှမှာ ကံနှင့် စပ်ဆိုင်သော ကိစ္စများ ဖြစ်လေသည်။ လောကတွင် ကံကောင်းသော ကြောင့် ဗြဟ္မာမင်းစည်းစိမ်၊ စကြဝတေးမင်းစည်းစိမ်ကို ရနိုင်သည် မှန်သော်လည်း ကံကောင်းသောကြောင့် တစ်မဂ် တစ်ဖိုလ်ရခဲ့ သည်ဟူသည် လူမူ မရှိနိုင်ပါချေ။ မဂ်ဖိုလ်ကိစ္စကား ဉာဏ်နဲ့သာ လုံးဝ စပ်ဆိုင်သော ကိစ္စဖြစ်လေသည်။


(၂)
လောကတွင် “ငါးပါးမှောက်သည်” ဆိုသော စကားရှိ၏။ ငါးပါးမှောက်သည် ဆိုခြင်းမှာ “ ငါးပေါက်မှား” ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဟူသော ဒွါရ ငါးပေါက်မှ ထိတွေ့သမျှ အာရုံ (မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယား နာ ကောင်းစိတ်) များကို သတိဖြင့် မဆင်ခြင်ဘဲ အာရုံနောက်ကို ကောက်ကောက်ပါအောင် လိုက်စားမိမှားပါက သံသရာဝဋ်ဆင်းရဲမှ လွတ်လမ်းမြင်ဖွယ်ရာ မရှိပါချေ၊ မိုးကုတ်ဆရာတော် ဘုရားကြီးက သတိဖြင့် စောင့်ကြည့်အပ်သော အပြင်ဧည့်သည် ငါးယောက်ဟု ညွှန်ပြတော်မူခဲ့ပါသည်။

တချို့က “ ကျုပ်တို့ ဝိပဿနာတရား အားထုတ်ဖို့ ပါရမီ မပါဘူးဗျာ” ဟု ဆိုကြပါသည်။ ထိုတရားကို အားထုတ်ရန် မည်သည့် ပါမစ်မှ တစ်စုံတစ်ရာ မလိုပါ။ ပါရမီဆိုသည်မှာ ဘုရားရှင် ပစ္စေကဗုဒ္ဓါ၊ လက်ဝဲရံ၊ လကျာင်္ရံ အဂ္ဂသာဝကတို့အတွက်သာ လိုသော အရာ ဖြစ်ပါ၏။ တစ်မဂ် တစ်ဖိုလ် ရဖို့ရာ ပါရမီ မလိုပါ။ အားထုတ်ချင်စိတ် ရှိဖို့သာ လိုပါသည်။ တချို့က ရိပ်သာတွေသွားဖို့ အချိန်မရှိသေး ပါဘူးဟု ဆင်ခြေပေးကြပါသည်။ ရှုတတ်လျှင် အာရုံတိုင်းသည် ဝိပဿနာဖြစ်၍ နေရာတိုင်းသည်လည်း ကမ္မဋ္ဌာန်း (ရိပ်သာ) ပင်ဖြစ် ပါသည်။


(၃)
ကျမ်းဂန်များတွင် ကမ္မဋ္ဌာန်းလေးဆယ်ဟု ပြဆိုထားသော်လည်း ယေဘုယျအားဖြင့် ခွဲခြားလျှင် (၁)ဘူတရုပ်ကို ရှုခြင်း (အဇ္ဈတ္တကို ရှုသောနည်း) နှင့် (၂) ဥပါဒါန်ကို ရှုခြင်း (ဗဟိဒ္ဓိကို ရှုသောနည်း) ဟူ၍ နှစ်မျိုးသာ ရှိပါသည်။

ပထမနည်းမှာ မြန်မာနိုင်ငံတွင် ဝိပဿနာမျိုးစေ့ကို ဦးစွာ ချတော်မူတော်မူခဲ့သော လယ်တီဆရာတော်ဘုရားကြီး၏ နည်း ဖြစ်ပါသည်။ အနာဂါမ်ဆရာသက်ကြီးမှ တစ်ဆင့် ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်၊ ဆရာကြီး ဦးဘခင်နှင့် မစ္စတာဂိုအင်ကာတို့အထိ ဆက်လက် ပြန့်ပွားနေသော နည်းဖြစ်ပါသည်။ ဘူတရုပ်ဟုခေါ်သော ဓာတ်လေးပါးကို ရှုပါသည်။

ဒုတိယနည်းမှာ မူလမင်းကွန်းဆရာတော်ဘုရားကြီး၏ နည်း ဖြစ်ပါသည်။ ယခုပြန့်ပွားတွင်ကျယ်နေသော မဟာစည်ဆရာတော် ဘုရားကြီး၏ နည်းလည်း ဖြစ်ပါသည်။ ဥပါဒါန်ရုပ်ဆိုသော အာရုံခြောက်ပါး ဗဟိဒ္ဓိသဏ္ဍန်ကို ရှုရပါသည်။ နောက်တစ်နည်း ခွဲခြမ်း စိတ်ဖြာရလျှင် - (၁) ရုပ်ကို ရှုသော ရုပ်ကမ္မဋ္ဌာန်း(၂) နာမ်ကို ရှုသော နာမ်ကမ္မဋ္ဌာန်း နှင့်(၃) ရုပ် နာမ်နှစ်ခုစလုံးကို တွဲရှုသော မိဿ ကမ္မဋ္ဌာန်း ဟူ၍ သုံးမျိုး ဖြစ်ပါသည်။ ရုပ်ကမ္မဋ္ဌာန်းကား အာနာပါန အပါအဝင်၊ ကာယနုပဿနာလုပ်ငန်း လေးမျိုးကို ဆိုလိုပါသည်။ အရှုရ အလွယ်ဆုံးဟု ဆိုနိုင်ပါသည်။ နာမ်ကမ္မဋ္ဌာန်းကား စိတ္တာနုပဿနာ နှင့် ဝေဒနာနုပဿနာ လုပ်ငန်းနှစ်မျိုးဖြစ်ကာ ရှုရန် အတန်ငယ် ခက်ခဲပါသည်။ ရုပ်၊ နာမ် ကမ္မဋ္ဌာန်းကား ဓမ္မာနုပဿနာ လုပ်ငန်း ဖြစ်ပါသည်။ အခက်ခဲဆုံးဖြစ်သဖြင့် ယခုအခါ အားထုတ်သူ နည်းလွန်းကာ ပျောက်ကွယ်လုမတတ် ဖြစ်နေပါသည်။

ဝိပဿနာအားထုတ်နည်းများ မည်မျှပင် ကွဲပြားသော်လည်း သတိပဋ္ဌာန် တရားလေးပါးမှ လွတ်ကင်းသော နည်းဟူ၍ မရှိပါ။ သဒ္ဓါလွန်လျှင် လွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်။ ဝီရိယလွန်လျှင် ပျံ့သည်။ သမာဓိလွန်လျှင် တွန့်သည်ဟု ဆိုရိုးစကား ရှိပါသည်။ သတိဟူသည်ကား လွန်သည် ဟူ၍ မရှိပါ။

သစ္စာနီ (သန္တရသလွင်ပြင်နှင့် ဗုဒ္ဓဝင်မှတ်တမ်း)

အမည်မဲ့ (၅)


လာနေကျလမ်းကို
နွားနို့သမားလိုပဲ
နေရောင်ခြည်ကလည်း ငြီးငွေ့တယ်တဲ့
တချို့ကလည်း နေရောင်ခြည်ကို ငြီးငွေ့သတဲ့။

မြင်နေကျလေတွေ စီးစင်းလို့
ပြောနေကျ စကားလုံးနဲ့ ပန်းတွေ
ရနံ့မပြောင်းတဲ့ နာရီတွေ
အင်္ကျီအဟောင်းနဲ့ မြစ်တွေ
အိပ်မက်ကတောင် မနေ့တစ်နေ့က အရောင်နဲ့။

မနက်စာ၊ နှာစေးချောင်းဆိုး
မိတ္တဗလဋီကာ၊ ကုန်ပစ္စည်းကြောငြာ
အစီအစဉ်ကြေငြာသူနဲ့ တနင်္လာနေ့
ငြီးငွေ့မှုဟာ ...
မွန်းတည့်နေပါပြီ။

ကောင်းကင်ကြီးအား ခုခံဖို့
ကျွန်ုပ်တို့ ထီးများဖွင့်ကြစို့။

သစ္စာနီ (စက်တင်ဘာ – ၁၉၉၆)

အမည်မဲ့ (၄)


ရေခဲသေတ္တာတစ်လုံးထဲမှာ...
နို့စားနွားမတစ်ကောင်ရယ်
(အရှင်လတ်လတ်)
ပင်မှည့်သီးတွေနဲ့ လိမ္မော်ပင်တစ်ပင်ရယ်
(အရှင်လတ်လတ်)
ဘယ်သူမှ မဖတ်ရသေးတဲ့ ကဗျာတွေရယ်
(သေဆုံးပြီးသား)
ရှိတယ်။

စာပွဲ ခုံတလုံးမှာ
ဘာမှ ထည့်မထားတဲ့ ဖန်ခွက်တချို့ရယ်
(အရှင်လတ်လတ်)
ဘာမှ ထည့်မထားတဲ့ ပန်းကန်တချို့ရယ်
(အရှင်လတ်လတ်)
ဘာမှ မထည့်မထားတဲ့ လူတချို့ရယ်
(သေဆုံးပြီးသား)
ရှိတယ်။

ဒီလိုနဲ့
ကမ္ဘာပေါ်မှာ
ပါးစပ်မပါတဲ့ ညစာစားပွဲတွေရယ်
ညစာစားပွဲ မပါတဲ့ ပါးစပ်တွေရယ်
ဖြစ်ပေါ်လာခဲ့တော့တယ်။

သစ္စာနီ (ရွှေဝတ်ရည် ၁ – သြဂုတ်၊ ၁၉၉၆)